ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

ကျောက်တော်မြို့မှာရှိတဲ့ ကစ္ဆပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယဈေး လေကြောင်း ဗုံးကြဲခံရမှုမှာ အရပ်သား ၄၉ ဦးအစုလိုက်သေဆုံးကာ ထိခိုက်သူ ၆၀ နီးပါးရှိလာတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကစ္ဆပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယဈေးအနီး ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲခံရမှုမှာ အရပ်သား ၄၉ ဦးအစုလိုက်သေဆုံးကာ ထိခိုက်သူ ၆၀ နီးပါးရှိလာ
  • PRFမှာ ပြည်တွင်းကနေ ငွေကြေးထည့်၀င်သူလို့ ဆိုသူ ၂၀ ကျော်ကို ဖမ်းဆီးထား၊ ငွေကြေးထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့အချက်အလက်ရထားတယ်လို့ဆို
  • ရုတ်တရက် ရေကြီးတာနဲ့ တောင်မြေပြိုတာတွေ ဖြစ်ခဲ့တဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ် ၃ ခုမှာ သေဆုံးသူ ၁၇ ဦးထက်မနည်းရှိနေ
  • ဉာဏ်ရည်တု(အေအိုင်)သစ် GPT-6.1 Astra ကို လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် OpenAI ထုတ်တော့မှာ မဟုတ်
  • ခိုလှုံခွင့်တောင်းခံထားသူမြန်မာ ၅,၀၀၀ ဝန်းကျင်ပြန်ပို့ရေးကို မလေးရှားအစိုးရက ဒီနေ့စတင်လိုက်ပြီးပထမအသုတ်အနေနဲ့ ၁,၄၇၆ ဦးကို ခေါ်ဆောင်ကာ မြန်မာရေတပ်သင်္ဘော ၃ စင်းဟာ ဒီနေ့ မလေးရှားကနေ ထွက်ခွာမယ်
  • အထည်ဖြတ်စက်ကြောင့် ဘယ်ဘက်လက်ညှိုးပြတ်သွားသူတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုလုပ်ပြီး ပြန်ဆက်ပေးနိုင်ခဲ့
  • ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ရှိတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖွင့်လှစ်လိုက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဖူးခက်ကို အမေရိကန်စစ်သား ၅,၀၀၀ ထပ်လာမယ်

    အမေရိကန် စစ်သား ၅,၀၀၀ ကျော်ဟာ လာမယ့်တစ်ပတ်မှာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ကို လာရောက်လည်ပတ်ဖို့ရှိတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်။

    ဖူးခက်မြို့က ထိုင်းခရီးသွား ရဲတပ်ဖွဲ့နဲ့ ထိုင်းမှာရှိတဲ့အမေရိကန်သံရုံးက လုံခြုံရေးဆိုင်ရာအရာရှိတွေ ဒီနေ့ တွေ့ဆုံအပြီးမှာ ရဲတပ်ဖွဲ့က သတင်းထုတ်တာဖြစ်ပါတယ်။

    အမေရိကန်လေယာဉ်တင် သင်္ဘောအပါအ၀င် စစ်ရေယာဉ်တွေဟာ ဖူးခက်မြို့ကို အောက်တိုဘာ ၄ ရက်ကနေ ၉ ရက်နေ့အထိ လာရောက်လာမှာဖြစ်ပါတယ်။

    အမေရိကန်ရေတပ်သား ၅,၁၂၀ လာရောက် လည်ပတ်မယ်လို့ ဆိုပါတယ်။

    စစ်သားအင်အား ၅,၀၀၀ ကျော်ပါဝင်တဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln နဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ အစောပိုင်းတို့မှာ ပတ္တယားမြို့ကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။

    အဲဒီတုန်းကတော့ ရေတပ်သားတွေ လည်ပတ်သုံးစွဲခဲ့တဲ့ငွေပမာဏဟာ ထိုင်းဘတ်ငွေ သန်း ၁၀၀ ခန့်ရှိတယ်လို့ ထိုင်းဘက်က ပြောပါတယ်။

  3. ထရမ့်နဲ့ ရှီ ထိပ်သီးဆွေးနွေးပွဲ - အရေးအကြီးဆုံးကိစ္စတွေပြောဖြစ်ခဲ့ကြလား

    ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အမေရိကန်သမ္မတ ထရမ့်နဲ့ ထရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား ဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ နောက်ထပ်အချက်အလက်တွေကို ထပ်ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် တွေ့ဆုံပွဲကနေ ဘာတွေလုပ်နိုင်ခဲ့လဲဆိုတဲ့အချက်တွေလည်း ရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။

