ရခိုင်ကို ပိတ်ဆို့တိုက်ခိုက်တဲ့စစ်တပ်ဗျူဟာ အောင်မြင်နိုင်မလား

ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့တွေကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားတာ နှစ်နှစ်နီးပါး ရှိပါပြီ။ စစ်ခေါင်းဆောင်ဟောင်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က သူ သမ္မတ ဖြစ်လာတာနဲ့ အပစ်မရပ်ရသေးတဲ့အဖွဲ့တွေကို နေပြည်တော်က ဆွေးနွေးလိုကြောင်း ဖိတ်စာတွေ ပို့ခဲ့ပြီး အဲဒီထဲမှာ အေအေကိုတော့ ချန်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကလည်း တခြားဒေသတွေထက် ရခိုင်ဘက်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို 'ရန်နိုင်အောင် စစ်ဆင်ရေး' လို့ အမည်ပေးထားပြီး စစ်တပ်ထောက်ခံသူတွေကတော့ '၄၉၂၆ စစ်ဆင်ရေး'လို့လည်း အမည်တပ်ပါတယ်။
စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကို အကြောင်းပြုပြီး ၄၉၂၆ လို့ သူတို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်တပ်ကတော့ ရခိုင်ကို အေအေလက်ထဲကနေ သိမ်းယူဖို့ စစ်ရေးနည်းဗျူဟာတွေ ပြောင်းလဲပြီး ထိုးစစ်ကြီးတွေကို ပြင်ဆင်လာနေတာတွေ့လာရပါတယ်။
အခု လက်ရှိမှာလည်း ရခိုင်ပြည်နယ်နဲ့အစပ်ဒေသတွေမှာ တပ်အင်အားဖြည့်တင်းပြီး ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အလားတူ ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ကျောက်ဖြူမြို့နယ်ဘက်ကနေ ရမ်းဗြဲမြို့နယ်ဘက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားတာနဲ့ စစ်တွေကနေ ပုဏ္ဏားကျွန်း မြို့နယ်ဘက်ကို ဝင်ရောက်ဖို့ ကြိုးစားတာတွေ အောက်တိုဘာလအထိ ရှိနေပါတယ်။
စစ်တပ်ဘယ်လို ပြင်ဆင်လာသလဲ
ပြီးခဲ့တဲ့ ငါးလလောက်ကစလို့ စစ်တပ်ဟာ ရှမ်းမြောက်ဒေသက တော်လှန်ရေးတပ်တွေနဲ့အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းက တချို့ဒေသတွေကိုလည်း ပြန်လည်သိမ်းပိုက် ထိန်းချုပ်တာတွေ လုပ်ခဲ့ပါတယ်။
အလားတူ ချင်းပြည်နယ် မြောက်ပိုင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး သူတို့ ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကလေး-တမူး လမ်းပိုင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်လမ်းကြောင်း အများစုကို စစ်တပ်ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တွေဝင်ရောက်နိုင်ဖို့ စတင်ကြိုးစားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်နည်းအားဖြင့် ရခိုင်မှာ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစလို့ ပိုပြီးသိသိသာသာ တွေ့မြင်လာခဲ့ရပါတယ်။
