ဓာတ်ပုံစုစည်းချက် - ချားလ်စ်ဘုရင်နဲ့ မိဖုရား ကမီလာတို့ရဲ့အမေရိကန်ခရီးအစ

    • ရေးသားသူ, မက်သူး တက်ကာ
    • ရေးသားသူ, အန်နာ လမ်ချေ
  • ဖတ်ရန်အချိန်: မိနစ် ၅

တတိယမြောက် ချားလ်စ် ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမီလာတို့ရဲ့ အမေရိကန်ပြည်ထောင်စုကို ၄ ရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ် စတင်ပြီဖြစ်ပါတယ်။ ဒါဟာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ၂၀၀၇ ခုနှစ် နိုင်ငံတော်ခရီးစဉ်ပြီးကတည်းကဆိုရင် ပထမဆုံးခရီးလည်း ဖြစ်လာပါတယ်။

အမေရိကန်က ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးယူတဲ့ နှစ် ၂၅၀ ပြည့်ခါနီးမှာ ထွက်ပေါ်လာတဲ့အခုခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးခိုင်ကြည်မှု ပြယုဂ်ဖြစ်ဖို့လည်း ရည်သန်ပါတယ်။

ချားစ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ကို ကော်ဇောနီခင်း ခရီးဦးကြိုပြုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ ဗြိတိန်အရပ်ဘက် စစ်ဘက်အမှုထမ်း အရာထမ်းတွေရဲ့ကလေးငယ်တွေက ပန်းတွေနဲ့ ခရီးဦးကြိုပြုပါတယ်။

ဂုဏ်ပြုတပ်ဖွဲ့ရဲ့အလေးပြုတာကို ခံယူဖို့ လျှောက်လှမ်းချိန်မှာပဲ စစ်တီးဝိုင်းက အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်းတွေနဲ့ တီးမှုတ် အလေးပြုပါတယ်။

ဘုရင်နဲ့ ကြင်ယာတော် ဇနီးမောင်နှံဟာ မွန်းလွဲပိုင်း လက်ဖက်ရည်နဲ့ ဧည့်ခံမယ့် အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်ကို ခရီးဆက်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာထရမ့်တို့က တွေ့ဆုံကြိုဆိုပါတယ်။

သမ္မတထရမ့်တို့ ဇနီးမောင်နှံက တော်ဝင် ဇနီးမောင်နှံကို အိမ်ဖြူတော် ပန်းခြံထဲမှာရှိတဲ့ အိမ်ဖြူတော်ပုံတူ ပျားအိမ်ကို ပြသခဲ့ပါတယ်။ ပျားမွေးမြူရေး ကာလရှည်ကြာအစီအစဉ်အရ ပြသခဲ့တာဖြစ်ပါတယ်။

ဒီအပိုင်းကလည်း ပျားမွေးမြူရေးကို လိုလိုလားလားထောက်ခံတဲ့ ချားလ်စ်ဘုရင်အတွက် နှစ်လိုဖွယ်ဖြစ်အောင် သံခင်းတမန်ခင်း အားထုတ်မှုလို့ ယူဆနိုင်ပါတယ်။

မိဖုရား ကမီလာဟာ ဗြိတိန်နဲ့ အမေရိကန် အလံတွေပါတဲ့ ရင်ထိုးကို ဆင်မြန်းပါတယ်။ ဒီရင်ထိုးဟာ နတ်ရွာစံ ဘုရင်မကြီး ဒုတိယမြောက် အယ်လိဇဘတ်ကို ၁၉၅၇ ခုနှစ်မှာ နယူးယောက်မြို့တော်ဝန်လက် လက်ဆောင်ပေးခဲ့တဲ့ ရင်ထိုးဖြစ်ပါတယ်။

ကြင်ယာတော် မိဖုရား ကမီလာဟာ ဗြိတိန်သံရုံးဥယျာဉ်ပါတီမှာ ဗြိတိန်စစ်တပ်အရာရှိလောင်းတွေကို တွေ့ဆုံခဲ့သလို အိမ်တွင်းအကြမ်းဖက်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေက အမျိုးသမီးတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

ဥယျာဉ်ပါတီတစ်ခုမှာ စားကြ တည်ခင်းကြသလိုမျိုး အသားညှပ်ပေါင်မုန့်တွေနဲ့ နို့ပေါင်မုန့်လုံးတွေကို တော်ဝင်ဇနီးမောင်နှံနဲ့ ဧည့်ပရိသတ်တွေကို တည်ခင်းပေမဲ့ အသားညှပ်ပေါင်မုန့်မှာ သုံးထားတဲ့ အမဲသားကတော့ ထူးခြားပါတယ်။ သူ့မှာ သံခင်းတမန်ခင်းအရ ထူးခြားချက်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် ဒီအမဲသားဟာ မကြာသေးခင်တုန်းက ညှိပြီးနှိုင်းပြီးတဲ့နောက်မှာ ကုန်သွယ်ခွန်လွတ်ခွင့်နဲ့ အမေရိကန်ကို ပထမဆုံးတင်သွင်းရတဲ့အမဲသားဖြစ်နေတာကြောင့်ပါ။

ဒီပွဲမှာတက်ရောက်သူတွေထဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပလိုစီ၊ အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အိဗက် ကူးပါးတို့ပါဝင်ပါတယ်။

မိဖုရား ကမီလာဟာ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားတဲ့အမျိုးသမီးတွေနားအရောက်မှာ ခေတ္တရပ်ပါတယ်။

''ဒီလိုအသိပညာပေးလှုပ်ရှားတာမျိုးလုပ်ဖို့ သိပ်ကို အရေးပါတယ်။ ပြီးတော့ အခုလုပ်နေတဲ့လှုပ်ရှားမှုဟာ သူ့နှလုံးသားနဲ့လည်း နီးကပ်တယ်လေ'' လို့ ဆန်ဒရာ ဂျက်ဆင်က ပြောပါတယ်။ သူက မိဖုရား ကမီလာကို အိမ်တွင်းအကြမ်းဖက်မှုကနေ ရှင်သန်ကြသူတွေကို အကူအညီပေးတဲ့ ရုသ်တို့အိမ်ဆိုတဲ့အဖွဲ့အကြောင်း ပြောပြခဲ့သူပါ။

လိင်ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အပ်စတိန်းရဲ့လက်ကနေ ရှင်သန်လွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံဖို့ ဘုရင်နဲ့ မိဖုရားတို့ကို တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်နေတဲ့တရားရေးစနစ်ကို အနှောင့်အယှက်ဖြစ်ရာရောက်မှာစိုးလို့ ဒီအစီအစဉ်မဖြစ်မြောက်ခဲ့ပါဘူး။

ဘုရင်ကြီးဟာ အခုတော့ အမေရိကန်မှာ အခြေချနေတဲ့ ဗြိတိန်ဒိုင်ဗင်ကစားသမားဟောင်း တွန် ဒေလီအပြင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပလိုစီအပါအဝင် အခြားဧည့်သည်တော်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်အစိုးရကိုယ်စား သွားရောက်တဲ့အခုခရီးစဉ်ဟာ အမေရိကန်က ဗြိတိန်ကနေ လွတ်လပ်ရေးယူတဲ့ နှစ် ၂၅၀ ပြည့်မှာ ထွက်ပေါ်လာတာဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေဖို့ အားထုတ်မှုလည်းဖြစ်ပါတယ်။