ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိသျှ နိုင်ငံရေး အကွေ့နဲ့ အမေရိကန် သမ္မတ ထရမ့်ခရီး
သမ္မတထရမ့်ဟာ ဇနီးသည် မယ်လီနီယာထရမ့်နဲ့အတူ ယူကေကို နိုင်ငံတော်ခရီးစဉ်အဖြစ် ဇွန်လ ၃ ရက်နေ့ မနက်က ရောက်လာခဲ့ပါပြီ။ လန်ဒန်မြို့ပြင်က စတန်းစတက်လေဆိပ်ကို သမ္မတရဲ့ Air Force One လေယာဉ် ဆင်းသက်ခဲ့ပြီးတဲ့နောက် အဲဒီကနေ သမ္မတရဲ့ ရဟတ်ယာဉ်နဲ့အတူ သူတည်းခိုမယ့် လန်ဒန်မြို့လယ်က အမေရိကန် သံအမတ်ရဲ့ နေအိမ်ကို သွားခဲ့ပါတယ်။
သမ္မတခရီးစဉ်အတွင်း ဘာတွေ လုပ်မလဲ
သမ္မတထရမ့်ကို ဘက်ကင်ဟမ်နန်းတော်ဥယျာဉ်မှာ ဘုရင်မကြီး၊ ချားလ်စ်မင်းသားနဲ့ သူ့ကြင်ယာတော်တို့က ကြိုဆိုဧည့်ခံပါမယ်။
အဲဒီကြိုဆိုပွဲအပြီးမှာတော့ မင်းသားဟယ်ရီပါ တက်ရောက်ပြီး နန်းတော်မှာ သီးသန့် နေ့လယ်စာစားကြမှာ ဖြစ်ပါတယ်။ ဟယ်ရီရဲ့ ဇနီးသည် အမေရိကန်နိုင်ငံသူ မယ်ဂန်မာကယ် ကတော့ မီးဖွားပြီးစမို့ ဒီပွဲတွေကို မတက်နိုင်ပါဘူး။
ပြီးရင်တော့ သမ္မတထရမ့်နဲ့ ဇနီးသည်တို့ကို အင်ဒရူးမင်းသားက ဝက်စ်မင်စတာအက်ဘေး ဘုရားကျောင်းကြီးကို လိုက်ပြပါမယ်။
သမ္မတကို ချားလ်မင်းသားနဲ့ ကြင်ယာတော်တို့က သူတို့ရဲ့ ကလဲရင့်စ်စံအိမ်မှာ နေ့လယ်ခင်း လက်ဖက်ရည်ပွဲနဲ့လည်း ဧည့်ခံမှာပါ။
တနင်္လာနေ့ညနေမှာတော့ ဘက်ကင်ဟမ်နန်းတော် ဧည့်ခန်းမဆောင်မှာ ဘုရင်မကြီးက ဧည့်သည်တော် သမ္မတထရမ့်နဲ့အဖွဲ့ကို ညစာနဲ့ ဧည့်ခံပါမယ်။ ဒီပွဲကို ချားလ်မင်းသားနဲ့ ဇနီးသည်၊ မင်းသားဝီလျံနဲ့ ဇနီးသည်တို့လည်း တက်ရောက်မှာ ဖြစ်ပြီး ယူကေက နိုင်ငံရေးသမားတွေနဲ့ ဗြိတိန်မှာ နေထိုင်နေတဲ့ ထင်ရှားတဲ့ အမေရိကန်နိုင်ငံသားတွေ လည်း တက်ရောက်ကြမှာပါ။
သမ္မတထရမ့်က ဘက်ကင်ဟမ်နန်းတော်မှာ ဘာလို့ မနေတာလဲ
အစဉ်အလာနဲ့ ခွဲထွက်ပြီး သမ္မတထရမ့်နဲ့ ဇနီးသည်တို့ဟာ ဘက်ကင်ဟမ်နန်းတော်မှာ နေကြမှာ မဟုတ်ပါဘူး။ ဒါကလည်း နန်းတော်မှာ အကြီးစားပြင်ဆင်မှုတွေ ဆက်လုပ်နေရဆဲမို့ ဖြစ်ပါတယ်။
ဒါကြောင့် သမ္မတဟာ လန်ဒန်မြို့လယ် ရီးဂျင့်ပန်းခြံနားက အမေရိကန်သံအမတ်ရဲ့ ဝင်းဖီးလ်ဟောက်စ်နေအိမ်မှာ တည်းမှာပါ။
အရင်က လာဖူးတဲ့ အမေရိကန်သမ္မတတွေ ဖြစ်တဲ့ ဂျော့ချ်ဒဗလျူဘုရှ်နဲ့ ဘာရက်အိုဘားမား တို့တော့ ဘက်ကင်ဟမ်နန်းတော်မှာပဲ တည်းခဲ့ကြပါတယ်။
ဗြိတိသျှ နိုင်ငံရေးမှာ မှတ်ချက်ဝင်ပေး
မစ္စတာ ထရမ့်ရဲ့ နိုင်ငံတော် ခရီးစဉ်ဟာ ဗြိတိန် နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အချိုးအဆစ်တကွေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာပါ။
ဗြိတိန် အီးယူက ခွဲထွက်ရေး ကိစ္စ ညှိနှိုင်းစေ့စပ်လို့ မရတဲ့အတွက် ဝန်ကြီးချုပ် ထရီဇာမေ ထွက်ပေးဖို့ ကြေညာပြီး ခေါင်းဆောင်သစ် ရွေးဖို့ စိုင်းပြင်းနေချိန်မှာ ရောက်လာတာ ဖြစ်ပါတယ်။
