စံချိန်တင် ထုတ်ပယ်မှုတွေကြားက ရှီကျင့်ဖျင် ပါတီစည်းကမ်း တင်းကျပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကယ်လီ အန်းနဲ့ အီယန် တန်
- ရာထူးတာဝန်, ဘီဘီစီ မော်နီတာရင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေးကြီး နှစ်စဉ် နိုင်ငံရေးအစည်းအဝေး အပြီးမှာ ပါတီဝင် ၃၃ ယောက်ကို ပါတီက ထုတ်ပယ်လိုက်လို့ စံချိန်တင် အများဆုံးဖြစ်လာပါတယ်။
ပေကျင်းမြို့မှာ လေးရက်ကြာ ကျင်းပတဲ့ ပဉ္စမအကြိမ် ဗဟိုကော်မတီ စုံညီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၂၇၉ ဦးသာ တက်ရောက်ပြီး ၂၀၂၅ မှာ ၃၁၅ ဦးနဲ့ ၂၀၂၄ မှာ ၃၆၄ ဦး တက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ လျော့နည်းလာပါတယ်။
ဒီနှစ်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ စုံညီအစည်းအဝေးတွေမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ လူမှုဖွံ့ဖြိုးရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ပါတီစည်းကမ်း လိုက်နာရေးက အဓိက အာရုံစိုက်တဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။
သမ္မတ ရှီကျင့်ဖျင် ၂၀၁၂ က အာဏာရလာချိန်ကစပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အုပ်ချုပ်ရေး မဏ္ဍိုင်တရပ်အဖြစ် သတ်မှတ်ထားပြီး အဲဒီပြဿနာက ပါတီအတွက် "အကြီးဆုံး ခြိမ်းခြောက်မှု" လို့ ပြောဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဆက်လက် အရှိန်မြင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စုံညီအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်အရ ပါတီကနေ ထုတ်ပယ်ခံရသူ ၃၃ ဦးမှာ ၁၆ ဦးဟာ စစ်တပ် အရာရှိတွေ ဖြစ်ပါတယ်။
"ပြင်းထန်တဲ့ စည်းကမ်းချိုးဖောက်မှုနဲ့ ဥပဒေချိုးဖောက်မှု" တွေကို ဒီလူတွေ ကျူးလွန်ခဲ့တယ်လို့သာ ပြောပြီး တိကျတဲ့ စွပ်စွဲချက်တွေကိုတော့ ထုတ်မပြောဆိုပါဘူး။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းတဲ့ စွပ်စွဲချက်တွေက ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအောက်မှာ တွေ့ရလေ့ရှိတဲ့ ပုံစံ ဖြစ်လာပါတယ်။
ဒီလှုပ်ရှားမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးထက် အာဏာကို ပိုခိုင်မာစေဖို့နဲ့ ဆက်လက်ထိန်းသိထားဖို့ ကြိုးပမ်းမှုတရပ် ဖြစ်လာတယ်လို့ ကာနဂျီ တရုတ်သုတေသန အဖွဲ့က ချုံဂျာအီယန်က သုံးသပ်ပါတယ်။
ပါတီခေါင်းဆောင်မှု အားနည်းလာတဲ့ အခြေအနေတွေကို တိုက်ရိုက် ရင်ဆိုင်ဖြေရှင်းနေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီက ပြောကြားပြီး ပါတီတွင်း ကိုယ်တိုင်ကြပ်မတ်ထိန်းချုပ်မှုကို ဆက် တင်းကျပ်သွားမယ်လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတကြိမ် ထုတ်ပယ်မှုကြောင့် ရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းအတွင်း ပါတီမှာ ဖယ်ရှားခံရသူ ၅၁ ဦးထိ ရှိလာပြီး အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ ပထမသက်တမ်းမှာ ၃၅ ယောက်နဲ့ ဒုတိယသက်တမ်းမှာ ၅ ယောက်သာ ထုတ်ပယ်ခဲ့တာပါ။
