လုံခြုံရေးစံမရှိတဲ့ သင်္ဘောတွေပေါ်က မြန်မာသင်္ဘောသားတွေရဲ့ အသက်အန္တရာယ်

ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်းရန်ကုန်
၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း ပြည်ပကုန်တင်သင်္ဘောတွေပေါ်မှာ လိုက်ပါလုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသားတွေ သေဆုံးမှုနဲ့ ပျောက်ဆုံးမှုဖြစ်စဥ်တွေ ရှိလာနေပါတယ်။
ဘီဘီစီက စုဆောင်းထားတဲ့ အချက်အလက်တွေအရ အခုနှစ် ပထမ ၅ လအတွင်း မြန်မာသင်္ဘောသား ၇ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေပါတယ်။ သေဆုံးခဲ့သူတွေဟာ အင်ဒိုနီးရှား၊ တရုတ်နဲ့ မလေးရှား ပင်လယ်ပြင်တွေမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေပေါ်မှာ လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
အနီးကပ်ဆုံးဖြစ်စဉ်ကတော့ မေလ ၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာရီတိုဂွါလာ ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ ကုန်တင်သင်္ဘောတစ်စီးပေါ်မှာ မြန်မာကပ္ပတိန်တစ်ဦးအပါအဝင် သင်္ဘောသား ၄ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ သေဆုံးသူတွေထဲမှာ မြန်မာကပ္ပတိန်အပါအဝင် မြန်မာသင်္ဘောသား ၃ ဦးနဲ့ အိန္ဒိယသင်္ဘောသား ၁ ဦး ပါဝင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်တောင်ပိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသက် ၃၄ နှစ်အရွယ် မြန်မာကပ္ပတိန်ဟာ သင်္ဘောပေါ်က အလုံပိတ်ခန်း (enclosed space) တစ်ခုကို စစ်ဆေးဖို့ သင်္ဘောဝမ်းအဖုံးဖွင့်ရာကနေ အဆိပ်ဓာတ်ငွေ့ရှူမိပြီး မူးလဲကာ အတွင်းထဲ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
သူ့ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာသင်္ဘောသား ၂ ဦးနဲ့ အိန္ဒိယသင်္ဘောသား ၁ ဦးတို့ဟာလည်း အလားတူ အဆိပ်ဓာတ်ငွေ့ရှူမိပြီး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တချိန်တည်းမှာပဲ သင်္ဘောဝမ်းထဲကို ရေဝင်နေတာကြောင့် သင်္ဘောဟာ တစ်ခြမ်းစောင်းဖြစ်နေတဲ့ အနေအထားလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ အဲဒီအလုံပိတ်အခန်းထဲမှာ အောက်ဆီဂျင် မရှိသလောက် နည်းပါးနေသလို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့သိပ်သည်းဆ မြင့်မားနေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သင်္ဘောဟာ အင်ဒိုနီးရှားက ဘာရီတိုဂွါလာပင်လယ်ပြင်မှာ ပြုပြင်မှုတွေလုပ်ဖို့ ကမ်းကပ်ထားတဲ့ အင်ဒိုနီးရှား ကမ်းရိုးတန်းသင်္ဘောလို့ အင်ဒိုနီးရှားနိုင်ငံက ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်မတိုင်ခင် မေလ ပထမပတ်အတွင်းမှာပဲ ဟောင်ကောင်အလံတင် MV GUO QIANG 8 ကုန်တင်သင်္ဘောပေါ်မှာလည်း မြန်မာသင်္ဘောသား ၂ ဦး သေဆုံးမှုဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