ဒီခရီးစဉ် မတိုင်ခင်ကတည်းက မစ္စတာ ထရမ့်က ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိသျှ ဝန်ကြီးချုပ်အသစ် ဖြစ်ထိုက်သူ ဆိုပြီး ဗြိတိသျှ သတင်းစာ တစောင်နဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။
နောက် ဗြိတိန်မှာ လက်ယာစွန်း ခေါင်းဆောင် တယောက်ဖြစ်တဲ့ နိုင်ဂျယ် ဖရာ့ရှ်ကို အီးယူက ခွဲရေး ကိစ္စတွေမှာ ပါဝင်သင့်တဲ့သူ ဆိုပြီး ဆန်းဒေးတိုင်း သတင်းစာကိုလည်း သူက ပြောပြန်ပါတယ်။
ဗြိတိန်ကို ရောက်ခါနီးလေးမှာလည်း မစ္စတာ ထရမ့်က လန်ဒန် မြို့တော်ဝန်နဲ့ အတိတ်က ရန်စကို ပြန်စခဲ့ပါသေးတယ်။
ဆာဒိခန်ဟာ ခံစားချက် မရှိတဲ့ အရှုံးသမား သက်သက်၊ မြို့တော်ဝန် အလုပ်ကိုလည်း မလုပ်တတ်တဲ့သူ ဆိုပြီး ထရမ့်က ရေးပါတယ်။
သူလာတာကို ကောဇောနီခင်းမကြိုသင့်ဘူးလို့ မစ္စတာ ဆာဒိခန်က ပြောဆိုခဲ့တာကို တုံ့ပြန် ခဲ့တာ ပါ။
မစ္စတာ ထရမ့် ဗြိတိန် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒီလို ပြောဆိုနေတာတွေကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီ ဟန့်က လျှော့ပေါ့ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
သူတို့နဲ့ ထရမ့်ကြားမှာ သဘောမတိုက်ဆိုင်တာတွေ ရှိတာကို သိထားကြပြီး ဒါကိုလည်း အပြန်အလှန် သိနားလည်ထားကြတယ်လို့ မစ္စတာ ဟန့်က ပြောပါတယ်။
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ၊ ဥပဒေ စိုးမိုးရေးတွေမှာ နှစ်နိုင်ငံကြား အထူးအရေးပါတဲ့ မဟာမိတ်အဆင့် ဆက်ဆံရေး ရှိပါတယ် လို့လည်း သူက ဆိုပါတယ်။
ထမင်းစားပွဲ သပိတ်မှောက်
အခုလည်း သူ့အတွက် ဘုရင်မက တည်ခင်းတဲ့ ညစာစားပွဲကို မတက်ဖို့ ဗြိတိသျှ အတိုက်အခံ ခေါင်းဆောင်တွေက ကြိုပြီး ကြေညာနေကြပါပြီ။
လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘားကိုးနဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီ ခေါင်းဆောင် ဆာဗင်းဆင့် ကေဘယ်တို့ ဖြစ်ကြပါတယ်။
လန်ဒန်၊ မန်ချက်စတာ၊ ဘဲလ်ဖတ်စ်နဲ့ ဘာမင်ဟမ် အပါအဝင် ဗြိတိန်က မြို့ကြီးတော်တော်များများမှာလည်း ထရမ့်ကို ဆန္ဒပြကြဖို့ ပြင်နေပါတယ်။
မနက်ဖန်မှာ ထရမ့်နဲ့ ထရီဇာမေတို့ တွေ့တဲ့အချိန်မှာတော့ ရာသီဥတု အပြောင်းအလဲ ကိစ္စနဲ့ ဟွာဝေး ကုမ္ပဏီ ကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်လို့ ယူဆ နေကြပါတယ်။
ရာသီဥတု ပြောင်းလဲမှု ကိစ္စ ပဲရစ် ၂ဝ၁၇ သဘောတူညီချက်မှာ အမေရိကန် မပါဘဲ နေခဲ့တာကို ဗြိတိန် ဘက်က စိတ်ပျက်မိကြောင်းလည်း အစိုးရ ပြောခွင့်ရသူက ဒီနေ့ ပြောပါတယ်။
အမေရိကန်က ဟွာဝေးကို လုံခြုံရေးကြောင့်ဆိုပြီး နာမည်ပျက် စာရင်းထည့်နေချိန်မှာ ဗြိတိန်ကတော့ ဖိုက်ဂျီ ကွန်ရက် အဆင့်မြှင့်ဖို့အတွက် ဟွာဝေးကို အရေးမကြီးတဲ့ ပစ္စည်းတချို့ တင်သွင်းခွင့် ပြုဖို့ များနေပါတယ်။