ဒီနှစ် ပထမ ကိုးလအတွင်းမှာ ပါတီနဲ့ အစိုးရ ယန္တရားတလျှောက် လူ ခြောက်သိန်းရှစ်သောင်းလောက်ကို စည်းကမ်းပိုင်းနဲ့အရေးယူခဲ့တယ်လို့လည်း တရုတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ရှီကျင့်ဖျင် အာဏာရလာပြီး ၁၄ နှစ်အတွင်း စုံညီအစည်းအဝေး တက်သူ သုံးရာအောက်ထိ ပထမဆုံးအကြိမ် ကျဆင်းသွားပါတယ်။ ၂၀၂၂ မှာ စတင်ဖွဲ့စည်းတဲ့ လက်ရှိ ဗဟိုကော်မတီမှာ အဖွဲ့ဝင် ၃၇၀ ကျော် ပါဝင်ခဲ့ပါတယ်။
ရှီကျင့်ဖျင်ဟာ အဂတိလိုက်စားမှုကို ငွေကြေးအလွဲသုံးစားမှုသာမက နိုင်ငံရေးသဘောတရား မသန့်ရှင်းမှုနဲ့ ပါတီအပေါ် သစ္စာ မရှိမှုအဖြစ်ပါ ရှုမြင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဇန်နဝါရီလကလည်း ပါတီအပေါ် သစ္စာရှိတယ် ပြောပေမယ့် အမိန့်ညွှန်ကြားချက် မလိုက်နာဘဲ ကိုယ်ကျိုးရှာနေတဲ့ "မျက်နှာနှစ်ဘက်ရှိတဲ့ ပါတီ အရာရှိတွေ" ကို ရှီကျင့်ဖျင်က သတိပေး ခဲ့ပါတယ်။
ဘယ်သူတွေ အဓိက ထုတ်ပယ်ခံရလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထုတ်ပယ်ခံရသူ အဆင့်မြင့် အရာရှိတွေထဲမှာ ရှင်ကျန်းဒေသ ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း မာရှင်းရွေ့ ၊ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ကျန်းယိုရှားနဲ့ လျူကျန်လီ တို့ ပါဝင်ပါတယ်။
ဒီနှစ်အတွင်း သူတို့ကို ရာထူးက ဖယ်ရှားကြောင်း ထုတ်ပြန်ချက်တွေမှာ "ပါတီစည်းကမ်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်" လို့သာ ဖော်ပြထားပြီး တရုတ်နိုင်ငံမှာ အဲဒီလို သုံးနှုန်းချက်ကို အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်တဲ့ စွပ်စွဲချက်အဖြစ် ယေဘုယျ နားလည်ကြပါတယ်။
အထူးသဖြင့် စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို ဖယ်ရှားခဲ့တာက အာရုံစိုက်စရာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်စစ်တပ်ရဲ့ ခေါင်းဆောင်မှုနဲ့ စစ်ဆင်ရေး အဆင်သင့်ဖြစ်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေတယ်လို့လည်း အာရှ အသင်း မူဝါဒ သိပ္ပံက လေ့လာသူ နီးလ် သောမတ်၊ လော့ဘ်ဆန် ဆားရင်းနဲ့ ရှန်ယုဝမ်တို့က သုံးသပ်ပါတယ်။
ကျန်းယိုရှားဟာ တရုတ်စစ်တပ်ကို ထိန်းချုပ်တဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ သူ ဖယ်ရှားခံရပြီးနောက် ကော်မရှင်မှာ ဥက္ကဋ္ဌ ရှီကျင့်ဖျင်နဲ့ ဒုဥက္ကဋ္ဌ ကျန်းရှင်းမင် တို့သာ အဓိက ကျန်ရှိနေပါတယ်။
မာရှင်းရွေ့နဲ့ ကျန်းယိုရှားတို့ဟာလည်း ကွန်မြူနစ်ပါတီရဲ့ အာဏာအရှိဆုံး အဖွဲ့တွေထဲက တခုဖြစ်တဲ့ ပေါ်လစ်ဗျူရိုဝင်ဟောင်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ထင်ရှားတဲ့ သံတမန်ဟောင်း လျူကျန်ချောင်ကိုလည်း ထုတ်ပယ်ခံရသူတွေထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ မနှစ် ဇူလိုင်လကတည်းက လူမြင်ကွင်းက သူ ပျောက်နေပါတယ်။
