ဝပြည် တရားရေးကော်မတီရဲ့အရာရှိ ၂ ဦးဟာ ရာထူးကိုအသုံးချကာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး ရရှိထားတဲ့ရာထူးအားလုံးက ထုတ်ပယ်ကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ ဝပြည်နယ်တရားရေးရာလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။
ဧပြီ ၂၅ ရက်ထုတ်ပြန်ချက်အရ အရေးယူခံရသူတွေက ဝပြည်တရားရေးကော်မရှင်အောက်က ရဲတပ်ဖွဲ့ ဒါရိုက်တာ Zhao Guoliang နဲ့ ထောက်လှမ်းရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး Zhao Ruxiang တို့ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဒါရိုက်တာ Zhao Guoliangက ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်၊ အမိန့်တွေကို လျစ်လျူရှုပြီး ရာထူးကို အသုံးချကာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သူက ဆွေမျိုးနဲ့ လက်အောက်ငယ်သားတွေရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ရပ်တွေကို ရာထူးသုံးပြီး အကာကွယ်ပေးတယ်လို့ ဝပြည်နယ်တရားရေးရာလုပ်ငန်းကော်မတီက ဆိုပါတယ်။
ထောက်လှမ်းရေးဗျူရိုဒုတိယညွှန်ကြားရေးမှူး Zhao Ruxiangကတော့ ကျားဖြန့် အလုပ်သမားတွေကို နေရာထိုင်ခင်းငှားရမ်းတာ၊ ခိုလှုံခွင့်ပေးတာကို လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
၀ တပ်ဟာ ရှမ်းမြောက်မှာ ကျားဖြန့်ကို ပထမဆုံး နှိမ်နင်းတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ၁၂၀၀ ကျော်ကို နယ်စပ်ကနေ တရုတ်ကို ပထမဆုံး လွှဲပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ရှမ်းမြောက်မှာ ကျားဖြန့်နှိမ်နင်းရေးတွေ ဆက်တိုက်ပေါ်လာပြီး ၂၀၁၇ စစ်ဆင်ရေးအပြင် ကျားဖြန့်နဲ့ဆက်စပ်တယ်ဆိုပြီး တရုတ်ကို ပြန်လွှဲပေးခဲ့သူ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။
အခုတော့ ဝ တပ်က ကျားဖြန့်နဲ့ ဆက်စပ်ပြီး ထိပ်ပိုင်းအရာရှိတွေကို အရေးယူတဲ့အကြောင်း ပြောလာတာဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်က ဦးမင်းအောင်လှိုင်နဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ တွေ့ဆုံချိန်မှာလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။