မြန်မာသင်္ဘောသားအသိုင်းအဝိုင်းကတော့ သူတို့ ၂ ဦးဟာလည်း လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်စက်ခန်းထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ရတာလို့ ပြောကြသလို အင်္ဂလိပ်ဘာသာထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာ The Global New Light of Myanmar ကလည်း မေလ ၁၉ ရက်မှာ သတင်းဖော်ပြပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း စင်ကာပူနိုင်ငံမှတ်ပုံတင်ထားတဲ့သင်္ဘောတစ်စင်း တရုတ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ခဲ့တဲ့ မြန်မာသင်္ဘော နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) ထုတ်ပြန်ချက်ကို ကိုးကားပြီး The Straits Times စင်ကာပူသတင်းစာမှာ ဖော်ပြချက်အရ သင်္ဘောအင်ဂျင်ခန်းကနေ စတင်မီးလောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာသင်္ဘောသားအသိုင်းအဝိုင်းကတော့ သင်္ဘောပေါ်က အလုံပိတ်နေရာတွေက သေဆုံးမှုဖြစ်စဥ်တွေဟာ သင်္ဘောပေါ် လုံခြုံရေးလုပ်ငန်းစဉ်တွေအားနည်းမှုနဲ့ ဆက်စပ်နေတယ်လို့ ရှုမြင်ကြပါတယ်။
ဒါ့အပြင် အလုံပိတ်နေရာတွေမှာဖြစ်တဲ့သေဆုံးမှုတွေဟာ ကုန်တင်သင်္ဘောတွေပေါ်မှာ မကြာခဏဖြစ်လေ့ရှိတဲ့ အန္တရာယ်ကြီးတစ်ခုလို့ ပြောကြပါတယ်။
လုံခြုံရေးပိုင်းအားနည်းတဲ့ ကုန်တင်သင်္ဘောတွေ

ဓာတ်ပုံ ရင်းမြစ်, အင်ဒိုနီးရှားရဲတပ်ဖွဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၁၉၉၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ သင်္ဘောပေါ် အလုံပိတ်နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှု ၂၃၃ ခုအတွင်း သင်္ဘောသား ၃၅၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း (IMO) ကို တင်ပြထားတဲ့ Inter Manager အဖွဲ့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
IMO ကတော့ ဒီလိုသေဆုံးမှုတွေဟာ သင်္ဘောပေါ်က ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုလျစ်လျူရှု အလျင်စလိုလုပ်ဆောင်တာ၊ အထက်အရာရှိတွေရဲ့ ဖိအားကြောင့် လုံခြုံရေးစည်းမျဉ်းတွေ လျော့ရဲတာတွေနဲ့ ဆက်စပ်နေတယ်လို့ သတိပေးထားပါတယ်။
IMO ရဲ့ သတ်မှတ်ချက်တွေအရ အလုံပိတ်ခန်းထဲ မဝင်ခင်မှာ လုပ်ဆောင်ရမယ့်အချက်တွေရှိနေပါတယ်။
- အောက်ဆီဂျင်ပမာဏ လုံလောက်မှုရှိ၊ မရှိ စစ်ဆေးတာ
- အဆိပ်ဓာတ်ငွေ့နဲ့ မီးလောင်ပေါက်ကွဲစေနိုင်တဲ့ ဓာတ်ငွေ့တွေ ရှိ၊ မရှိ စမ်းသပ်တာ
- လေဝင်လေထွက်ကောင်းအောင် စနစ်တကျ လေသန့်ပို့ပေးတာ
- ကယ်ဆယ်ရေးအဖွဲ့ standby ထားတာ
- အသက်ကယ်ကိရိယာတွေ အသင့်ပြင်ထားတာစတဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေကို မဖြစ်မနေ လိုက်နာရပါတယ်။
သင်္ဘောလိုက်သက် နှစ်ဆယ်ကျော်ရှိတဲ့ ဝါရင့်မြန်မာသင်္ဘောသားတစ်ဦးကတော့ ဒီလိုသေဆုံးမှုတွေအတွက် သင်္ဘောပေါ်က ကပ္ပတိန်နဲ့ အရာရှိပိုင်းမှာ တာဝန်အများဆုံးရှိတယ်လို့ ပြောပါတယ်။