    အင်အားကြီး နှစ်နိုင်ငံက သမ္မတတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပေမဲ့ ပူးတွဲကြေညာချက် တစ်စောင်မှ ထုတ်ပြန်ခဲ့တာ မရှိသလို အရေးပါတဲ့တိုးတက်မှုလည်း အနည်းအကျဉ်းသာ တွေ့ရပါတယ်။

    ပူးတွဲကြေညာချက်အစား အစိုးရနှစ်ရပ်စလုံးက တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ သီးခြားစီ သတင်း ထုတ်ပြန်ခဲ့ကြပါတယ်။

    အိိမ်ဖြူတော်ကို တရုတ်သမ္မတ သွားလည်ပတ်လို့ ဆက်ဆံရေး ပိုနွေးထွေးလာလိမ့်မယ်လို့ မှတ်ယူနိုင်ပေမဲ့ ဒီလိုကြေညာချက်တွေကို ကြည့်ရင် အမေရိကန်နဲ့ တရုတ်တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် သတိထား စောင့်ကြည့်နေဆဲဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

    အခုတော့ အဲဒီဆွေးနွေးပွဲမှာ ဘာများဖြစ်ခဲ့သလဲဆိုတာ သိထားတာနဲ့ မသိထားသေးတဲ့ အချက် လေးချက်ကို ဒီမှာ ဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. ဘန်ကောက်ရေကြီးမှု - ဘန်ကပီနဲ့ လက်ခရာဘန်မှာ ရေမကျသေး

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းတုန်းက မိုးများပြီး ရေကြီးမှုတွေကြောင့် တင်ကျန်ခဲ့တဲ့ရေတွေဟာ ဘန်ကပီနဲ့ လက်ခရာဘန် အရပ်တို့မှာ ရေတွေ တင်ကျန်နေတုန်း ဖြစ်ပါတယ်။

    ဒီနေ့ မနက်ပိုင်းအထိ လမ်းတွေပေါ် ရေတွေ ကျန်နေသေးလို့ ယာဉ်အသေးတွေ မဖြတ်သန်းဖို့ ကြေညာထားတဲ့ လမ်းမကြီး ၆ လမ်းအထိ ရှိနေပါသေးတယ်။

    လက်ရှိရေတင်ကျန်နေသေးတဲ့ ဘန်ကပီနဲ့ လက်ခရာဘန်တို့မှာဆိုရင် ရေအနက် ၃ ပေကျော်အထိ နက်နေတုန်းလို့ ပြောပါတယ်။

    ထိုင်းအစိုးရပြောခွင့်ရသူကတော့ မြို့ထဲမှာ တင်ကျန်နေတဲ့ မိုးရေတွေကို လာမယ့် ၃ ရက်အတွင်းမှာ ကုန်အောင် ထုတ်နိုင်မယ်လို့ ပြောပြီး မိုးရွာတာ နည်းသွားလို့ ဒီလိုလုပ်နိုင်တာ လို့လည်း ပြောပါတယ်။

    ဒါပေမဲ့ လက်ခရာဘန်နဲ့ မြန်မာတွေ အနေများတဲ့ဘန်ကပီ အရပ်တို့မှာ ရေတင်ကျန်နေသေးလို့ လူပေါင်း ၅ ထောင်နီးပါး ရေဘေးသင့်နေဆဲလို့ အစိုးရပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

    ရေဘေးသင့်အရပ်တွေမှာ အစားအသောက်နဲ့ ရေ မလုံလောက်မှု ဖြစ်နေတယ်လို့ ထိုင်းသတင်းတွေက ရေးပါတယ်။

    ဘန်ကောက်ကောင်းကင်မှာ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်၀န်းကြောင့် ဘန်ကောက်မှာ မိုးရက်ဆက်ရွာပြီး ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်စေခဲ့ပါတယ်။

    အဲဒီလေဖိအားနည်းရပ်၀န်းဟာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တနင်္သာရီကမ်းရိုးတန်း၊ အဲဒီကနေမှ မွန် - တနင်္သာရီကမ်းရိုးတန်းအထိ ဖြတ်ကျော်၀င်ရောက်ခဲ့လို့ ထား၀ယ်ခရိုင်ထဲမှာလည်း မိုးကြီးခဲ့ပါတယ်။

    ဒီလိုမိုးကြီးလို့ ထား၀ယ်မှာ နှစ် ၈၀ အတွင်း မိုးရေချိန် အမြင့်ဆုံးစံချိန်တင်ခဲ့သလို လောင်းလုံးမှာလည်း တောင်တန်းတွေမှာ မြေပြိုလို့ ဒီနေ့ ညနေပိုင်းအထိဆိုရင် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပါတယ်။

