ဇွန်လ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂ အပါအဝင် ရန်ကုန်အခြေစိုက် သံရုံးတွေက ထုတ်ပြန်ချက်တွေနဲ့ ဆုတောင်းပေးကြတဲ့သတင်းအပါအဝင် ဇွန်လ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ နေပြည်တော်၊ မြနန်းဘုံသာလမ်း မြနန်းဘုံသာလမ်း၊ အိမ်အမှတ် ၃၃ (အေ) မှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို စစ်တပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ရှားပါးမှတ်တမ်းဓာတ်ပုံတချို့ ကို ဘီဘီစီက မြင်တွေ့ခွင့်ရခဲ့ပါတယ်။
ဒီ ရုပ်မြင်ရှင်းပြချက်လင်ခ့် မှာ ကြည့်ရှုနိုင်ပါပြီ။

နွေရာသီရောက်လာချိန်မှာ ကေးရှင် တစ်ယောက် သူ့အဝတ်အစားတွေကိုရှင်းနေတုန်း ထူးခြားတာ တစ်ခုကို သတိပြုမိခဲ့ပါတယ်။ သူ့ အဝတ်ဗီရိုထဲမှာ "ယောက်ျားဝတ်" အဝတ်အစားတွေက အမျိုးသမီးဝတ်ထက် ပိုများနေပါတယ်။
တရုတ်မှာ ဒီလို trend တစ်ခု ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။
အပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

မြန်မာဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ တရုတ်ရဲ့အထောက်အပံ့ကို လိုအပ်နေသလို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း ဘေကျင်းရဲ့ရပ်တည်ချက်က အရေးပါနေပါတယ်။
အခုဇွန်လမှာ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ (FATF) ရဲ့ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို ပဲရစ်မြို့မှာ ကျင်းပနေပါတယ်။
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့အမည်ပျက်စာရင်း (Blacklist) ထဲ ရောက်နေတဲ့ မြန်မာအပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို အဲဒီဆွေးနွေးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
အသက် ၁၂-၁၃ နှစ်မှာ HPV ကာကွယ်ဆေးထိုးထားတဲ့ မိန်းကလေးတွေဟာ အသက် ၃၀ မတိုင်ခင်မှာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနိုင်ခြေ လုံးဝမရှိသလောက်နီးပါးဖြစ်လာတယ်လို့ လန်ဒန် ကွင်းမေရီတက္ကသိုလ်ရဲ့ ထင်ရှားတဲ့သုတေသနအသစ်တစ်ခုက ထုတ်ပြန်ပါတယ်။
HPV ကာကွယ်ဆေးကို အင်္ဂလန်မှာ ၂၀၀၈ ခုနှစ်က စတင်ထိုးနှံပေးပြီးတဲ့နောက်ပိုင်း သေဆုံး နှုန်းဟာ သိသိသာသာလျော့နည်းသွားတယ်လို့ သုတေသနကဆိုပါတယ်။
၂၀၂၀ နဲ့ ၂၀၂၄ ခုနှစ်အတွင်း အသက် ၂၀ ကနေ ၂၄ နှစ် အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာ ကြောင့် လုံးဝသေဆုံးသူမရှိတာတွေ့ရပြီး ဒါဟာ ၅ နှစ်ကျော်အတွင်း ပထမဆုံးကြုံရတာပါ။
ကာကွယ်ဆေးသာမထိုးပေးခဲ့ရင် ဒီကာလမှာ သေဆုံးသူ ၂၃ ဦးဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုမြင့်မားတဲ့ နိုင်ငံဖြစ်တယ်လို့ WHO က ဆိုထားပါတယ်။
GLOBOCAN 2020 ရဲ့ အချက်အလက်အရ အမျိုးသမီး တစ်သိန်းမှာ ၂၂ ဦး သားအိမ်ခေါင်းကင်ဆာ ကူးစက်ခံရပြီး တစ်သိန်းမှာ ၁၄ ဦးနှုန်း သေဆုံးတယ်လို့ ဖော်ပြပါတယ်။
မြန်မာမှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၂၀၂၀ ခုနှစ်မှာ စတင်ထိုးနှံပေးနိုင်ပြီး အသက် ၉ နှစ်ကနေ ၁၁ နှစ်အရွယ်မိန်းကလေးတွေကို ကျောင်းအခြေပြုထိုးပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကကြေညာထားပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာတော့ အသက် ၁၈ နှစ်အရွယ်အထိ တိုးမြှင့်ထိုးပေးမယ်လို့ ဆိုပေမဲ့ စစ်ပွဲနဲ့ ပဋိပက္ခ ဒေသတွေမှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အပါအဝင် တခြားကာကွယ်ဆေးတွေကို ထိုးနှံနိုင်ဖို့ အကန့်အသတ်တွေရှိနေကြပါတယ်။