"အလုံပိတ်နေရာထဲ မဝင်ခင် စစ်ဆေးမှုလုပ်ရမယ့် အဆင့်တွေကို ပေါ့လျော့တာ၊ အလေးမထားတာတွေကြောင့် လူသေတဲ့အထိ ဖြစ်သွားတာ" လို့ သူက ဆိုပါတယ်။
နိုင်ငံတကာ ကုန်တင်သင်္ဘောကြီးတွေမှာလည်း အလုံပိတ်နေရာတွေအတွင်း သေဆုံးမှုတွေ ဆက်ရှိနေဆဲဖြစ်ပေမယ့် ဒီလိုဖြစ်စဉ်မျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကမ်းရိုးတန်းတလျှောက်မှာပဲ ကုန်တင်ပြေးဆွဲတဲ့ သင်္ဘောလိုင်းအသေးတွေမှာ ပိုတွေ့ရများတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာရေကြောင်းအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အမည်မဖော်လိုတဲ့ အဲဒီရေကြောင်းအရာရှိက ပင်လယ်ပြင်ထဲ မှာ သေဆုံးထိခိုက်တာ ဒါမှမဟုတ် သင်္ဘောကုမ္ပဏီတွေနဲ့ ပြဿနာကြုံရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေအတွက် ကြားဝင်ကူညီပေးလေ့ရှိသူဖြစ်ပါတယ်။
သူကူညီပေးခဲ့တဲ့ဖြစ်စဥ်တွေ အရ ကုန်တင်ပြေးဆွဲတဲ့သင်္ဘောလိုင်းအသေးတွေမှာ ဒီလိုလုံခြုံရေးစနစ်တကျမှုနဲ့ လူသေဆုံးမှုတွေ ပိုအတွေ့ရများတယ်လို့ သူက ဆိုပါတယ်။
သင်္ဘောလိုင်းအသေးတွေဟာ နိုင်ငံတကာပင်လယ်ပြင်ကို ကူးသန်းသွားလာရတာမျိုးမဟုတ်ဘဲ ကန့်သတ်ထားတဲ့ ဒေသတွင်းက ရေပိုင်နက်ထဲမှာပဲ ခေါက်တုံ့ခေါက်ပြန်သွားရတာဖြစ်ပါတယ်။
ဒါကြောင့် သင်္ဘောလိုင်းအသေးတွေရဲ့ သင်္ဘောပိုင်ရှင်တွေဘက်က လုပ်ခလစာလျှော့ပေးတာမျိုးတွေလုပ်သလို လုံခြုံရေးအပိုင်းမှာလည်း အန္တရာယ်ကင်းအောင်လုပ်ဆောင်ထားမှုမရှိကြဘူးလို့ သူက မှတ်ချက်ပြုပါတယ်။
သူ့အဆိုအရ ကမ်းရိုးတန်းသင်္ဘောလိုင်းအသေးတွေမှာ စရိတ်လျှော့ချဖို့ လုံခြုံရေးစနစ်တွေကို အလေးမထားတာ၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ စစ်ဆေးရေးကိရိယာတွေ မလုံလောက်တာ၊ သင်္ဘောသားတွေကို enclosed space အန္တရာယ်နဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့ကျင့်မှုမပေးတာမျိုးတွေ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ ကိုရီးယားသင်္ဘောလိုင်းတွေမှာ နှစ်နဲ့ချီ လိုက်ပါခဲ့ဖူးတဲ့ မြန်မာသင်္ဘောသားတစ်ဦးကလည်း ကမ်းရိုးတန်းကုန်တင်သင်္ဘောတွေမှာ လုံခြုံရေးပိုင်း ကြီးကြပ်မှုတွေ အားနည်းတယ်လို့ ပြောပါတယ်။
"သင်္ဘောပေါ်မှာ ထားတဲ့ မီးသတ်ဆေးဘူးတောင် အစစ်နဲ့ ဟန်ပြအတု ရောထားတာတွေရှိတယ်။ စရိတ်လျှော့ချတာပေါ့" လို့ သူက ဆိုပါတယ်။
အလုံပိတ်နေရာတွေထဲ ဝင်ရတဲ့အခါမှာလည်း "အခုဖွင့် အခုဝင်" ဆိုပြီး ကြိုတင်စစ်ဆေးချိန်မပေးတာမျိုးတွေ ရှိတယ်လို့ သူက သူ့အတွေ့အကြုံအရ သိခဲ့ရတာကို ပြန်ပြောပါတယ်။
"မဝင်ခင် စစ်ဆေးရမယ့်အချက်တွေကို လုပ်ခွင့်မပေးတာက လူ့အသက်ကို စတေးလိုက်တာပဲ" လို့ သူက ဆိုပါတယ်။
စစ်မှုထမ်းဥပဒေရဲ့သက်ရောက်မှု

ဓာတ်ပုံ ရင်းမြစ်, အင်ဒိုနီးရှားရဲတပ်ဖွဲ့
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်နဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာတော့ သင်္ဘောသားအလုပ်ကို ရွေးချယ်လာတဲ့ လူငယ်တွေ ပိုများလာတယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းက ပြောပါတယ်။