    ဒီအတောအတွင်းမှာပဲ ထိုင်း၀န်ကြီးချုပ် အနုတင် ချန်၀ီရာကူးလ်က ဘန်ကောက်အပါအ၀င် ရေဘေးသင့်ဒေသခံတွေကို ကူညီဖို့ ထိုင်းဘတ်ငွေ သန်း ၄ ထောင်နီးပါးအထိ အသုံးပြမယ်လို့ ဒီနေ့မှာပဲ ကြေညာပါတယ်။

    လက်ရှိမှာတော့ ထိုင်းအစိုးရဟာ ရိက္ခာခြောက်၊ ကယ်ဆယ်ရေးအသုံးအဆောင်တွေနဲ့ ချက်ပြုတ်ပြီးအစားအသောက်တွေကို ဖြန့်၀ေနေပါတယ်။

  5. မိုးများ ရေလျှံပြီး တောင်မြေပြိုမှုတွေကြောင့် ထားဝယ်မှာ သေဆုံးသူ ၃၂ ဦးရှိလာ

    လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မိုးအဆက်မပြတ်ရွာပြီး ရုတ်တရက် ရေကြီးတာနဲ့ တောင်မြေပြိုတာတွေကြောင့် ထားဝယ်ဒေသအတွင်း သေဆုံးသူ ၃၂ ဦးရှိပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF)က ဒီနေ့ ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၄ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ထားဝယ်ခရိုင်ထဲမှာ သဘာဝဘေးကို ကြုံနေရတာဖြစ်ပါတယ်။

    ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေရဆဲဖြစ်တာကြောင့် TNF က ဒီနေ့ ထုတ်ပြန်တဲ့စာရင်းထက် သေဆုံးမှုတိုးလာနိုင်တယ်လို့ အဖွဲ့ချုပ်က ပြောပါတယ်။

    ဒီနေ့ထိ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေဆဲပဲလို့လည်း ဆိုပါတယ်။

    လက်ရှိအချိန်မှာ ရေကျတဲ့တချို့ဒေသတွေရှိပေမဲ့ တောင်ပြိုတဲ့အန္တရာယ်ရှိနိုင်တဲ့အတွက် ပြန်လည်ဝင်ရောက်နေထိုင်ဖို့ မလုံခြုံသေးတဲ့အခြေအနေမှာ ရှိနေဆဲပဲလို့ TNF က ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် တောင်ခြေ၊ တောင်စောင်းနဲ့ မြေပြိုမှုဖြစ်ခဲ့တဲ့ နေရာအနီးနေထိုင်သူတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေအနေနဲ့ တောင်စောင်းတွေ၊ မြေသားတွေ ပြိုကျနိုင်တာကို သတိပြု ဖို့ အသိပေးထားပါတယ်။

    သဘာဝဘေးကြုံနေရတဲ့ထားဝယ်ခရိုင်က မြို့နယ်တွေအတွင်း ကယ်ဆယ်ရေးလုပ်နေတဲ့ နယ်ခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဖို့ မွန်၊ ကရင်နဲ့ မြိတ်က ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဒီနေ့မှာ လောင်းလုံမြို့ပေါ်ကနေ စတင်ထွက်ခွာလာပြီလို့ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်က ထုတ်ပြန်ပါတယ်။

    မြေပြိုထားတဲ့နေရာတွေကို ဖြတ်သန်းသွားရတာကြောင့် ကူညီကယ်ဆယ်‌ရေးမှာ စိန်ခေါ်မှုတွေ မြင့်မားနေဆဲဖြစ်သလို ပူးပေါင်းကူညီမယ့်အဖွဲ့တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကယ် ဆယ်ရေးလုပ်နေတဲ့ ဒေသခံအဖွဲ့တွေက ဆိုပါတယ်။

  6. လွိုင်ကော်မှာ စစ်တိုင်းဖွင့်

    ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ရှိတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖွင့်လှစ်လိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

    အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့မှာ ဖွင့်လှစ်ထားရာကနေ ပြောင်းလိုက်တာဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရလခ မှာ တိုင်းမှူးနေရာ လစ်လပ်နေတာဖြစ်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ စစ်တိုင်းပါရွှေ့လိုက်တာ ဖြစ်ပါတယ်။

    ဒါကြောင့် ရှမ်းပြည်မှာ စစ်တိုင်း ၄ ခုရှိရာကနေ ၃ ခုပဲကျန်တော့မှာ ဖြစ်ပါတယ်။

    လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကျိုင်းတုံ အခြေစိုက်တြိဂံတိုင်းစစ်ဌာနချုပ်တို့ပဲ ကျန်တော့မှာပါ။