HPV ကာကွယ်ဆေးဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးများနဲ့ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကင်ဆာရောဂါများကို ၉၀% အထိ ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။
အမျိုးသမီးတွေမှာရော အမျိုးသားမှာပါ ကူးစက်ဖြစ်ပွားနိုင်ပြီး ဒီကူးစက်မှုရဲ့နောက်ဆက်တွဲအနေနဲ့ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မွေးလမ်းကြောင်း၊ လိင်တံ၊ စအိုနဲ့ ခံတွင်းကင်ဆာတွေပါ ဖြစ်နိုင်တယ်လို့ ဆေးပညာဝက်ဘ်ဆိုက်တွေမှာ ဖော်ပြပါတယ်။
လိင်ဆက်ဆံဖူးရင် ပိုးကူးစက်နိုင်ချေများတဲ့အတွက် ကလေးအရွယ်တွေမှာ ကာကွယ်ဆေးထိုးတာ အကောင်းဆုံးဖြစ်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
လန်ဒန်ကွင်းမေရီတက္ကသိုလ်က သုတေသနပညာရှင်ကတော့ ကာကွယ်ဆေးကြောင့် အသက် ၃၀ မတိုင်ခင် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူလျော့ကျသွားတာမြင်ရတာဟာ”ဒါက အစပဲ ရှိသေးတယ်” လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးထားပြီးတဲ့ မျိုးဆက်တွေ ဆက်အရွယ်ရလာရင် သားအိမ်ခေါင်းကင်ဆာကနေ အသက် အများကြီးကို ကယ်တင်လိုက်နိုင်တာတွေ့ရပါလိမ့်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်မှာ ရပ်ထားတဲ့ပိုင်ရှင်မဲ့ကားကို ခြေရာခံတာကနေ အွန်လိုင်း ကနေ ငွေလိမ်သူ ၁၆ ဦးကို ကမာရွတ်မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိတယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။
ငွေလိမ်လည်သူတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၈ ဦးဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သူတို့ဟာ အွန်လိုင်းမှာ အလှကုန်၊ လူသုံးကုန်နဲ့ ကျောက်စိမ်းအရောင်းဝန်ထမ်းအယောင်ဆောင်ကာ တရုတ်နိုင်ငံသားတွေဆီကနေ လိမ်လည်ရောင်းချနေကြတာလို့ ဆိုပါတယ်။
လုပ်ငန်းအခြေအနေ မကောင်းတော့တာကြောင့် ငွေလိမ်ရာမှာ အသုံးပြုတဲ့ ဖုန်းအလုံးပေါင်း ၁၇၀ ကျော်အပါအဝင် အီလက်ထရောနစ်ပစ္စည်းအများအပြားကို လိုင်စင်မဲ့ကားပေါ်တင်ကာ ရွှေတောင်ကြားလမ်းမှာ စွန့်ပစ်ခဲ့တာလို့ နေပြည်တော်က ဆိုပါတယ်။
အချိန်အတော်ကြာ ရပ်နားထားတဲ့ ဒီကားကို မသင်္ကာတာကြောင့် လွိုင်ဆမ်ဆစ် - Loi Sam Sip စားသောက်ဆိုင်က ရဲကို အကြောင်းကြားခဲ့တာပါ။
ရဲတပ်ဖွဲ့က ဇွန် ၁၆ ရက် မှာ ကားကိုသိမ်းဆည်းကာ ဇွန် ၁၇ ရက်မှာ CCTV မှတ်တမ်းအရ ကမာရွတ်မြို့နယ်၊ အောင်မင်းခေါင် ၁ လမ်းက နေအိမ်တစ်လုံးကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်၊
ဒီအိမ်ထဲမှာ အွန်လိုင်းငွေလိမ်သူတွေကို ဖမ်းဆီးရမိပြီး ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူမယ် လို့ နေပြည်တော် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Philippine Mission to the United Nations in New York
