
ဓာတ်ပုံ ရင်းမြစ်, Thai Police
ဓာတ်ပုံ ပုံစာ, မြန်မာလုပ်သား စုံတွဲတွေ ဖမ်းဆီးခံရချိန်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လက်ကဘန်းခရိုင်မှာ တရုတ်အလုပ်ရှင်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့မှုနဲ့ ဆက်စပ်ပြီး သံသယရှိခံထားရတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်တွဲကို အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ချွန်ဘူရီခရိုင်က ကြံစိုက်ခင်းထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ချွန်ဘူရီခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းသတင်းဌာနတချို့ ရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ လက်ကဘန်းခရိုင်ရှိ တရုတ်နိုင်ငံသားရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၆၀ ခန့်ကို လုပ်ခလစာပေးနေချိန် အငြင်းပွားမှု ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ယန်ကျုံးဆူးနဲ့ အသက် ၄၉ နှစ်အရွယ် ဟဲရှစ်ရှင်းတို့ဟာ အလုပ်သမားတွေကို လစာပေးဖို့ လုပ်ငန်းခွင်ကို ရောက်လာခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ယန်က မြန်မာအလုပ်သမား လင်မယားနှစ်တွဲကို အလုပ်လုပ်ပုံမကောင်းဘူး၊ သတ်မှတ်စံနှုန်းမမီဘူးဆိုပြီး ဆဲရေးပြောဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပြောဆိုချက်တွေကြောင့် မြန်မာလင်မယား နှစ်တွဲက အလုပ်ထွက်လိုကြောင်း ပြောခဲ့ပေမဲ့ ကြိုတင်အကြောင်းမကြားခဲ့တဲ့အတွက် လုပ်ခလစာပေးမှာမဟုတ်ဘူးလို့ ယန်က ပြောခဲ့ရာကနေ အငြင်းပွားမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာအမျိုးသားနှစ်ဦးက ယန်ကို သံချောင်းနဲ့ ရိုက်နှက်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် ယန် သေဆုံးခဲ့ပြီး ဟဲကတော့ ဦးခေါင်းနဲ့ ကျောဘက်မှာ ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဥ် အပြီးမှာ မြန်မာလေးဦးဟာ ချွန်ဘူရီခရိုင်ဘက်ကို ထွက်ပြေးပြီး ကြံစိုက်ခင်းထဲမှာ ပုန်းအောင်းနေခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ဖနတ်နိခုံးရဲစခန်းက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ ကြံစိုက်ခင်း ၁၀၀ ရိုင်ကျော်( ဧက ၄၀ ခန့်) ရှိတဲ့ နေရာကို ငါးနာရီကြာ ဝိုင်းပိတ်ရှာဖွေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာလေးဦးဟာ ကြံခင်းထဲကနေ ထွက်လာပြီး အဖမ်းခံခဲ့ကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ပြပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၉ ရက် မှာ သူတို့လေးဦးကို အမှုဖြစ်ပွားခဲ့တဲ့ လက်ကဘန်းရဲစခန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။