အလွန်ပြင်းထန်နိုင်တဲ့ အယ်လ်နီညို ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂသတိပေး

    • ရေးသားသူ, အက်ဇ်မီ စတော်လတ်ဒ်
    • ရာထူးတာဝန်, ရာသီဥတုနဲ့ သိပ္ပံဆိုင်ရာ အကြီးတန်းသတင်းထောက်
    • ရေးသားသူ, မာ့ခ် ပွိုင့်တင်း
    • ရာထူးတာဝန်, BBC Verify
    • ရေးသားသူ, အီဗက် တန်၊တစ်ဖနီ တန်းဘူးလ်၊နိကီတာ ယာဒက်ဗ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေကို ကမ္ဘာတဝန်း စတင်ခံစားနေရတာကြောင့် ကမ္ဘာကြီးဟာ "ပြင်းထန်ရာသီဥတုအန္တရာယ်ဇုန်" ထဲ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO) က ထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အယ်လ်နီညိုဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ပြီးရှိနိုင်ပါတယ်။

အယ်လ်နီညိုကြောင့် ကမ္ဘာတဝန်း ရာသီဥတုပုံစံတွေ ပြောင်းလဲနိုင်ပြီး ဒေသတချို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်နိုင်သလို တခြားဒေသတွေမှာတော့ ပိုမိုပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အယ်လ်နီညိုကြောင့် ဒေသတချို့မှာ အပူချိန်တွေ ပိုပြီးမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ ဒါဟာ လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာတဝန်း အပူချိန်မြင့်တက်နေမှုအပေါ် ထပ်ဆင့်သက်ရောက်လာမှာ ဖြစ်ပါတယ်။

"အယ်လ်နီညိုဟာ ကျွန်တော်တို့ မျက်စိရှေ့မှာပဲ အလွန်အမင်း ပြင်းထန်လာနေပါတယ်။ သိပ္ပံနည်းကျ အချက်အလက်တွေအရ သံသယဖြစ်စရာ မရှိပါဘူး။ ကမ္ဘာကြီးဟာ အရင်က မကြုံဖူးသေးတဲ့ အခြေအနေထဲရောက်နေပြီး ပိုပြီးပူနွေးလာနေပါတယ်" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ လူသေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေတဲ့အစီအမံတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက အစိုးရတွေနဲ့ သိပ္ပံပညာရှင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အစောပိုင်းသတိပေးစနစ်တွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ထားသလို ဘေးအန္တရာယ်မဖြစ်မီ ဆေးဘက်ဆိုင်ရာ အကူအညီတွေအတွက်လည်း ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ အခုဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုရဲ့ပြင်းထန်မှုကြောင့် ထိခိုက်လွယ်တဲ့လူအုပ်စုတွေအတွက် အထူးစိုးရိမ်မှုတွေ ရှိနေပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ကတော့ အယ်လ်နီညိုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်ရာသီဥတုအခြေအနေတွေနဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေကို တတ်နိုင်သမျှ လူထုအသိုင်းအဝိုင်းများများဆီ ရောက်ရှိအောင် ဖြန့်ဝေနိုင်ဖို့ "အကြီးစား စည်းရုံးလှုံ့ဆော်မှု" တစ်ရပ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

WMO အထွေထွေအတွင်းရေးမှူး ဆဲလက်စ်တေး ဆာအူလိုက "အယ်လ်နီညိုကြောင့် ကမ္ဘာတဝန်းက လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်" လို့ သတိပေးပါတယ်။

အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်တဲ့ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်ပြီး လေတိုက်ခတ်မှုပုံစံ ပြောင်းလဲမှုနဲ့ ဆက်စပ်နေပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပူနွေးတဲ့ ပင်လယ်ရေတွေ အရှေ့ဘက်ကို ပိုမိုရွေ့လျားလာပြီး အပူဓာတ်တွေကို လေထုထဲ ထုတ်လွှတ်စေပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အပူပိုင်းပစိဖိတ်ဒေသ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ အယ်လ်နီညို ပိုမိုအားကောင်းလာနေတဲ့သိသာထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်း အယ်လ်နီညိုကို အဓိကစောင့်ကြည့်တဲ့ဒေသမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၂ ဒီဂရီစင်တီဂရိတ်ကျော် မြင့်တက်နေပါတယ်။ ဒါကြောင့် အခုဖြစ်စဉ်ဟာ "အလွန်ပြင်းထန်တဲ့" အယ်လ်နီညိုအဖြစ် သတ်မှတ်ခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒါပေမဲ့ အဲဒီအဆင့်ထက်တောင် ပိုမိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ခန့်မှန်းချက်တွေအရ လစဉ် ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၄ ဒီဂရီစင်တီဂရိတ်နီးပါးအထိ မြင့်တက်လာနိုင်ပါတယ်။

အဲဒီလိုဖြစ်လာခဲ့ရင် ဒီအယ်လ်နီညိုဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အပြင်းထန်ဆုံး အယ်လ်နီညို ဖြစ်လာနိုင်ပြီး အရင်စံချိန်ထက်လည်း သိသိသာသာ ပိုမိုပြင်းထန်နိုင်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့ရေမျက်နှာပြင်အောက်ပိုင်းမှာတော့ အပူချိန်တွေ ပိုပြီး ထူးထူးခြားခြား မြင့်တက်နေပါတယ်။ တချို့နေရာတွေမှာ ပုံမှန်ထက် ၈ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်နေပါတယ်။

အိန္ဒိယသမုဒ္ဒရာ၊ အပူပိုင်းအတ္တလန္တိတ်သမုဒ္ဒရာနဲ့ ဩစတြေးလျကမ်းရိုးတန်းတချို့အနီးမှာလည်း ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ပိုမြင့်နေမယ်လို့ ခန့်မှန်းထားပါတယ်။

ပင်လယ်သတ္တဝါနဲ့ အပင်မျိုးစုံ ပေါကြွယ်ဝတဲ့ဩစတြေးလျအတွက် သမုဒ္ဒရာရေထု အပူချိန်ပြောင်းလဲမှုဟာ အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မကြာသေးခင်နှစ်တွေမှာ ဩစတြေးလျဟာ ပင်လယ်ရေအပူလှိုင်းဒဏ်ကို မကြာခဏ ခံစားခဲ့ရပါတယ်။ အဲဒီအခြေအနေတွေကြောင့် သန္တာကျောက်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အရောင်ဖျော့ ပျက်စီးတာနဲ့ ရေညှိတွေ အလွန်အမင်း ပွားများလာတာတွေ ဖြစ်ပေါ်ခဲ့ပြီး "မကြုံစဖူး ပျက်စီးဆုံးရှုံးမှု" တွေ ဖြစ်ခဲ့ပါတယ်။

အယ်လ်နီညိုဟာ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ အခုလို သဘာဝဘေးအန္တရာယ်တွေကို ဖြစ်စေတဲ့ ပြင်းထန်တဲ့အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်စေတတ်တယ်လို့ ဩစတြေးလျ သိပ္ပံအေဂျင်စီရဲ့အကြီးတန်းသုတေသီ ဒေါက်တာ အလစ်စတဲ ဟော့ဘ်ဒေးက ဘီဘီစီကိုပြောပါတယ်။

ဒီနှစ် ပင်လယ်ရေအပူလှိုင်း ခန့်မှန်းချက်တွေအရတော့ Great Barrier Reef သန္တာကျောက်တန်းဟာ အဆိုးရွားဆုံးအခြေအနေတွေကနေ လွတ်မြောက်နိုင်ခြေရှိပြီး အဲဒီဒေသက သန္တာကျောက်တန်းတွေ ပြန်လည်ကောင်းမွန်လာဖို့ အချိန်ပိုရနိုင်ပါတယ်။

