ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ မင်းသမီး Jane Birkin ပိုင် Hermès Birkin အိတ်ဒေါ်လာ ၁၀ သန်းကျော်နဲ့စံချိန်တင်
၂၀၂၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိန်မင်းသမီးနဲ့ အဆိုတော် Jane Birkin (ဂျိန်း ဘာကင်) ကိုယ်တိုင် အသုံးပြုခဲ့တဲ့ မူရင်း Hermès Birkin (အဲရ်မက်စ် ဘာကင်) လက်ကိုင်အိတ်ဟာ ကမ္ဘာမှာလေလံတင် ရောင်းချခဲ့တဲ့လက်ကိုင်အိတ်တွေထဲမှာ ကမ္ဘာ့ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ Guinness World Records က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘာကျော်မင်းသမီး၊ အဆိုတော် Jane Birkin ရဲ့ အဲဒီအိတ်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Sotheby's လေလံပွဲမှာ တန်ဖိုး ယူရို ၈.၅၈၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၀.၀၅ သန်းခန့်) နဲ့ စံချိန်တင်ရောင်းချခဲ့ရတာဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်မှာ ကမ္ဘာကျော်ဇိမ်ခံ အမှတ်တံဆိပ် Hermès က ဂျိန်း ဘာကင် အတွက် အထူးပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအိတ်ကို ဂျပန်နိုင်ငံက ဇိမ်ခံပစ္စည်းတွေ ဝယ်ယူရောင်းချတဲ့ Valuence Japan Inc. က ဝယ်ယူခဲ့တာဖြစ်ပြီး အမြတ်ရဖို့အတွက် ပြန်လည်ရောင်းချမှာမဟုတ်ဘဲ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် အများပြည်သူ လာရောက်ကြည့်ရှုနိုင်အောင် ပြသသွားမယ်လို့ ပြောထားပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့ ရှင်ဆိုင်ဘာရှီမှာ သုံးရက်ကြာ အထူးပြပွဲအဖြစ် အဲဒီအိတ်ကို ပြသခဲ့ပြီး Guinness World Records (ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း)ကလည်း လေလံပွဲမှာ ရောင်းချခဲ့ဖူးသမျှ ဈေးအကြီးဆုံး လက်ကိုင်အိတ် အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
Jane Birkin အိတ် ဘယ်လိုပေါ်ပေါက်လာသလဲ
ဒီ Birkin အိတ်ရဲ့ အစကတော့ ၁၉၈၁ ခုနှစ်မှာ Jane Birkin နဲ့ ပြင်သစ်ဇိမ်ခံပစ္စည်းကုမ္ပဏီ Hermès ရဲ့ အကြီးအကဲ Jean-Louis Dumas (ယောင် လူဝီ ဒူးမား)တို့ လေယာဉ်တစ်စင်းပေါ်မှာ ဘေးချင်းကပ်ထိုင်မိရာက စတင်ခဲ့တာပါ။
ဂျိန်း ဘာကင် က သူသုံးနေတဲ့ ကောက်ရိုးနဲ့လုပ်ထားအိတ်ထဲက ပစ္စည်းတွေ မတော်တဆ ပြုတ်ကျသွားပြီး ပုံမှန်သားရေအိတ်တွေက နေ့စဉ်သယ်ဆောင်ရမယ့်ပစ္စည်းတွေ အားလုံးထည့်ဖို့ သေးလွန်းတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒူးမားက လေယာဉ်ပေါ်မှာ အသုံးပြုတဲ့ အော့အန်တဲ့အခါ သုံးတဲ့ အိတ်ရဲ့ အပေါ်မှာ အိတ်ဒီဇိုင်းကို ချက်ချင်းရေးဆွဲပေးခဲ့ပြီး Birkin (ဘာကင်) အိတ်ရဲ့ အယူအဆ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Hermès က ၁၉၈၅ ခုနှစ်မှာ ပထမဆုံး Birkin အိတ်ကို ပြီးစီးအောင် ပြုလုပ်ခဲ့ပြီး Jane Birkin ရဲ့ နာမည်အတိုကောက် Birkin လို့ အမည်ပေးခဲ့ပါတယ်။
ဒီအကြောင်းကိုလည်း ဘာကင်က CNN - စီအန်အန် တင်ဆက်သူ ခရစ္စတီနာ အမန်ပါနဲ့လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထပ်လောင်းအတည်ပြု ပြောဖူးပါတယ်။
ဂျိန်းဘာကင်ရဲ့ Birkin အိတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှု
ဂျိန်း ဘာကင် ဟာ သူ့ နာမည်ပေးထားတဲ့ Birkin အိတ်ကို ဖက်ရှင်ပစ္စည်းတစ်ခုအဖြစ်သာ အသုံးပြုခဲ့သူ မဟုတ်ပါဘူး။ သူဟာ အိတ်တွေကို စတစ်ကာတွေ၊ ပုတီးစေ့တွေနဲ့ အခြားအမှတ်အသားတွေ ကပ်ပြီး ကိုယ်ပိုင်စတိုင်နဲ့ အလှဆင်အသုံးပြုလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ လူသားချင်းစာနာမှု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုနဲ့ လူမှုရေးလှုပ်ရှားမှုတွေကို ဖော်ပြတဲ့ သင်္ကေတတစ်ခုလိုလည်း ဖြစ်လာခဲ့ပါတယ်။
သူကိုယ်တိုင် အသုံးပြုခဲ့တဲ့ မူရင်း Birkin အိတ်မှာ UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) နဲ့ Médecins du Monde လို လူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ စတစ်ကာတွေကို ကပ်ထားခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံပါတဲ့ စတစ်ကာကိုလည်း Birkin အိတ်ပေါ်မှာ ကပ်ထားခဲ့ဖူးပါတယ်။
Médecins du Monde (ကမ္ဘာ့ဆရာဝန်များအဖွဲ့) ဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ လူတွေ၊ ပဋိပက္ခနဲ့ အရေးပေါ်အခြေအနေတွေမှာ ရှိသူတွေကို ဆေးဘက်ဆိုင်ရာအကူအညီပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အဲဒီလို အမှတ်အသားတွေက သူ ထောက်ခံတဲ့ လူမှုရေးနဲ့ နိုင်ငံရေးအရေးတွေကို လူသိရှင်ကြား ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျိန်းဘာကင်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်းများစွာ လူသိရှင်ကြား ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာ ပြင်သစ်သံရုံးရဲ့ စီစဥ်ပေးမှုနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့ရဲ့ Birkin အိတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပုံကပ်ပြီး လှုပ်ရှားခဲ့ပါတယ်။
အဆိုရှင်တစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင် ဂျိန်းဘာကင်ဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ရည်ရွယ်ပြီး သီချင်းတစ်ပုဒ် ဆိုခဲ့ပါတယ်။ အဲဒီထဲမှာ နိုဘယ်ဆိုရှင် နိုင်ငံရေးအကျဥ်းသား ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာပြည်တွင်းက လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းဆိုက်နေတာကိုလည်း သူ က သီချင်းထဲ ဖော်ညွှန်းသီဆိုခဲ့ပါတယ်။
Jane Birkin ရေးသားခဲ့တဲ့ သီချင်းအမည်ကလည်း "Aung San Suu Kyi" ပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံပြောဆိုခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Reuters သတင်းဌာနနဲ့ တွေ့ဆုံရာမှာ Jane Birkin က အဲဒီသီချင်းကို ဆက်လက်သီဆိုနေပြီး မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲလာတဲ့အထိ သီဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး အဲဒီစည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ပဲရစ်မြို့ရှိ မြန်မာသံရုံးအနီးမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံနဲ့ စစ် အာဏာရှင်တွေကို အပြည့်အဝ သပိတ်မှောက်(boycott)လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