    “ရှမ်းပြည်ကနေ လွိုင်ကော်ဘက်ကိုပြောင်းတာ ဆိုတော့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ရှမ်းကနေ ကယားကို စစ်မျက်နှာပြင်ရွှေ့တာပေါ့၊ ရှမ်းမှာ နယ်မြေလည်း နည်းသွားပြီလေ” လို့ ခိုလမ်မှာ တာဝန်ကျဖူးတဲ့ အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။

    တရုတ်ရဲ့ကြားဝင်မှုကြောင့် ရှမ်းပြည်မှာရှိတဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့ နေပြည်တော်မှာ ဆွေးနွေးပွဲတွေလာတက်ခဲ့ကြပါတယ်။

    ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းတပ်နှစ်တပ်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ကလည်း နေပြည်တော်နဲ့စကားပြောနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။

    ဒါပေမဲ့ ကယား(ကရင်နီ)ပြည်နယ်မှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ မြန်မာစစ်တပ်အကြားတိုက်ပွဲတွေရှိနေပြီး ပြီးခဲ့တဲ့စနေနေ့က ဖရူဆိုမြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။

    ရလခ ကို ခိုလမ်မှာ ၂၀၁၁ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၁၅ နှစ်အကြာမှာ စစ်ရေးအခြေအနေအပြောင်းအလဲတွေကြာင့် အခုလိုရွှေ့ပြောင်းတာဖြစ်ပါတယ်။

  7. လုပ်ငန်းခွင်မှာ လက်ပြတ်တဲ့အထည်ချုပ်အလုပ်သမားရဲ့လက်ကို မြန်မာဆရာ၀န်တွေ ပြန်ဆက်ပေး

    အထည်ချုပ်စက်ရုံက အထည်ဖြတ်စက်ကြောင့် ဘယ်ဘက်လက်ညှိုးပြတ်သွားသူတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုလုပ်ပြီး ပြန်ဆက်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ သတင်းစာမှာ ဖော်ပြပါတယ်။

    လက်ပြတ်သွားသူဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းအထည်ချုပ်စက်ရုံတစ်ခုက အသက် ၂၃ နှစ်အရွယ် အမျိုးသမီး အလုပ်သမားတစ်ဦးဖြစ်ပါတယ်။

    သူဟာ သြဂုတ် ၁၁ ရက် ညနေပိုင်းမှာ ထိခိုက်ခဲ့တာဖြစ်ပြီး ညပိုင်းမှာ ခွဲစိတ်မှုလုပ်ကာ ပြန်ဆက်ပေးခဲ့တာပါ။

    ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်အဖွဲ့အပါအဝင် ကျန်းမာရေးပညာရှင်တွေက အချိန် ၄ နာရီခွဲကြာ ခွဲစိတ်မှုပြုလုပ်ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

    အခုတော့ သူဟာ ခွဲစိတ်မှုခံယူပြီး တစ်လနီးပါးအကြာမှာ မူလအတိုင်းလက်ကို လှုပ်ရှားနိုင်ပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ နယ်ဘက်က မြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို လမ်းညွှန်ချက်အရ လက်ပြတ်ခြေပြတ်ရင် ပြတ်ထွက်သွားတဲ့အပိုင်းကို ရေသန့်သန့်ဆေး၊ အိတ်သန့်သန့်ထဲထည့်ပြီး ရေခဲပုံးနဲ့ထည့်ပြီးရင် လူနာနဲ့ အတူဆေးရုံလာရင် ပြန်ဆက်လို့ရနိုင်တယ်လို့ သိရပါတယ်။

    ပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ဒီလိုလက်ပြန်ဆက်တဲ့ ခွဲစိတ်မှု ပေါင်း ၇ ဦး လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

  8. ခိုလှုံခွင့်တောင်းခံသူမြန်မာတွေပြန်ပို့ရေး ကန့်ကွက်မှုတွေကြားက မလေးရှားစတင်

    ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်အစိုးရနဲ့ အငြင်းပွားဖွယ်ရာ သဘောတူညီချက်အရ ခိုလှုံခွင့်တောင်းခံထားသူ ၅,၀၀၀ ဝန်းကျင်ပြန်ပို့ရေးကို မလေးရှားအစိုးရက ဒီနေ့စတင်လိုက်ပါပြီ။

