စင်ကာပူက ရေလှောင်ကန်မှာ မိကျောင်းရှိကြောင်း အေအိုင် ပုံဖန်တီးခဲ့မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို တရားစွဲ

    • ရေးသားသူ, Serin Ha
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၂

စင်ကာပူမှာ လူအလာများတဲ့ ရေလှောင်ကန်တစ်ခုအတွင်း ဆားငန်ရေမိကျောင်းတစ်ကောင်ရှိနေကြောင်း ဖော်ပြထားတဲ့ အေအိုင် နဲ့ ဖန်တီးထားတဲ့ ပုံတစ်ပုံကို ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံထားရဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အရေးယူထားပါတယ်။

ရဲလင်း ဆိုသူဟာ သတင်းမှားတစ်ရပ် ပေးပို့မှုနဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကို အဟန့်အတားပြုမှုတို့နဲ့ စွဲချက်တင်ခံထားရပြီး၊ သူဟာ ပုံနဲ့ အသုံးပြုခဲ့တဲ့ အပ်ပလီကေးရှင်းကို ဖျက်ပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီ ပုံအတုကြောင့် ပြည်သူတွေကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီလို မမှန်မကန် သတင်းအချက်အလက်ကို လက်ခံရရှိပြီးနောက် ပြီးခဲ့တဲ့လက စင်ကာပူမှာ အကြီးဆုံး ရေလှောင်ကန်မှာ လုပ်ငန်းဆောင်တာများကို နှစ်ရက်ကြာ ရပ်နားခဲ့ရတယ်လို့ အမျိုးသားရေစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

မြန်မာနိုင်ငံသား ရဲလင်း ဟာ သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံလိုတယ်လို့ စကားပြန်က တစ်ဆင့် တရားရုံးကို ပြောကြားခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့က ပန်ဒန် ရေလှောင်ကန်မှာ မိကျောင်းတွေ့ရှိခဲ့ကြောင်း သတင်းပေးပို့မှုကို လက်ခံရရှိခဲ့တယ်လို့ အမျိုးသား ရေစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

အေဂျင်စီ တာဝန်ရှိသူတွေနဲ့ အမျိုးသားဥယျာဉ်ဌာန ဝန်ထမ်းတွေက အဲဒီဒေသမှာ ရှာဖွေဖမ်းဆီးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

စင်ကာပူ လှေလှော်အသင်းနဲ့ စင်ကာပူ ကနူးလှေလှော်အဖွဲ့ချုပ်တို့ကိုလည်း သူတို့ရဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မှာတော့ အဆိုပါ မိကျောင်းပုံဟာ အတုဖြစ်ကြောင်း ရေစီမံခန့်ခွဲရေး အေဂျင်စီက အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

အမှုကို နိုဝင်ဘာလမှာ တရားရုံးမှာ ထပ်မံ ကြားနာမှာဖြစ်ပြီး မြန်မာအမျိုးသား ရဲလင်း ဆိုသူမှာ အပြစ်ရှိကြောင်း တွေ့ရင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။

စင်ကာပူနိုင်ငံမှာ သတင်းမှား ပေးပို့မှုဟာ ထောင်ဒဏ် သုံးနှစ်အထိ ဒါမှမဟုတ် စင်ကာပူဒေါ်လာ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၈၀၀၊ ပေါင်စတာလင် ၅,၉၀၀ ခန့်) အထိ ငွေဒဏ် ဒါမှမဟုတ် နှစ်မျိုးလုံး ချမှတ်ခံရနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။

တရားစီရင်ရေး လုပ်ငန်းစဉ်ကို အဟန့်အတားပြုမှုအတွက် ထောင်ဒဏ် ခုနစ်နှစ်အထိ၊ ငွေဒဏ် ဒါမှမဟုတ် နှစ်မျိုးလုံး ချမှတ်ခံရနိုင်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စွပ်စွဲချက်အရ ကိုရဲလင်းဟာ မိကျောင်းရဲ့ ဓာတ်ပုံကို အေအိုင် ဥာဏ်ရည်တု အသုံးပြု ဖန်တီးခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးထံ ပေးပို့ခဲ့ပါတယ်။

" အဆိုပါ အမျိုးသားဟာ သူ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပုံနဲ့ သက်ဆိုင်တဲ့ အပလီကေးရှင်းကို နောက်ပိုင်းမှာ ဖျက်ပစ်ခဲ့တယ်" လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရဲလင်းက သူ့ လုပ်ဖော်ကိုင်ဖက်ဆီကို ပေးပို့ခဲ့တဲ့ ပုံအတုကို အမျိုးသားရေစီမံခန့်ခွဲရေး အေဂျင်စီ ဆီကို ဘယ်လိုရောက်သွားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။