သူ ကိုယ်တိုင် အသုံးပြုခဲ့တဲ့ ပထမဆုံး Birkin အိတ်ဟာ ဇိမ်ခံဖက်ရှင်ပစ္စည်းတစ်ခုအဖြစ်သာမက သူ့ ရဲ့ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာရပ်တည်ချက်တွေကို ဖော်ပြတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။
ဒါကြောင့် ဒီတန်ကြေးကြီးတဲ့အိတ်ဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အငွေ့အသက်ပါဝင်နေတဲ့အိတ်လည်းဖြစ်နေပါတယ်။
Birkin အိတ်ရဲ့ ထူးခြားချက်များ
ဂျိန်း ဘာကင် ပိုင်ခဲ့တဲ့ မူရင်းအိတ်မှာ ပုံမှန် Birkin အိတ်တွေနဲ့ မတူတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ အဲဒီအိတ်ဟာ ပခုံးသိုင်းကြိုး တပ်ဆင်ထားတဲ့ တစ်ခုတည်းသော တရားဝင် Birkin အိတ်ဖြစ်ပြီး ရှေ့ဖုံးမှာ ဂျိန်း ဘာကင်ရဲ့ အမည်အတိုကောက် "J.B."ကို ထွင်းပေးထားပါတယ်။
အိတ်အတွင်းမှာလည်း ဂျိန်း ဘာကင် က လက်သည်းညှပ်ကို အမြဲဆောင်ထားလေ့ရှိတာကြောင့် သံကြိုးနဲ့ ချိတ်ထားတဲ့လက်သည်းညှပ်တစ်ခု ပါရှိပါတယ်။
အိတ်ရဲ့အရွယ်အစားကလည်း ထူးခြားပြီး Birkin 35 အိတ်ရဲ့ အမြင့်နဲ့ Birkin 40 အိတ်ရဲ့ အနက်ကို ပေါင်းစပ်ထားတဲ့ အရွယ်အစား ဖြစ်ပါတယ်။
အိတ်မှာ အသုံးပြုထားတဲ့ သတ္တုအစိတ်အပိုင်းတွေကလည်း ပုံမှန်နဲ့မတူဘဲ ရွှေချထားတဲ့ ကြေးဝါနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တာကြောင့် အိတ်မှာ အနည်းငယ် အစွန်းအထင်းတွေ ရှိလာပေမယ့် မူရင်းအိတ်ရဲ့ အသားအရေနဲ့ ထုလုပ်ထားတဲ့ စာသားတွေကိုတော့ ဒီကနေ့အထိ ထိန်းသိမ်းထားနိုင်ပါတယ်။
Birkin အိတ်တွေ ဘာကြောင့် ဈေးကြီးသလဲ
လေလံပွဲမှာ ရောင်းချခဲ့တဲ့ ဈေးအကြီးဆုံး လက်ကိုင်အိတ်စံချိန်ဟာ Birkin အိတ်တွေဆီမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ Hermès Diamond Birkin အိတ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၀၃,၁၅၀ နဲ့ ရောင်းချခဲ့ပြီး အဲဒီအချိန်က စံချိန်တင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ အလွန်ရှားပါးတဲ့ အဖြူရောင် Himalaya Niloticus မိကျောင်းသားရေ Birkin အိတ်တစ်လုံးကို ဟောင်ကောင် Christie's လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၀၀,၁၆၈ နဲ့ ရောင်းချခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း Himalaya မိကျောင်းသားရေ Birkin 30 အိတ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၃၇၇,၂၃၈ နဲ့ ရောင်းချခဲ့ပါတယ်။
Hermès က Birkin အိတ်တွေကို ထုတ်လုပ်မှု အလွန်ကန့်သတ်ထားပြီး ဆိုင်မှာ ဘယ်သူတွေ ဝယ်ယူနိုင်မလဲဆိုတာကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားတာကြောင့် ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ အိတ်တွေရဲ့ တန်ဖိုးက ပိုမိုမြင့်တက်လာပါတယ်။
အသစ်စက်စက် Birkin အိတ်တစ်လုံးရဲ့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ကနေ ၁၃,၅၀၀ ဝန်းကျင်ရှိပြီး ပြန်လည်ရောင်းချတဲ့ဈေးကွက်မှာတော့ ဒေါ်လာ ၂၂,၀၀၀ ကနေ ဒေါ်လာ ၃၅,၀၀၀ ကျော်အထိ ရှိနိုင်ပါတယ်။
Guinness World Records က Original Hermès Birkin owned by actress it's named after sells for record $10 MILLION ဆောင်းပါးကို ကိုးကားဖော်ပြထားပါတယ်။