မြန်မာ့အရေးအတွက် မြန်မာကဦးဆောင်ဖြေရှင်းနိုင်တဲ့နည်းလမ်းများအတွက် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ဖိလစ်ပိုင်ရဲ့ ကုလအမြဲတမ်းကိုယ်စားလှယ် အန်နရစ် မာနာလို ကပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အန်နရစ် မာနာလိုနဲ့ မြန်မာဆိုင်ရာ ကုလလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့ရဲ့ တွေ့ဆုံမှုမှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။
ဇွန် ၁၈ ရက်ထုတ်ပြန်ချက်အရ သူတို့ နှစ်ဦးဟာ အမေရိကန်၊ နယူးယောက်က ကုလသမ္မဂရုံးချုပ်မှာတွေ့ဆုံခဲ့တာ လို့ဆိုပြီး ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ချက်အရ မြန်မာက ဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေဆိုတာကိုရည်ညွှန်းတယ်ဆိုတာကိုတော့ တိတိကျကျထည့်ပြောထားတာမရှိပါဘူး။ မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လူသားစာနာအကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံနဲ့ ကုလရဲ့ အားထုတ်လုပ်ဆောင်ချက်တွေအပေါ်မှာလည်း ဆွေးနွေးတယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
၂၀၂၆ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံ ဦးဆောင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်ရေးကို ထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကုလအထူးသံ ဂျူလီဘစ်ရှော့က ပြီးခဲ့တဲ့ မေလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံတမန်အသိုင်း အဝိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောထားပါတယ်။
အဲဒီခရီးမှာ မြန်မာကုလအထူးသံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံက သံတမန်တွေကိုပါ ဖိတ်ကြားတွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာကို အာဆီယံအစည်းအဝေးတွေထဲ ပြန်လည်ပါဝင်ဖို့ သဘောထား အမျိုးမျိုး ရှိနေတဲ့အပေါ်ကို မေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက ဘီဘီစီက သိထားရပါတယ်။
ဒါပေမဲ့ မြန်မာကုသအထူးသံကတော့ သူ့ရဲ့ နေပြည်တော်ခရီးစဥ်အသေးစိတ်ကို တရားဝင်ထုတ်ပြန်တာမရှိဘဲ မေ ၂၃ ရက် က သူ့ရဲ့ လူမှုကွန်ရက်အင်စတာဂရမ်မှာတော့ မြန်မာက ငလျင်ဒေသပြန်လည်ထူထောင်ရေးအခြေအနေကို ကုလအဖွဲ့တွေနဲ့အတူသွားရောက်ကြည့်ရှုတာကိုတင်ထားပါတယ်။

ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။
ဒီထုတ်ပြမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင်တဲ့'' Proof of Life'' လှုပ်ရှားမှု၊ အာဆီယံရဲ့ ဖိအားပေးတောင်းဆိုမှု၊ တရုတ်၊ထိုင်းနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးရာလှုပ်ရှားမှုနောက်ခံများအဖြစ် ရှုမြင်နေကြပါတယ်။
ရွှေ့ကွက်တခုအဖြစ်ပုံဖော်ခံထားရတဲ့ ဒီအရွေ့က တရုတ်နဲ့ ဆက်နွယ်နေလား။ အပြည့်အစုံကို ဒီဆောင်းပါးလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hla Khaing
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘန်ကောက်မြို့က မြန်မာ သံရုံးရှေ့မှာ နှင်းဆီပန်းဝေငှသူ မြန်မာနိုင်ငံသားတချို့ကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ အခြေအနေသိရှိသူတွေက ပြောပါတယ်။
လူစုလူဝေးဖြစ်အောင်လုပ်တယ်ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးက ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ထိန်းသိမ်းခေါ်ဆောင်သွားသူတချို့ထဲမှာ မြန်မာနိုင်ငံသား ကိုနေရိုင်း ဆိုသူလည်း ပါဝင်ပြီး သူက မလေးရှားက မြန်မာသံရုံးရှေ့မှာလည်း နှင်းဆီပန်းစည်းကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် တကိုယ်တော်နှင်းဆီလှုပ်ရှားမှု လုပ်ခဲ့ပါသေးတယ်။