    ပထမအသုတ်အနေနဲ့ ၁,၄၇၆ ဦးကို ခေါ်ဆောင်ကာ မြန်မာရေတပ်သင်္ဘော ၃ စင်းဟာ ဒီနေ့နှောင်းပိုင်းမှာ မလေးရှားကနေ ထွက်ခွာမှာဖြစ်ပါတယ်။

    ဒီလိုပြန်လည်ပို့ဆောင်ခြင်းခံရတဲ့သူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ ဖိအားပေးစစ်မှု ထမ်းခေါ်ဆောင်တာတွေ ခံရနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဥ်ကို လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချနေကြတာပါ။

    မလေးရှားကတော့ ဒီလိုပြန်ပို့တဲ့အစီအစဥ်ဟာ ဆန္ဒအလျောက်ပြုလုပ်ကြတာဖြစ်တယ်လို့ဆိုပေမဲ့ ကုလဒုက္ခသည်အေဂျင်စီအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံခွင့် ဒါမှမဟုတ် စိစစ်ခွင့်ကို ပိတ်ပင်ထားပါတယ်။

    မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်ရဲ့ပြောကြားချက်အရ ပြန်လည်ပို့ဆောင်ခံရမယ့်သူများတွေထဲမှာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရဘဲ နှိပ်စက်ခံရတာနဲ့ လွတ်မြောက်ဖို့ မလေးရှားကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဒီနှစ်အတွင်း လူကြိုက်များမှု သိသိသာသာ ကျဆင်းသွားခဲ့တဲ့ ဝန်ကြီးချုပ် အန်နဝါက မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဦးရေ များပြားမှုအပေါ် လူထုအကြား တိုးပွားလာနေတဲ့ မကျေနပ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

    ဒါကြောင့် သူတို့ကို ပြန်လည်ပို့ဆောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတာကလွဲလို့ အခြားရွေးချယ်စရာလမ်းမရှိဘူးလို့လည်း ပြောထားတာပါ။

    မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရဲ့ အချက်အလက်အရ မလေးရှားမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၉၃,၀၀၀ ဝန်းကျင်ရှိပြီး ဒီထဲမှာ ၃ ပုံ ၂ ပုံက ရိုဟင်ဂျာတွေဖြစ်ပါတယ်။

  9. လုံခြုံရေးစိုးရိမ်လို့ အေအိုင် မိုဒယ်သစ်ကို Open AI မဖြန့်ချိတော့

    OpenAI ဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် သူ့ရဲ့ဉာဏ်ရည်တု(အေအိုင်)သစ် GPT-6.1 Astra ကို ထုတ်ပြန်တော့မှာ မဟုတ်ဘူးလို့ ဒီနေ့မှာ သတင်းထုတ်ပါတယ်။

    ဒီ အေအိုင်စနစ်ဟာ ဝက်ဘ်ဆိုက်တွေ ကြည့်ရှုတာ၊ အက်ပ်တွေအသုံးပြုတာလို ကိစ္စတွေကို သူ့ဘာသာလုပ်နိုင်တဲ့စွမ်းရည်ရှိပေမဲ့ ကုမ္ပဏီရဲ့စံနှုန်းသတ်မှတ်ချက်ကို မပြည့်မီခဲ့ဘူးလို့ OpenAI ရဲ့လုံခြုံရေးစနစ်များဌာန ခေါင်းဆောင် ဆာချီ ဂျိန်းက ဘီဘီစီကို ပြောပါတယ်။

    တချိန်တည်းမှာပဲ OpenAI က ဇွန်လတုန်းက ဖြစ်ပွားခဲ့ပေမဲ့ သီတင်းပတ်တစ်ပတ်တုန်းကမှ အများသိအောင် ထုတ်ဖော်ပြောကြားခဲ့တဲ့ဖြစ်စဉ်တချို့နဲ့ပတ်သက်ပြီးတော့လည်း နောက်ဆုံးထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ပါတယ်။

    အဲဒီဖြစ်စဉ်တွေထဲမှာ OpenAI ရဲ့ အေအိုင် မိုဒယ်တွေဟာ ဩစတြေးလျအစိုးရ အင်တာနက်စာမျက်နှာတွေနဲ့ စနစ်တချို့ကို အခွင့်မရှိဘဲ ၀င်ရောက်ခဲ့တဲ့ဖြစ်ရပ်လည်း ပါ၀င်ပါတယ်။

