ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မိုးများလို့ ထားဝယ်မြို့ပေါ်အထိ ရေတက်လာပြီး နေအိမ်တွေ ရေမြုပ်

မိုးများလို့ ထားဝယ်မြို့ပေါ်အထိ ရေတက်လာပြီး နေအိမ်တွေ ရေမြုပ် တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မိုးအဆက်မပြတ်ရွာလို့ ထားဝယ်မြို့ပေါ်ရပ်ကွက်တွေအထိ ရေတက်လာပြီး နေအိမ်တွေရေမြုပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘန်ကောက်မှာ မိုးဖွဲရွာ၊ အထူးပိတ်ရက် ၂ ရက်စတင်

    မြန်မာက တနင်္သာရီကမ်းရိုးတန်းကို ဖြတ်ကျော်တိုက်ခတ်နေတဲ့ လေဖိအားနည်း ရပ်၀န်းဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကောင်းကင်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။

    ဒီအခြေအနေကြောင့် မြို့တော်ဘန်ကောက်မှာ မကြုံစဖူး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့လို့ ထိုင်းအစိုးရဟာ ဒီနေ့နဲ့ မနက်ဖြန်ကို အထူးအားလပ်ရက် ၂ ရက်ဖြစ် သတ်မှတ်ပါတယ်။

    ရေကြီးနေတာကြောင့်ဖြစ်တဲ့ ခရီးသွားရတာ ကမောက်ကမဖြစ်တာကို လျှော့ချဖို့နဲ့ လူထုကို ကာကွယ်ရေးအတွက် အခုလိုဆုံးဖြတ်တာလို့ဆိုပါတယ်။

    လက်ရှိမှာ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ နာရီ ၅၀ ကျော်ကြာ အဆက်မပြတ်ရွာခဲ့တဲ့မိုးကြောင့် တင်ကျန်ခဲ့တဲ့ရေတွေကို စက်တွေနဲ့စုပ်ထုတ်နေဆဲဖြစ်ပါတယ်။

    မိုးရေတွေ တဖြည်းဖြည်းလျော့လာပြီဖြစ်ပေမဲ့ ရေလွှမ်းမှုအဆိုးဆုံးခံခဲ့ရတဲ့ လမ်းမကြီး ၂၀ ကျော်ထဲက ၉ လမ်းမှာ ရေတွေ တင်နေဆဲဖြစ်တာကြောင့် ဆိုင်ကယ်တွေ မဖြတ်သန်းဖို့ အာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    လေဖိအားနည်းရပ်၀န်းဟာ ထိုင်းကိုဖြတ်ကျော်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စနေနေ့ နှောင်းပိုင်းကတည်းက မြန်မာနိုင်ငံ၊ တနင်္သာရီကမ်းရိုးတန်းကို ဖြတ်ကျော် ၀င်ရောက်နေတာဖြစ်ပါတယ်။

    ဒီအရှိန်ကြောင့် မိုးများပြီး ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်မှာ လောင်းလုံးတောင်တန်း မြေပြိုကျမှုတွေဖြစ်နေပါတယ်။

  2. မိုးများလို့ ထားဝယ်မြို့ပေါ်အထိ ရေတက်လာပြီး နေအိမ်တွေ ရေမြုပ်

    တနင်္သာရီတိုင်းထဲ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ရေကြီးတာကြုံနေရတဲ့ ထားဝယ်ခရိုင်ထဲမှာ မြေပြိုတာတွေ ဖြစ်နေချိန်မှာပဲ ထားဝယ်မြို့ပေါ်မှာလည်း ဒီကနေ့မနက်ကစလို့ မြို့ပေါ်ရပ်ကွက်တွေအထိ ရေတက်လာလို့ နေအိမ်တွေနစ်မြုပ်နေတယ်လို့ ပရဟိအသင်းတွေက ပြောပါတယ်။

    “အခု ရေက လုံးခနဲတက်လာနေတာ။ မြို့ပေါ်ရပ်ကွက်တွေအထိ ဝင်နေပြီ” လို့ ထားဝယ်မြို့က ပရဟိအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

    လက်ရှိ ကရပ်ပြင် ၊ ကညုံ ၊ ရှမ္မလည်ဆွဲ ၊ ကြက်စားပြင် နဲ့ ဘုမ္မော် ရပ်ကွက်တွေဟာ တစ်ထပ်နေအိမ်တချို့ ရေနစ်မြုပ်နေပြီလို့ ထားဝယ်သတင်းတွေကို အဓိက ရေးသားဖော်ပြတဲ့ Dawei Watch သတင်းဌာနက ဖော်ပြပါတယ်။

    ‌မိုးများလို့ ရေကြီးတာနဲ့ လောင်းလုံးတောင်တန်းကနေ မြေပြိုမှု ဒဏ်ကို အဆိုးဆုံးခံရနေတဲ့ လောင်းလုံးမြို့နယ်၊ ကဒတ်ငယ်ရွာမှာလည်း မနေ့ညပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ် မြေပြိုကျလို့ နေအိမ် ၅ လုံးထက်မနည်းပျက်စီးသွားလို့ ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

    “သေဆုံးသူတွေလည်းရှိတယ်။ လူတွေလည်း အဲဒီမှာ ပိတ်မိနေတယ်။ ကျွန်တော်တို့ အခုကယ်ဖို့ လုပ်နေတယ်” လို့ ဇမ္ဗူသီရိအ‌ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    လောင်းလုံးမြို့နယ်မှာ မိုးဆက်ရွာနေပြီး ရေအမြင့်ကလည်း လူ့အရပ်တစ်ရပ်စာနီးပါးလောက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ တနင်္သာရီ ကမ်းရိုးတန်းကို ဖြတ်ချိန် ထားဝယ်ဒေသမှာ မိုးကြီးပြီး ရေကြီးမှုကြုံနေရတာလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာ ၂၆ ရက်ကဆိုရင် ထားဝယ်မြို့မှာ စံချိန်တင် မိုးရေလက်မ ၁၁.၀၂ လက်မ အထိ ရှိခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

    လက်ရှိမှာ အဲဒီလေဖိအားနည်း ရပ်၀န်းဟာ မွန်-တနင်္သာရီကမ်းရိုးတန်းမှာ အားကောင်းနေပြီး နောက် ၂၄ နာရီမှာ မြောက်-အနောက်မြောက်ကို ရွေ့နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်‌ဒေသကို ဖြတ်သန်းနိုင်တယ်လို့ မိုးဇလက အစောပိုင်းကပဲ သတင်းထုတ်ပါတယ်။

  3. မင်္ဂလာပါ။ စက်တင်ဘာ ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။