"ဒါပေမဲ့ ဩစတြေးလျတောင်ပိုင်းကတော့ အပြင်းအထန် ထိခိုက်နေပါတယ်။ မနှစ်ကလည်း အဲဒီဒေသမှာ ရေညှိတွေ အလွန်အမင်းပွားများခဲ့ပြီး အခုဆိုရင် ငှက်တုပ်ကွေးလည်း ဖြစ်နေပါတယ်။ ဒီနွေရာသီမှာ ပင်လယ်ရေအပူလှိုင်းတွေ ပိုမိုပြင်းထန်လာမယ့်ပုံ ရှိပါတယ်" လို့ ဒေါက်တာ အလစ်စတဲ ဟော့ဘ်ဒေးက ပြောပါတယ်။

နောက်ဆုံးအကြိမ် ဩစတြေးလျတောင်ပိုင်းနဲ့ တက်စ်မေးနီးယားဒေသတွေမှာ ပင်လယ်ရေအပူလှိုင်းဒဏ် ခံခဲ့ရချိန်က ပင်ဂွင်းတွေ အစာရေစာ ပြတ်လပ်တာ၊ ငါးတွေ အမြောက်အမြား သေဆုံးတာ၊ အသက်ရှူမရအောင် ရေညှိတွေ အလွန်အမင်းပွားများတာနဲ့ ဂျယ်လီငါးတွေ အလုံးအရင်းနဲ့ ရောက်ရှိလာတာတွေ ဖြစ်ခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံဟာ မကြာသေးခင်က ပင်လယ်ပြင်ဆိုင်ရာ အကျပ်အတည်းတွေကို ကြိုတင်သတိပေးနိုင်မယ့် စနစ်တွေကို စတင်အသုံးပြုလာပါတယ်။ ဒီစနစ်တွေကြောင့် ငါးဖမ်းလုပ်ငန်းတွေအတွက် ဘဏ္ဍာရေးအကူအညီတွေ ကြိုတင်စီစဉ်နိုင်ဖို့၊ အရေးကြီးတဲ့ အဏ္ဏဝါမျိုးစိတ်တွေကို ထိခိုက်မှုကနေ ကာကွယ်နိုင်ဖို့နဲ့ သန္တာကျောက်တန်းတွေကို ပိုမိုစောင့်ကြည့်နိုင်ဖို့ အချိန်ရရှိစေပါတယ်။

ဒါပေမဲ့ အခုဖြစ်စဉ်ဟာ အရင်က မကြုံဖူးလောက်အောင် ပြင်းထန်လာနိုင်တဲ့အခြေအနေရှိနေပြီး သူကိုယ်တိုင်လည်း အတော်လေး စိုးရိမ်နေတယ်လို့ ဟော့ဘ်ဒေး က ပြောပါတယ်။

မိုးခေါင်ရေရှားမှုနဲ့ စီးပွားရေး ထိခိုက်မှုတွေ ဖြစ်လာနိုင်

ကမ္ဘာတဝန်း ရာသီဥတုအပေါ် အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေဟာ ၂၀၂၇ ခုနှစ်အထိ ဆက်လက်ခံစားရနိုင်ပေမဲ့ လာမယ့်လအနည်းငယ်အတွင်း မိုးရွာသွန်းမှုပုံစံတွေ သိသိသာသာ ပြောင်းလဲလာနိုင်တယ်လို့ WMO က ခန့်မှန်းထားပါတယ်။

အရှေ့တောင်အာရှ၊ အမေရိကအလယ်ပိုင်းနဲ့ တောင်အမေရိကတိုက် မြောက်ပိုင်းဒေသအများအပြားမှာ ပုံမှန်ထက် မိုးရွာသွန်းမှု နည်းပါးနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒါကြောင့် မိုးခေါင်ရေရှားမှုနဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နိုင်ခြေ ပိုမြင့်လာနိုင်ပါတယ်။