ကိုနေရိုင်းက ပြီးခဲ့တဲ့ မေ ၃၁ ရက်တုန်းကလည်း ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခုကို လုပ်ခဲ့သူလည်းဖြစ်ပါတယ်။
အဲဒီရက်အတွင်း ပြုလုပ်တဲ့ ဘန်ကောက် Pride ပွဲ မှာလည်း မြန်မာအသွင်ပြောင်းအစိုးရကို အာဆီယံကအသိအမှတ်မပြုဖို့နဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ အတွက်ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေအပြီးမှာ ထိုင်းအာဏာပိုင်တွေဘက်က ခေါ်ယူမေးမြန်းတာတွေရှိခဲ့တယ်လို့ ကိုနေရိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyithu Hluttaw (ပြည်သူ့လွှတ်တော်)
လူမှုကွန်ရက်အသုံးပြုမှုကို ၂၄ နာရီစောင့်ကြည့်နေတယ်လို့ နေပြည်တော် အသွင်ပြောင်းအစိုးရရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က ပြောပါတယ်။
သူ့အပြောအရ လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေ၊ သတင်းတု၊ သတင်းမှားတင်တာတွေနဲ့ မဖွယ်မရာတွေတင်တာတွေကို ၂၄ နာရီစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၈ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးရဲ့ လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုပြီး အကြမ်းဖက်ဖို့လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်း ဖြန့်ချိနေသူတွေကိုဖော်ထုတ်အရေးယူနိုင်ဖို့ ရှိ မရှိ မေးခွန်းကို သူက အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။
'' လူမှုကွန်ရက်အသုံးပြုပြီး အကြမ်းဖက်ဖို့လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်းဖြန့်ချိနေသူတွေကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က တို့နဲ့ ၂၄နာရီစောင့်ကြည့်စစ်ဆေးကာ အရေးယူဆောင်ရွက်နေပါတယ်'' လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြောပါတယ်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူရဲ့ အပြောအရ ပုဒ်မ ၅၀၊ ၅၂ အရ ၂၀၂၄ ကနေ ၂၀၂၆ မေလအထိ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ လူဦးရေ ၁၄,၀၀၀ နီးပါးကို အရေးယူဖမ်းဆီးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ လူဦးရေ ၂,၀၀၀ နီးပါးအရေးယူထားတယ်လို့ နားလည်ရပါတယ်။
မကြာခင်ကခန့်အပ်ခံရတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူသစ် ဒေါ်ခိုင်ခိုင်စိုးနဲ့ ပတ်သက်လို့ ဖေ့ဘွတ်ခ်ပေါ်က သတင်းတစ်ပုဒ်အောက်မှာမှတ်ချက်ရေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပဲခူးမြို့က ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းအကြောင်း ရေးဖွဲ့ထားတဲ့ “လရောင်အောက်က ကုမုဒြာ” ဆိုတဲ့ သီချင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ရေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တောင်ကြီးမြို့က အမျိုးသမီးတစ်ဦး တို့ ဖမ်းဆီးခံရမှုတွေ က လူသိများခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mongla SR4