စက်တင်ဘာ ၃ ရက်နေ့မှာ စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(ဒကစ)ရှိတဲ့စစ်တွေမြို့အနီးဝန်းကျင်နေရာတွေနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ဂွ၊ သံတွဲ၊ ကျောက်ဖြူစတဲ့မြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတာ၊ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာလအတွင်းမှာပဲ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အခုလို စစ်တပ်က ရခိုင်ကို ထိုးစစ်တွေကြီးကြီးမားမားနဲ့ ဝင်ရောက်ဖို့ကြိုးစားလာနေတာကို အေအေကလည်း သိရှိထားပြီး စစ်ရေး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားတယ်လို့ အေအေ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့ထိုးစစ်တွေက ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်လာနိုင်မလား။ အေအေက စစ်တပ်ရဲ့ ထိုးစစ်တွေကို ဘယ်လိုတန်ပြန်မှုတွေလုပ်မလဲဆိုတာက စစ်ရေးအကဲခတ်တွေရော ဒေသခံတွေပါ စောင့်ကြည့်နေကြတဲ့အခြေအနေဖြစ်ပါတယ်။
စစ်တပ်ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ်မတိုင်ခင် အခြေအနေဆီ ပြန်သွားချင်တယ်လို့ ပြောတဲ့အကြောင်း အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောဆိုချက်အရ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တရုတ်၊ ဟိုင်ဂင်မှာ အေအေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ချိန်မှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
စစ်တပ်ရဲ့ဘက်ပေါင်းစုံ ပိတ်ဆို့မှု
လက်ရှိမှာ ရခိုင်တစ်ပြည်နယ်လုံး အေအေလက်ထဲကနေ ပြန်ယူဖို့ဆိုပြီး စစ်တပ်က ပြင်ဆင်စုဖွဲ့တာ၊ ထိုးစစ်ဆင်တာ သူနဲ့အနီးဆုံး ထောက်ပို့လမ်းတွေကို ဖြတ်တောက်တာ၊ အဲဒီတလျှောက်က တော်လှန်ရေးတပ်တွေနဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ တစ်စထက်တစ်စ အင်အားအလုံးအရင်းနဲ့ ချဥ်းကပ်တိုက်ခိုက်တာတွေ ၂၀၂၆ နှစ်ဝက်ပိုင်းကစလို့ မြန်မြန်ဆန်ဆန် တွေ့လာရပါတယ်။
အခုတော့ အဲဒီထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ပြန်ရသွားပါပြီ။
ဒီလမ်းဟာ လက်ရှိ စစ်တပ်က ထိုးစစ်တွေလုပ်နေတဲ့ ယောဒေသနဲ့ ဂန့်ဂေါဘက်တွေကို ဆက်သွယ်သွားလာနိုင်တဲ့လမ်းဖြစ်ပါတယ်။ ချင်းပြည်နယ်ဘက် အဝင်လမ်းတွေကို ပိတ်ဆို့လိုက်ပြီး ရခိုင်ပြည်နယ်အတွက် ရိက္ခာဖြတ်တောက်မှုတွေ လုပ်ထားပါတယ်။
ဒီ မုံရွာ-ယာကြီး-ကလေးဝလမ်းကို ထိန်းချုပ်လိုက်နိုင်ရင် ကချင်ပြည်နယ်ဘက်ကနေ ရရှိနေတဲ့ အေအေရဲ့ခဲယမ်းစီးဆင်းမှုတွေ ရပ်ဆိုင်းသွားနိုင်လို့ စစ်တပ်ဘက်က ဖြတ်တောက်နေတာပါ။ ဒါပေမဲ့ အခြားထောက်ပို့လမ်းတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