ရှီကျင့်ဖျင် ကိုယ်တိုင် တင်ပေးခဲ့တဲ့ အရာရှိတွေကိုပါ လိုရင် ဖယ်ရှားဖို့ ဝန်မလေးကြောင်းနဲ့ အဲဒီလို လုပ်နိုင်ခြင်းက သူ့အာဏာ တည်ငြိမ်ခိုင်မာမှုကို ပြနေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရှီကျင့်ဖျင်ရဲ့ ရှေ့ဆက် အစီအစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံရေး လေ့လာသူတွေကတော့ ပါတီစည်းကမ်းနဲ့ သစ္စာခံမှုအပေါ် အခုလို ပိုမို အလေးပေးလာတာဟာ နောက်နှစ် ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အတွက် ပြင်ဆင်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီညီလာခံမှာ ပါတီခေါင်းဆောင် ထပ်ရွေးကြမှာပါ။
၂၀၂၇ မှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ လုပ်ဖို့ ရှိပြီး ရှီကျင့်ဖျင်အနေနဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးကို စတုတ္ထသက်တမ်း ဆက်ယူနိုင်ဖွယ် ရှိတယ်လို့ လေ့လာသူ အများစုက ခန့်မှန်းပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မော်စီတုန်းနောက်ပိုင်း အဲဒီလောက် ကြာရှည်စွာ အာဏာဆက်လက် ကိုင်စွဲခဲ့တဲ့ ခေါင်းဆောင် မရှိသေးပါဘူး။
လက်ရှိ ဗဟိုကော်မတီဝင် အများအပြား ရာထူးက ဖယ်ခံရတဲ့အတွက် ရှီကျင့်ဖျင်အနေနဲ့ နောက်တက်မယ့် ခေါင်းဆောင်မျိုးဆက်ကို ပို စိစစ်ရွေးချယ်ဖို့ အကြောင်းရှိတယ်လို့ နီးလ် သောမတ်က ပြောပါတယ်။
လက်ရှိ ပေါ်ထွက်လာတဲ့ လူငယ် နိုင်ငံရေးကြယ်ပွင့်တွေက နည်းပညာ ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးကွန်ရက်နဲ့လည်း ဆက်နွှယ်ကြတယ်လို့ သူက သုံးသပ်ပါတယ်။ အထူးသဖြင့် ပြည်နယ်အဆင့် ခေါင်းဆောင်ပိုင်းမှာ အနာဂတ် ခေါင်းဆောင်တွေကို တွေ့နိုင်တယ်လို့ ဆိုပါတယ်။
၂၁ ကြိမ်မြောက် ပါတီကွန်ဂရက်မှာ ရာထူးခန့်အပ်ရွေးချယ်မှုတွေကို ရှီကျင့်ဖျင်က အဓိက ထိန်းချုပ်သွားဖွယ်ရှိပြီး အဲဒါက ပါတီနဲ့ နိုင်ငံအပေါ် သူ့ရဲ့ ဩဇာအာဏာကို ပိုမို ခိုင်မာစေမယ်လို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။
ရှီကျင့်ဖျင်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အာဏာကို သူ့ပတ်လည်မှာ ပိုမို စုစည်းခိုင်မာစေဖို့ ဖြစ်တယ်လို့ ကာနဂျီ တရုတ် သုတေသန အဖွဲ့က ချုံဂျာအီယန်က ပြောပါတယ်။ လက်ရှိ စုံညီအစည်းအဝေး ရလဒ်တွေကို ကြည့်ရင်လည်း နောင်ကာလ ကြာရှည်စွာ တရုတ်နဲ့ ကွန်မြူနစ်ပါတီရဲ့ ဗဟိုချက်မှာ ရှီကျင့်ဖျင် ဆက်ရှိနေဖို့ ရည်ရွယ်တာကို မြင်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အာဏာ အလွန်အကျွံ စုစည်းမှုကြောင့် ရှီကျင့်ဖျင် အသက်ကြီးပြီး နိုင်ငံရေးအရှိန် လျော့သွားတဲ့အခါ ပိုကြီးတဲ့ အာဏာလစ်ဟာမှု ပြဿနာ ပေါ်နိုင်တယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။

