ပြည်ပထွက်ခွာနိုင်ဖို့နဲ့ စစ်မှုထမ်းရှောင်နိုင်ဖို့ သင်္ဘောတက်ဖို့ အလျင်စလို ကြိုးစားလာကြတာကြောင့် သင်္ဘောလိုင်းတွေရဲ့ လုံခြုံရေးအခြေအနေတွေကို ကိုယ်တိုင်စိစစ်နိုင်မှု အားနည်းလာတယ်လို့ ဆိုပါတယ်။
မြန်မာရေကြောင်းအရာရှိတစ်ဦးကတော့ လူငယ်တချို့ဟာ တရားမဝင်အကျိုးဆောင်တွေကတစ်ဆင့် အသက်အာမခံနဲ့ အလုပ်စာချုပ် အာမခံချက်မရှိတဲ့ ကမ်းရိုးတန်းကုန်တင်သင်္ဘောတွေပေါ် ရောက်သွားကြတာများတယ်လို့ ပြောပါတယ်။
"တရားဝင်လမ်းကြောင်းနဲ့ မသွားထားရင် သင်္ဘောပေါ်မှာ သေဆုံးမှု ဒါမှမဟုတ် ထိခိုက်မှုဖြစ်လာတဲ့အခါ လျော်ကြေးရဖို့ အရမ်းခက်သွားတယ်" လို့ သူက သတိပေးပါတယ်။
မြန်မာသင်္ဘောသား ကိုနေသူအောင် ပျောက်ဆုံးနေမှု

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မလေးရှားပင်လယ်ပြင်မှာ မေလ ၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာသင်္ဘောသား ကိုနေသူအောင်ရဲ့ မိသားစုကလည်း လက်ရှိအချိန်အထိ သတင်းအချက်အလက် တိတိကျကျ မရသေးဘူးလို့ ပြောပါတယ်။
ကိုနေသူအောင်ဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ထွက်ခွာတဲ့ MCC Yangon သင်္ဘောပေါ်မှာ Able Seaman အဖြစ် လိုက်ပါသွားတာဖြစ်ပြီး မေ ၅ ရက် ညပိုင်းမှာ အွန်လိုင်းပေါ် နောက်ဆုံးတွေ့ခဲ့ရတယ်လို့ သူ့ရဲ့ အစ်ကိုက ပြောပါတယ်။
"မေလ ၆ ရက်နေ့ မနက်ကတည်းက သင်္ဘောပေါ်မှာ မတွေ့တော့ဘူးဆိုတာ သိရတာ။ အခုထိ ဘာဖြစ်တယ်ဆိုတာ သေချာမသိရသေးဘူး" လို့ အစ်ကိုဖြစ်သူ က ဆိုပါတယ်။
ကိုနေသူအောင်ရဲ့ မိသားစုက ရန်ကုန်မြို့က သင်္ဘောကုမ္ပဏီဘက်ကို သင်္ဘောသားခန့်အပ်ရေးစာချုပ် မိတ္တူတောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှုမရသေးဘူးလို့ ပြောပါတယ်။
တစ်ဖက်မှာလည်း အင်ဒိုနီးရှားသင်္ဘောပေါ်မှာ သေဆုံးခဲ့တဲ့ မြန်မာသင်္ဘောသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မေ ၂၄ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်တစ်နေ့မှာ နာရေးပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးနဲ့ လျော်ကြေးငွေ ရရှိတာ မရှိသေးဘူးလို့ မိသားစုဝင်တချို့က ပြောပါတယ်။
မြန်မာရေကြောင်းအရာရှိကတော့ မိသားစုအနေနဲ့ လျော်ကြေးရဖို့ရာ သေဆုံးခဲ့သူတွေ လိုက်ပါခဲ့တဲ့ သင်္ဘောလိုင်းအမျိုးအစား၊ တရားဝင်လိုက်ပါတယ်ဆိုတဲ့အထောက်အထားအပြင် သင်္ဘောပိုင်ရှင်ဘက်က ဝန်ထမ်းသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အာမခံချက်ထားမှု ရှိ မရှိအပေါ်မှာ မူတည်တယ်လို့ ရှင်းပြပါတယ်။
"တရားဝင်လမ်းကြောင်းနဲ့သွားရင် လျော်ကြေးလုပ်ငန်းစဉ်အရ အချိန် ၁ လ ကနေ ၃ လအထိ ကြာနိုင်တယ်။ တရားဝင်သွားတာမဟုတ်ရင် လျော်ကြေးရဖို့ လမ်းမမြင်ဘူး။ တရားမဝင်သွားတယ်ဆိုရင်လည်း သင်္ဘောပေါ်ရောက်သွားတဲ့အခါ သတိကြီးကြီးထားထားပြီး လုပ်ကိုင်သင့်တယ်။" လို့ မြန်မာရေကြောင်းအရာရှိ က သတိပေးပါတယ်။