တဆက်တည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကိုလည်း စစ်ကြောင်းတွေ ခွဲပြီးတော့ ဝင်ရောက်နိုင်ဖို့ မေလကတည်းက ကြိုးစားနေပြီး အောက်တိုဘာအထိ စစ်တပ်စစ်ကြောင်းတွေက ရှေ့ဆက်မတိုးနိုင်သေးပါဘူး။
စစ်တပ်ဟာ ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကိုပါ ထိုးဖောက်လာနိုင်တဲ့အခြေအနေ ရှိနေပြီး ကချင်လွတ်လပ်ရေးတပ်(KIA) သိမ်းထားတဲ့ မဘိမ်း၊ မံစီ၊ မိုးမောက်ဘက်တွေကိုလည်း စစ်ကြောင်းတွေ ဖြန့်ကြက်လာတာ တွေ့ရတယ်လို့ စစ်ရေး စောင့်ကြည့်သူတွေက ပြောပါတယ်။
လက်ရှိအချိန်ထိပဲ စစ်တပ်ဟာ KIA နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဗန်းမော်မြို့ကို ပြန်ရဖို့ထိုးစစ်ကြီးတွေ အကြီးအကျယ် ပြုလုပ်နေရဆဲဖြစ်ပါတယ်။
စစ်တပ်ဘက် ယူဆနေသလိုမျိုး ဒီလမ်းတွေကို ဖြတ်တောက်လိုက်နိုင်ရင် အေအေ အကျပ်ရိုက်မယ်ဆိုတဲ့ဗျူဟာက အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်နေကြတဲ့အချိန်မှာ ဖြစ်နိုင်ခြေ နည်းတယ်လို့ အေအေနဲ့ စစ်ရေးနီးစပ်သူတစ်ဦးက ပြောပါတယ်။
သူထောက်ပြတဲ့အချက်က အေအေအတွက် ဆက်သွယ်ရေးနဲ့ ထောက်ပို့ကိစ္စတွေမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့တခြားဒေသတွေကို အသုံးပြုလို့ ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေက ကချင်-စစ်ကိုင်း-ချင်းပြည်နယ် လမ်းကြောင်းတွေအပြင် ခဲယမ်းရရှိနိုင်တဲ့တခြားလမ်းကြောင်းတွေကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် ဖြတ်လေးဖြတ်လို့ အများသိကြတဲ့ စစ်တပ်က သူ့ရန်သူတွေအပေါ် အမြဲကျင့်ကြံခဲ့တဲ့ ဗျူဟာတွေကို တော်လှန်ရေးတပ်တွေက ကျင့်သားရနေကြတာကြောင့် တစ်နည်းမဟုတ် တစ်နည်း ပြင်ဆင်ထားပြီးသားလို့ စစ်ရေးလေ့လာသူတွေကပြောပါတယ်။
စစ်တပ်က ဖြတ်လေးဖြတ်ရဲ့အဓိကပစ်မှတ်တွေက ဆက်သွယ်ရေး ဖြတ်တောက်မှု၊ ခဲယမ်းဖြတ်တာက်မှု၊ စစ်ကူဖြတ်တောက်မှုနဲ့ ရိက္ခာဖြတ်တောက်မှုတွေဖြစ်ပါတယ်။
အေအေ တုံ့ပြန်လာတဲ့ ဗျူဟာ
အေအေရဲ့ဗျူဟာက ရခိုင်နဲ့ထိစပ်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းတို့မှာ စစ်ပွဲကြားခံဇုန်ပုံစံ ဖန်းတီးထားတာပါ။ အဲဒီက ဒေသခံတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ခိုင်ခိုင်မာမာဖွဲ့ပြီး စစ်ရေးနဲ့နိုင်ငံရေး အကူအညီတွေ ပေးပါတယ်။ စစ်တပ်ဟာ အဲဒီဒေသတွေက တော်လှန်ရေးတပ်တွေကိုမကျော်ဖြတ်နိုင်ဘဲ ရခိုင်ကို ရောက်ဖို့ မလွယ်ပါဘူး။
မြင်သာအောင်ပြောရရင် မကွေးနဲ့ ရခိုင်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း တောင်ကြားလမ်းဟာ စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ကြီးရှိခဲ့ရာ အမ်းအထိ တိုက်ရိုက်လမ်းပေါက်ပါတယ်။