    အဲဒီဖြစ်စဉ်တွေနဲ့ အေအိုင်ကုမ္ပဏီကြီးတွေ ဖန်တီးထားတဲ့မိုဒယ်တွေကြောင့် ဖြစ်ပွားခဲ့တဲ့ အလားတူချိုးဖောက်မှုတွေဟာ အေအိုင်နည်းပညာနဲ့အတူပါလာတဲ့အန္တရာယ်တွေအပေါ် ဆွေးနွေးငြင်းခုန်မှုတွေ ပိုပြီးပြင်းထန်လာစေပါတယ်။

    OpenAI အမှုဆောင်ချုပ် ဆမ် အော့လ်တ်မန်း နဲ့ Anthropic ကုမ္ပဏီ အမှုဆောင်ချုပ် ဒါရီယို အာမိုဒေး အပါအဝင် အေအိုင်လုပ်ငန်းနယ်ပယ်က ခေါင်းဆောင်တွေကလည်း အေအိုင် နည်းပညာနဲ့ ဆက်စပ်အန္တရာယ်တွေအပေါ် စိုးရိမ်တာတွေကြောင့် အေအိုင် ဖွံ့ဖြိုးတိုးတက်ရေးအရှိန်ကို လျှော့ချသင့်တယ်လို့ တိုက်တွန်းထားကြပါတယ်။

    Wall Street ဂျာနယ်က ပထမဆုံးဖော်ပြခဲ့တဲ့ OpenAI ရဲ့ဒီဆုံးဖြတ်ချက်ဟာ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေကြောင့် အေအိုင်ကုမ္ပဏီကြီးတစ်ခုက မော်ဒယ်အသစ် ထုတ်ပြန်မယ့်အစီအစဉ်ကို ရုပ်သိမ်းလိုက်တဲ့ရှားရှားပါးပါးဖြစ်ရပ် တစ်ခုလည်း ဖြစ်ပါတယ်။

    GPT-6.1 Astra ဟာ “သတ်မှတ်ပေးထားတဲ့လုပ်ပိုင်ခွင့် ဘောင်အတွင်းမှာ နေထိုင်လုပ်ဆောင်နိုင်မှု၊ ခွင့်ပြုချက်ဆိုင်ရာစည်းကမ်းတွေကို လိုက်နာနိုင်မှု၊ ဒါ့အပြင် အသုံးပြုသူကို သူလုပ်ဆောင်ခဲ့တဲ့အလုပ်အမျိုးအစားတွေအကြောင်း ဘယ်လို ပြန်လည်ရှင်းပြသလဲ” ဆိုတဲ့အချက်တွေမှာ စံနှုန်းမပြည့်မီခဲ့ဘူးလို့ ဂျိန်းက ပြောပါတယ်။

    “ကုမ္ပဏီအတွင်းမှာ ဖန်တီးတီထွင်နေချိန်ဖြစ်စေ၊ အသုံးပြုသူတွေဆီ ထုတ်ပေးချိန်ဖြစ်စေ မိုဒယ် ဖွံ့ဖြိုးတိုးတက်မှုဟာ လုံခြုံမှုရှိဖို့ သေချာစေချင်တာကြောင့်” လို့ သူက ပြောပါတယ်။

    “ဒါပေမဲ့ အသုံးပြုသူတွေဆီကို ထုတ်ပေးတဲ့အဆင့်ရောက်လာတဲ့အခါမှာတော့ လုံခြုံမှုနဲ့ စံနှုန်းကိုက်ညီမှု အပိုင်းတွေအတွက် သတ်မှတ်ထားတဲ့ စံနှုန်းက အလွန်မြင့်မားပါတယ်” လို့လည်း သူက ဆိုပါတယ်။

  10. ထားဝယ်ဒေသ မိုးများပြီး တောင်မြေပြိုမှု သေဆုံးသူ ၁၇ ဦးထက်မနည်းရှိလာ, ကယ်ဆယ်ရေး ဝန်နဲ့ အားမမျှဖြစ်နေ

    တနင်္သာရီတိုင်းထဲ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရုတ်တရက် ရေကြီးတာနဲ့ တောင်မြေပြိုတာတွေ ဖြစ်ခဲ့တဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ် ၃ ခုမှာ သေဆုံးသူ ၁၇ ဦးထက်မနည်းရှိနေပြီလို့ ထားဝယ်ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဒီလိုဖြစ်ရပ်တွေကြောင့် ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေမှာ နေအိမ်ထောင်ချီပျက်စီးပြီး ဒေသခံသောင်းချီ သောက်ရေနဲ့ အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ဒီနေ့ထုတ်ပြန်ပါတယ်။

    ကိုယ်ထူကိုယ်ထ အစီအစဥ်နဲ့သာ ကယ်ဆယ်ရေးလုပ်နေရတာကြောင့် ဝန်နဲ့အားမမျှဖြစ်နေတယ်လို့လည်းဆိုပါတယ်။