မိုးရွာသွန်းမှု လျော့နည်းလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပနားမားတူးမြောင်းကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောအရေအတွက်ကို ကြာသပတေးနေ့ကစပြီး ၁၀ ရာခိုင်နှုန်းကျော် လျှော့ချသွားမယ်လို့ သိရပါတယ်။

နှစ်စဉ် သင်္ဘောအစီးရေ ၁၄,၀၀၀ ခန့် ဖြတ်သန်းသွားလာတဲ့ ပနားမားတူးမြောင်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်သလို ပနားမားနိုင်ငံအတွက်လည်း အဓိကဝင်ငွေရလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလျံခန့် ဝင်ငွေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီခြောက်သွေ့ရာသီအတွင်း နိုင်ငံတဝန်း မြေဧရိယာ ဟက်တာ ၁၀၇,၀၀၀ ကျော် လောင်ကျွမ်းခဲ့တဲ့တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ အကြိတ်အနယ်ကြိုးပမ်းနေပါတယ်။ အရှေ့တောင်အာရှဒေသက တခြားနေရာတချို့လိုပဲ အင်ဒိုနီးရှားမှာလည်း ဒီနှစ် ခြောက်သွေ့ရာသီ ပိုရှည်လာနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ကာလီမန်တန်ဒေသက ဒေသခံတစ်ဦးက တောမီးတွေကို "တစ်လကျော်ကြာ" ကြုံတွေ့နေရတယ်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပါတယ်။

"မီးခိုးတွေက တော်တော်ထူလာပါတယ်။ အပြင်ထွက်လိုက်ရင် မျက်လုံးတွေ စပ်လာပါတယ်။ မီးခိုးနံ့လည်း အတော်ပြင်းပါတယ်" လို့ ဒါဝင် ရိုမီက ပြောပါတယ်။

တောမီးတွေကို ငြှိမ်းသတ်နိုင်ဖို့ မိုးရွာအောင် လှုံ့ဆော်ပေးတဲ့ မိုးတိမ်တုဖန်တီးပြီး မိုးရွာသွန်းစေတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လေယာဉ်တွေ အသုံးပြုနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တောမီးတွေကို ထိန်းချုပ်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ အသုံးပြုသွားမယ်လို့လည်း အင်ဒိုနီးရှားအစိုးရက ပြောထားပြီး မြေယာရှင်းလင်းဖို့ တောမီးရှို့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ လူအများအပြားကို ဖမ်းဆီးထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ပိုပြင်းထန်လာနိုင်ပြီး မြေပြိုမှုအန္တရာယ် မြင့်တက်

တရုတ်နိုင်ငံကတော့ ဒီနှစ်အတွင်း တိုင်ဖွန်းမုန်တိုင်း ၇ ခု ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ အလွန်ပြင်းထန်တဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုနဲ့ဆက်စပ်နေတယ်လို့ တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဇူလိုင်လတစ်လတည်းမှာပဲ တရုတ်နိုင်ငံဟာ ဘာဗီ၊ နျူ နဲ့ မေဆက်အပါ တိုင်ဖွန်းမုန်တိုင်း သုံးခုဒဏ် ခံခဲ့ရပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဩဂုတ်လတုန်းက ဒေါ်လ်ဖင်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် လူ ၁ သန်းကျော် နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

အလားတူ အာဖရိကအရှေ့ပိုင်း၊ ဘရာဇီးနိုင်ငံတောင်ပိုင်းနဲ့ အမေရိကန်နိုင်ငံတောင်ပိုင်းဒေသတချို့မှာလည်း ပုံမှန်ထက် မိုးပိုမိုရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။

"မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ နေ့စဉ်ဘဝအပေါ် အနှောင့်အယှက်တွေ ဖြစ်ပေါ်နေတာကို အခုကတည်းက တွေ့နေရပါတယ်။ အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေ ပိုမိုဆိုးရွားလာမယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်" လို့ WMO အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဆဲလက်စ်တေး ဆာအူလိုက ပြောပါတယ်။

ဒီအခြေအနေတွေဟာ လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ကာလရှည်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ တပြိုင်နက် ဖြစ်ပေါ်နေတာကြောင့် သက်ရောက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အယ်လ်နီညို ဖြစ်စဉ်တွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တချို့က ယုံကြည်ကြပေမဲ့ ဒီအချက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့ ထိစပ်နေတဲ့ ပီရူးနိုင်ငံဟာ အယ်လ်နီညိုရဲ့သက်ရောက်မှုကို အထူးထိခိုက်လွယ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

ပီရူးနိုင်ငံရဲ့ဒေသတချို့အပြင် အီကွေဒေါနဲ့ ဘရာဇီးနိုင်ငံရဲ့ ဒေသတချို့မှာလည်း အရင်က အယ်လ်နီညိုဖြစ်စဉ်တွေကြောင့် မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ပါတယ်။ အဲဒီကနေ ရုတ်တရက်ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ရေစီးရေလာ စီးဆင်းဖို့ ခက်ခဲတဲ့ မြို့ပြဒေသတွေမှာ ပိုပြီးဆိုးစေခဲ့ပါတယ်။

ရာသီဥတုအလွန်အမင်း ပြင်းထန်မှုတွေကို နိုင်ငံတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးနေတဲ့ Practical Action အဖွဲ့ရဲ့ ရာသီဥတုဒဏ်လျော့ပါးသက်သာရေးဆိုင်ရာတာဝန်ရှိသူ မီဂဲလ် အာရက်စ်တဲဂီက "ကျွန်တော်တို့ အတော်လေး စိုးရိမ်နေပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်မှုဟာ ထိတ်လန့်မှုဖြစ်လာတာထက် ကြိုတင်ပြင်ဆင်မှုတွေအဖြစ် ပြောင်းလဲသွားဖို့ လိုပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း Practical Action အဖွဲ့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေ အစောပိုင်းသတိပေးစနစ်တွေကို ပိုမိုလွယ်ကူစွာ ရယူအသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ မြစ်ရေမျက်နှာပြင်အခြေအနေ၊ ရေကြီးနိုင်ခြေ၊ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးတာလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုက အယ်လ်နီညို အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာချိန်မှာ လိုအပ်လာနိုင်တဲ့ဆေးဘက်ဆိုင်ရာ အကူအညီနဲ့ နည်းပညာပစ္စည်းတွေ ပေးအပ်နိုင်ဖို့ USNS Comfort ဆေးဘက်ဆိုင်ရာသင်္ဘောကို ပီရူးကမ်းရိုးတန်းဘက်ဆီ စေလွှတ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အယ်လ်နီညိုဟာ "ဘာပြဿနာမှမရှိတဲ့နေရာတစ်ခုထဲကို ရောက်လာတာ မဟုတ်ဘူး" လို့ အာရက်စ်တဲဂီ က ပြောပါတယ်။ ဒီလိုရာသီဥတုဖြစ်စဉ်တွေကြောင့် ထိခိုက်မှု ပိုမိုဆိုးရွားစေတဲ့ အခြေခံကျတဲ့ ပြဿနာတွေ ရှိနေပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့လည်း အချိန်အများကြီး လိုအပ်တယ်လို့ သူက ပြောပါတယ်။

အဲဒီပြဿနာတွေထဲမှာ အန္တရာယ်ရှိတဲ့ ဒေသတွေမှာ အိမ်ရာတွေ ဆောက်ပြီးနေထိုင်မှု၊ အားနည်းတဲ့ ရေပေးဝေရေးစနစ်နဲ့ မိလ္လာစနစ်တွေ၊ အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။