အဲဒီလမ်းကိုသုံးပြီး စစ်တပ်ဟာ သူ့တိုင်းစစ်ဌာနချုပ်ကြီးပြန်ရဖို့ အကြိမ်ကြိမ် ကြိုးစားနေပေမဲ့ နှစ်နှစ် နီးပါးရှိလာတဲ့အထိ အမ်းမြို့နားတောင် မကပ်နိုင်သေးတဲ့အခြေအနေဖြစ်ပါတယ်။
ဒါဟာ အဲဒီတောင်ကြားလမ်းတလျှောက် မကွေးတော်လှန်ရေးတပ်တွေနဲ့ အေအေတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို မကျော်နိုင်သေးတာကိုလည်း ပြသပါတယ်။
အေအေဟာ တိုက်ပွဲကာလ သုံးနှစ်နီးပါးအချိန်ထိရောက်လာပေမဲ့ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကြားမှာ ခုခံတိုက်ခိုက်နိုင်မှုအခြေအနေတွေက ကျဆင်းမသွားဘူးလို့ စစ်တပ် CDM အသိုင်းအဝိုင်းက ထောက်ပြပါတယ်။
တိုက်ပွဲကာလတစ်လျှောက်လုံး ကြည်း၊ရေ၊လေ ပူးပေါင်းထိုးစစ်ဆင်နေပေမဲ့ စစ်တပ်စစ်ကြောင်းတွေကို ရခိုင်ပြည်နယ်ဘက် ဝင်ရောက်မလာနိုင်အောင် အေအေဘက်က ဆက်လက် ခုခံထားနိုင်နေတယ်လို့ ဆိုပါတယ်။
နောက်တစ်ချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းတပ်တွေ ရှိနေတဲ့ဒေသတွေမှာ တပ်ဖြန့်ထားတဲ့ သူတို့တပ်ဖွဲ့တွေကို ပြန်ခေါ်တာမျိုးမလုပ်ဘဲ ဆက်ထားနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
အေအေဟာ ၂၀၂၀ ခုနှစ် မတိုင်ခင် ရခိုင်မှာ စစ်ရေးဖော်ဆောင်မှုတွေကို ကြီးကြီးမားမား လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီခုနှစ်တွေအတွင်း တစ်နိုင်ငံလုံးမှာ အေအေ တစ်ဖွဲ့တည်းပဲ စစ်တိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ စခဲ့တဲ့အဲဒီတိုက်ပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အပစ်ခတ်ရပ်စဲခဲ့ပါတယ်။ အဲဒီအချိန်မှာကတည်းက အေအေက စစ်ပွဲတွေ အတော်များများမှာ အသာရခဲ့တာတွေ့ရပါတယ်။
ရခိုင်အပါအဝင် တစ်နိုင်ငံလုံးကို စစ်တပ်က ထိန်းချုပ်ထားချိန်မှာတောင် စစ်တပ်ကို တိုက်ဖို့ လက်နက်ခဲယမ်းတွေ အေအေ ရရှိနေတာ ဖြစ်ပါတယ်။ အေအေရဲ့ လက်နက်ခဲယမ်း အကူအညီတွေကို ''ဝ '' နဲ့ ကချင်အဖွဲ့တို့ဆီကနေ အဓိကရရှိနေတာလို့ စစ်ရေးအကဲခတ်တွေနဲ့ CDM စစ်သားတွေက ဆိုပါတယ်။
"ဖြတ်လေးဖြတ်လုပ်တိုင်းသာ စစ်တပ်ကို မတိုက်နိုင်တော့ဘူး ထင်ရင် မှားမှာပေါ့။ ရခိုင်ပြည်က စစ်တပ် လေယာဉ် တစ်ခုကိုပဲ စိုးရိမ်နေရတဲ့အနေအထား''လို့ အေအေနဲ့ စစ်ရေးနီးစပ်သူတစ်ဦးက ပြောပါတယ်။
ရေကြောင်းကတော့ ထိရောက်တဲ့ စစ်ရေးဖိအားပေးနိုင်တဲ့အခြေအနေ မရှိနိုင်ဘူးလို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။ အေအေ လက်အောက်က ပင်လယ်ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲ၊ ရမ်းဗြဲမြို့တွေဘက်မှာတော့ စစ်သင်္ဘောတွေက ကမ်းနဲ့ မိုင် ဆယ်ချီကွာဝေးတဲ့နေရာတွေမှာပဲ ရှိကြတာဖြစ်ပါတယ်။ ကျန်မြို့နယ်တွေမှာတော့ ရေတပ်သင်္ဘောတွေ ဝင်လာဖို့ ခက်ခဲသလို နယ်မြေအနေအထားအရ ကမ်းကပ်ဖို့လည်း ခက်ခဲတယ်လို့ ပြောကြပါတယ်။