'ဝ'' တပ်ဖွဲ့ - UWSA နဲ့ မိုင်းလားအဖွဲ့ - NDAA တို့ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အဖွဲ့ က မိုင်းလားနဲ့ ပန်ဆန်းကို သွားပြီး သီးခြားစီတွေ့ဆုံခဲ့တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) အဖွဲ့ဟာ ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ အထူးဒေသ ၄ ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပြီး ဇွန် ၁၈ ရက်မှာတော့ ပန်ဆန်းမှာ 'ဝ'တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။
ဒီနှစ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ - FPNCC အဖွဲ့ဝင်တွေဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ NDAA ခေါင်းဆောင်တွေနဲ့ တွေ့ချိန်မှာ သူတို့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဦးစားပေးတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
အထူးဒေသ ၄ အနေနဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတယ်လို့ ဥက္ကဋ္ဌ ဦးထိန်လင်းက ထည့်ပြောတယ်လို့ မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
'ဝ' တပ်ဖွဲ့ - UWSA/UWSPနဲ့ ဌာနချုပ် ပန်ဆန်းမှာ တွေ့ချိန်မှာလည်း ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကဆွေးနွေးတယ်လို့ ဝတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေနဲ့မတွေ့ခင် ဇွန် ၁၂ ရက်တုန်းကလည်း NSPNC ဟာ နေပြည်တော်မှာ FPNCC အဖွဲ့ဝင် ရှမ်းပြည်တပ်မ တော်(SSPP/SSA)ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုမှာတော့ SSPP/SSA က နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ အချက်အပါအဝင် အချက် ၇ ချက်ကို ဆွေးနွေးခဲ့တယ်လို့ SSPP ဘက်က ထုတ်ပြန်ပါတယ်။
နေပြည်တော်ဟာ FPNCC အဖွဲ့ဝင်တွေထဲက ၃ ဖွဲ့နဲ့ ဇွန်လထဲတွေ့ထားပြီး ကိုးကန့်၊ တအာင်းတပ်ဖွဲ့ တွေနဲ့တော့ တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်ထားတာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က နေပြည်တော်နဲ့တွေ့ဖို့ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေထွက်နေပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒီသတင်းကိုသိရှိထားတာမရှိသေးဘူးလို့ ဘီဘီစီကို ဇွန်လ အစောပိုင်းမှာ ဖြေထားပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲတွေရှိနေတဲ့ FPNCC အဖွဲ့ဝင် အာရက္ခတပ်တော်(အေအေ) ရဲ့ ထိန်းချုပ်နယ်မြေ ရခိုင်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှုတွေရှိနေလို့ ဇွန်လအတွင်းမှာပဲ အရပ်သား၁၀ ဦး သေဆုံးပြီး ၂၀ ထက်မနည်းထိခိုက်တယ်လို့ အေအေက ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူ့ရဲ့ကိုယ်ရံတော် ဒုရဲအုပ်ချယ်ရီထက်ကို NLD အစိုးရခေတ်က ဓာတ်ပုံတွေနဲ့ ရုပ်သံတွေမှာ အမြဲလိုလိုတွဲမြင်ခဲ့ကြရပါတယ်။
၂၀၂၁ အာဏာသိမ်းပွဲကြောင့် အဖမ်းခံခဲ့ရတဲ့ ဒီအမျိုးသမီးနှစ်ယောက်လုံး ခုထိ ပြန်မလွတ်သေးပါဘူး။
အမှုနှစ်ခုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်သေးတဲ့ မချယ်ရီထက် အကြောင်း ဒီဆောင်းပါးလင်ခ့် မှာဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Hanna Suzan
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးတာကို သက်သေပြဖို့အတွက် လန်ဒန်က မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတချို့ ၂၄ နာရီအစာငတ်ခံဆန္ဒပြလှုပ်ရှားမှုလုပ်နေကြပါတယ်။