    ဒါကြောင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့မွန်အပါအဝင် နိုင်ငံတဝန်းက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီဖို့ အကူအညီတောင်းခံ ထားပါတယ်။

    ထားဝယ်ခရိုင်ထဲမှာ ရေကြီးမြေပြိုတာတွေ စဖြစ်ကတည်းက ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတဲ့ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကလည်း ကယ်ဆယ်ရေးအတွက် မြေတူးစက်တွေ အရေးပေါ်လိုနေတယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ အခု သဗျာရွာကို ကျော်ပြီး ကဒတ်ငယ်ရွာကို ရောက်နေပါပြီ။ လူနာတွေ အရမ်းများပါတယ်” လို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဖွဲ့က ဒီနေ့မနက် ကယ်ဆယ်ရေးဝင်ခဲ့တဲ့ သ‌ဗျာရွာမှာ အိမ်ခြေ ၂၀၀ ထိခိုက်ပျက်စီးပြီး ရေဘေးသင့်သူ ၃၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

    လောင်းလုံးတောင်တန်း မြေပြိုကျတာကြောင့် သ‌ဗျာရွာမှာ မြေ‌ပြိုတဲ့အောက်ပိသွားတဲ့အိမ် ၅၀ နဲ့အတူ လူ ၃ ဦး သေဆုံးတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေကို ထားဝယ်ပြည်သူ့ဆေးရုံကြီးပို့ဖို့ လုပ်ဆောင်နေကြပါတယ်။

    ဒီဘေးအန္တရာယ်ကျရောက်တဲ့ကာလအတွင်း ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။

    နေပြည်တော် လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့အချက်အလက်ကတော့ စက်တင်ဘာ ၂၈ ရက်အထိ ‌လောင်းလုံးမှာ သေဆုံးသူ ၁ ဦးရှိတယ်လို့ ဖော်ပြပါတယ်။မြို့နယ် ၃ ခုမှ ရေဘေးသင့်သူ ၂၄,၀၈၉ ဦးရှိတယ်လို့ ဆိုပါတယ်။

  11. PRF အစီအစဥ်ကနေ PDF ကို ထောက်ပံ့သူ ၂၀ ကျော်ကို ဖမ်းထားတယ်လို့ဆို

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၀င်တွေကို အဓိကထောက်ပံ့တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့အစီအစဥ်(PRF)မှာ ပြည်တွင်းကနေ ငွေကြေးထည့်၀င်သူလို့ ဆိုသူ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

    ဒီထဲကမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ငွေကြေး ထောက်ပံ့သူ ၂၁ ဦးကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်က ဒီနေ့မှာ သတင်းထုတ်တာဖြစ်ပါတယ်။

    နေပြည်တော်ကတော့ ငွေကြေးထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့အချက်အလက်ရထားတယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။

    Wave Pay က ထောက်ပံ့သူ ၇၀၀ ခန့်၊ NUG ငွေပေးချေမှုစနစ် (NUG Pay)က ၁,၀၀၀ ခန့်နဲ့ နွေဦးဘဏ်(SDB)က ထောက်ပံ့သူ ၁,၀၀၀ ခန့်ရဲ့အချက်အလက်ကို သတင်းပေးတွေရဲ့ပြောပြချက်အရ ရရှိထားတာလို့လည်း ဆိုပါတယ်။

    PRF အစီအစဉ်ဟာ NUG ကာကွယ်ရေး၀န်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့၀င်တွေကို အဓိကထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။

    PRF ရဲ့တရား၀င်လူမှုကွန်ရက်စာမျက်နှာကတော့ PRF ထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့စာရင်း ရရှိထားတယ်ဆိုတဲ့ စစ်တပ်ထုတ်ပြန်ချက်ကို “လတ်တလော ပျံ့နှံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ team (အဖွဲ့)တွေက သေချာစွာ စိစစ်/စောင့်ကြည့် ဆောင်ရွက်လျက် ရှိပါတယ်” လို့ ဘီဘီစီကို ဖြေပါတယ်။

    ‘‘တွေ့ရှိချက်အသေးစိတ် အခြေအနေတွေကို PRF စာမျက်နှာကနေ အမြန်ဆုံးအသိပေးထုတ်ပြန်ပေးသွားပါမယ်’’ လို့လည်း ပြောပါတယ်။

    PRF ကနေတဆင့် ထောက်ပို့နေသူ တစ်ဦးကတော့ ‘‘စစ်တပ်ဆီ အချက်အလက်‌ပေါက်ကြားတဲ့အပေါ် စိုးရိမ်တယ်’’ လို့ ဘီဘီစီကိုပြောပါတယ်။