လက်ရှိအခြေအနေအရတော့ ရခိုင်ပြည်နယ်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ကုန်စည်စီးဆင်းမှုနဲ့ ငွေကြေးလည်ပတ်မှုလမ်းကြောင်းတွေကို ဒေသခံလုပ်ငန်းရှင်တွေက လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အေအေထိန်းချုပ်ထားတဲ့ဒေသတွေ အထူးသဖြင့် ချင်း-မကွေးဘက်လမ်းကြောင်း၊ ပြည်-တောင်ကုတ် လမ်းကြောင်း၊ အိန္ဒိယနဲ့မြန်မာနယ်စပ်က ပလက်ဝ-မီဇိုရမ်လမ်းကြောင်းနဲ့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တော-တက္ကနက်ဖ် လမ်းကြောင်းတွေကို အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chin Defence Force - Asho
အရင်းအမြစ်တွေ စုဆောင်းထားတဲ့အေအေ
ဒီလမ်းကြောင်းတွေအားလုံးဟာ အေအေရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။ အခုလို နယ်စပ်ကုန်သွယ်မှုတွေ လုပ်ကိုင်နိုင်ဖို့ အေအေက အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိကြတယ်လို့လည်း နားလည်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့တော့ ဆက်ဆံရေးကောင်းမွန်တဲ့အခြေအနေမျိုး မဟုတ်ပါဘူး။
စစ်တပ်ဟာ အေအေနဲ့တိုက်ပွဲတွေမှာ အသာစီးရရှိတယ်ဆိုတာ ရှားရှားပါးပါး ဖြစ်ပါတယ်။ ဒါကြောင့် အေအေဟာ တိုက်ပွဲတိုင်းမှာ သူတို့ဘက်က ထုတ်သုံးလိုက်တဲ့လက်နက်ခဲယမ်းတွေနဲ့ တန်အောင်ကို ပြန်လည်ရရှိခဲ့တာလို့ ရခိုင်စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
ဒါကြောင့် အေအေဟာ စစ်တပ်ကို နိုင်တဲ့ပွဲတိုင်း ရန်သူ့လက်နက် ကိုယ့်လက်နက်ပုံစံ သူတို့ရဲ့ လက် နက်ခဲယမ်းကို ပြန်ပြီးဖြည့်တင်းနိုင်တာ တွေ့ရတယ်လို့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
နောက်တစ်ချက်က အေအေရဲ့စစ်သည်တွေနဲ့ စစ်တပ်ရဲ့စစ်သည်တွေက အသက်အရွယ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကွာဟမှု ဖြစ်ပါတယ်။ အေအေ စစ်သည်တွေက အသက် ၃၀ အောက်တွေ ပိုများပြီး မြန်ဆန်သွက်လက်တယ်။ ''ရဲရင့်တယ်၊ အဆုံးပြောရရင်သေမှာ မကြောက်ကြဘူး'' လို့ အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။
အဲဒါတွေအပြင် နယ်မြေကျွမ်းကျင်မှုနဲ့ ရာသီဥတု ဒဏ်ခံနိုင်ရည်မှာလည်း အေအေ စစ်သားတွေက သာတယ်လို့ ရခိုင်တိုက်ပွဲတွေမှာ ကိုယ်တိုင်ရှိခဲ့တဲ့ CDM စစ်သားတစ်ဦးက ပြောပါတယ်။