    PRF Website ကနေ ထုတ်ပြန်တဲ့အချက်အလက်အရ စက်တင်ဘာလအတွက် ထောက်ပို့သူ တစ်သောင်းခွဲကျော်ဆီကနေ အမေရိကန်ဒေါ်လာ ၅ သိန်း‌ကျော်ရထားတာတွေ့ရပါတယ်။

    ဒီလိုအချက်အလက်တွေကို တိုက်ရိုက်ကြည့်လို့ရတဲ့ သတင်းကြေညာလိုက်တာကြောင့်

    ထောက်ပံ့သူတွေကို ဖမ်းလိုက်ပြီဆိုတဲ့သတင်း တက်လာတာဖြစ်တယ်လို့ ရန်ပုံငွေကောက်ခံတဲ့ စာမျက်နှာတစ်ခုဖြစ်တဲ့ Heroes Support Group ကလွန်ခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ပါတယ်။

    PRF အတွက် website ကနေ ငွေကောက်ခံခြင်းမရှိသေးတာ၊ နာမည်ဝှက်တွေနဲ့သာ ကောက်ခံတာ၊ ကောက်ခံသူတွေက နိုင်ငံရပ်ခြားမှာနေကြတာကြောင့် ဝက်ဘ်ဆိုက်ကနေ ပေါက်ကြားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ဖမ်းခံရတဲ့သူတွေဟာ ကူထားလှူထားဖူးတဲ့သူတွေ ပါနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

  12. ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

    မနေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ ကစ္ဆပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယဈေး လေ ကြောင်း ဗုံးကြဲခံရမှုမှာ အရပ်သား ၄၉ ဦးအစုလိုက်သေဆုံးကာ ထိခိုက်သူ ၆၀ နီးပါးရှိလာပြီ လို့ အာရက္ခတပ်တော် (အေအေ)က ဒီမနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ဘီဘီစီရဲ့ ဒေသခံသတင်းအရင်းအမြစ်ကတော့ ဒီမနက်ပိုင်းမှာ သေဆုံးသူ ၅၈ ဦးဝန်းကျင်ရှိ လာပြီလို့ သိထားရကြောင်း ဘီဘီစီကိုပြောပါတယ်။

    “လေယာဥ်တွေကတော့ ဆက်တိုက်လာနေတုန်းပါပဲ” လို့ သူကပြောပါတယ်။

    ဒဏ်ရာရထားသူ ၅၈ ဦးမှာ ၂၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

    လေကြောင်းတိုက်ခံရပြီး နာရီပိုင်းအတွင်း အေအေရဲ့ ကနဦးထုတ်ပြန်ချက်မှာ သေဆုံးသူ ၃၃ ဦး ရှိနေရာကနေ အရေအတွက်ဆက်တက်နေတာဖြစ်ပါတယ်။

    ဒီဖြစ်စဥ်ဟာ အရပ်သား ၃၃ ဦးသေဆုံးပြီး ၇၇ ဦးဒဏ်ရာရတဲ့ မြောက်ဦးဆေးရုံဖြစ်စဥ်အပြီးမှာ အရပ်သား ထိခိုက်သေဆုံးမှုအများဆုံးဖြစ်စဥ် ဖြစ်လာတာပါ။

    “သေဆုံးအရေအတွက်ဆက်တိုးနေတာက ဒဏ်ရာပြင်းထန်တဲ့သူတွေဆုံးတာထက် အပျက်အစီးတွေကြားက ကယ်ဆယ်ရင်းကနေ ဆက်ရှာတွေ့တဲ့သေဆုံးသူတွေဖြစ်ပါတယ်” လို့ လေကြောင်းတိုက်ခိုက်မှု ပြေးရှောင်ရင်း ခြေထောက်ဒဏ်ရာရတဲ့ ကျောက်တော်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အာရက္ခတပ်တော်ကတော့ စစ်တပ်ရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပြီး ဖြစ်စဥ်အတွက် တာဝန်ရှိသူတွေနဲ့အဖွဲ့အစည်းတွေကို လက်တုံ့ပြန်သွားမယ်လို့ ဒီမနက်အစောပိုင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

    မနေ့က ကျောက်တော်အပြင် မင်းပြားမြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦး ဒဏ်ရာရတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

    စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူတွေဟာ အေအေအဖွဲ့ဝင်တွေဖြစ်တယ်လို့ စွပ်စွဲထားကြပါတယ်။

  13. မင်္ဂလာပါ။ စက်တင်ဘာ ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။