အေအေရဲ့စစ်ရေးကြိုတင်ပြင်ဆင်ထားမှုတွေထဲမှာ အရေးကြီးဆုံးစွမ်းရည်တစ်ခုက ကြားဖြတ် တိုက်ခိုက်မှုနဲ့ လက်နက်ခဲယမ်းတွေကို တိုက်ပွဲတွေဆီ မြန်မြန်ထောက်ပို့ပေးနိုင်မှု ဖြစ်ပါတယ်။
သင်တန်းကျောင်းတွေနဲ့ လေ့ကျင့်ရေး ကွင်းတွေက ပို့ချထားတဲ့စွမ်းရည်တွေအပြင် တိုက်ပွဲတွေက ရရှိတဲ့အတွေ့အကြုံတွေက သူတို့မှာရှိနေပါတယ်။
အေအေဟာ ကျောက်ဖြူနဲ့ စစ်တွေ ၂ မြို့ကို မရသေးပေမဲ့ သူတို့ရဲ့တိုက်စွမ်းအားက လုံးဝကျမသွားသေးဘူးလို့ စစ်ရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။ ဒေသခံတော်လှန်ရေးတပ်တွေကိုလည်း လက်နက်ခဲယမ်း၊ နည်းပညာအကူအညီတွေ ပေးထားနိုင်တာကို တွေ့ရပါတယ်။
လက်ရှိမှာ စစ်တပ်က ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးနီးပါးကို လေကြောင်းဗုံးကြဲမှုတွေလုပ်နေသလို မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တာတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်တာတွေကို ဦးတည်လာတယ်လို့ ပြောဆိုမှုတွေရှိကြပါတယ်။ ပြီးခဲ့တဲ့ လူ ၅၀ ကျော်သေဆုံးတဲ့စက်တင်ဘာ ၂၈ ရက်နေ့ ကျောက်တော်မြို့က အိန္ဒိယဈေးကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ကို ထောက်ပြကြပါတယ်။
မြေပြင်ထိုးစစ်တွေဝင်ရောက်နိုင်ဖို့ စစ်တပ်ရှိနေတဲ့ ဧရာဝတီ - ရခိုင်အစပ်၊ မကွေး- ရခိုင်အစပ်၊ ပဲခူးရခိုင်အစပ်နဲ့ ချင်တောင်ပိုင်းဒေသတွေမှာ အင်အားဖြည့်တင်းပြီး ထိုးစစ်တွေရှိနေပါတယ်။
ရခိုင်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကနေလည်း အတွင်းပိုင်းဒေသတွေကို ထိုးဖောက်နိုင်ဖို့ ကြိုးစားတာတွေ ရှိလာနေပါတယ်။
လေကြောင်းဆက်တိုက် တိုက်ခိုက်မှုအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း အရင်ကထက် ကမ်းနဲ့နီးတဲ့နေရာတွေထိ တိုးလာတာနေတာတွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။
စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်ရပ်စဲမှုတွေ တိုးလုပ်လာသလို တချို့ဒေသတွေကို ပြန် ထိန်းချုပ်ပြီး အေအေဆီ ရိက္ခာ၊ လက်နက်ခဲယမ်း မစီးဆင်းနိုင်အောင်ဆိုတဲ့ ဗျူဟာနဲ့ ပိတ်ဆို့မှုတွေလုပ်နေတယ်လို့ ရခိုင်စစ်ရေးအကဲခတ်တချို့က ရှုမြင်ပါတယ်။
အေအေကလည်း သူတို့ရဲ့တပ်အင်အားကို ဖြည့်တင်းတိုးချဲ့မှုတွေကို ဆက်တိုက်လုပ်နေတာတွေရှိတယ်လို့ အေအေစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ရခိုင်ကို စစ်မျက်နှာ ၇ ခုကနေ အရင်ကထက် အင်အား ၂ ဆ၊ ၃ ဆ တိုးပြီး ကြည်း၊ ရေ၊ လေထိုးစစ်ကို ထပ်တိုးလုပ်လာနိုင်တယ်လို့ အေအေရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ ညိုထွန်းအောင်ကလည်း ULA/AA ရဲ့ ပါတီစာစောင်တစ်ခုမှာ ပြောပါတယ်။

