ဇွန် ၁၈ ရက် ညနေ ၃ နာရီကနေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက် ညနေ ၃ နာရီ အထိ ဆန္ဒပြနေကြတာပါ။
“အမေစုရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ ကိုထိန်လင်းရဲ့ Proof of Life ကမ်ပိန်းကို ထောက်ခံတဲ့ အနေနဲ့ရော အမေစုကိုမတွေ့ရသေးတာကို ဝမ်းနည်းတဲ့အနေနဲ့ရော လုပ်ဖြစ်တာပါ။ သံရုံးဘက်ကတော့ ဘာမှတုံ့ပြန်သေးပါဘူး” လို့ အစာငတ်ခံဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီနေ့ လန်ဒန်အချိန် နေ့လယ် ၁၂ နာရီခွဲမှာလည်း ပါလီမန်အဆောက်အဦကိုသွားပြီး Proof of Life တောင်းဆိုချက်တွေကို တောင်းဆိုသွားမယ်လို့ Free Daw Aung San Suu Kyi နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
မြန်မာသံရုံးရှေ့က အစာငတ်ခံဆန္ဒပြပွဲနဲ့ ပါလီမန်တွင်းလှုပ်ရှားမှုက တောင်းဆိုချက်တွေကိုလည်း ဇွန် ၂၄ ရက်မှာ ဒီလှုပ်ရှားမှုကိုဦးဆောင်သူတွေက ဗြိတိန်ဝန်ကြီးချုပ်ရုံးကို သွားရောက်ပေးပို့မယ်လို့ ပြီးခဲ့တဲ့ ဇွန်၇ ရက်က ထုတ်ပြန်ထားပါတယ်။
နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၃၀ ရက်(ကဆုန်လပြည့်နေ့) လွတ်ငြိမ်းချမ်းသာပေးသူတွေနဲ့အတူ နေအိမ်အကျယ်ချုပ်ကို ရွှေ့ပြောင်းတယ်လို့ ဓာတ်ပုံတစ်ပုံနဲ့အတူ ထုတ်ပြန်ထားပြီး ထပ်မံပြောဆိုတာ မရှိသေးပါဘူး။
၂၀၂၁ စစ်အာဏာသိမ်းမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူစွပ်စွဲခံရတဲ့အမှုတွေအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်ကုန်ပိုင်းကစလို့ သူ့ရဲ့ရှေ့နေ၊ မိသားစုတွေနဲ့အတူ တွေ့ဆုံခွင့်မရရှိတော့ပါဘူး။
ဒါကြောင့် နေပြည်တော်မှာ ထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက တောင်းဆိုနေသလို သားအငယ်ဖြစ်တဲ့ ကင်မ်အဲရစ်ကလည်း သူ့မိခင်ကို မိသားစုနဲ့အဆက်အသွယ် ပြုလုပ်ခွင့်ပေးဖို့နဲ့ မိခင် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို သက်သေပြဖို့ တောင်းဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နေပြည်တော်ရဲ့ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့တာပါ။
ဒီအကြောင်းကို တရားဝင်သိတဲ့ နေပြည်တော်က လက်တဆုပ်စာ တာဝန်ရှိသူတွေကလည်း ဖွင့်ပြောဖို့ငြင်းဆန်ကြသလို အရဲစွန့်ဖွင့်ပြောကြတဲ့သူတွေဆီကလည်း ကွဲပြားတဲ့ တည်နေရာတွေကို ကြားကြရစမြဲပါ။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ် အကြောင်း ဒီဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, EU in Myanmar, UK in Myanmar
ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် ဥရောပသမ္မဂ အပါအဝင် ရန်ကုန်အခြေစိုက် ယူကေ၊ ကနေဒါ၊ ဆွစ်ဇာလန်၊သြစတေးလျနဲ့ ပြင်သစ်သံရုံးတွေက ထုတ်ပြန်ချက်တွေနဲ့ ဆုတောင်းပေးကြတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ကို ပုံဖော်တဲ့ ဓာတ်ပုံ၊ နှင်းဆီလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သရုပ်ဖော်မှုတွေကို ထည့်သွင်းဖော်ပြတာ တွေ့ရပါတယ်။
ကနေဒါသံရုံးက မွေးနေ့ရက်မှာ မိသားစုနဲ့ မြန်မာလူမျိုးတွေရဲ့အဝေးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့တောင်းဆိုချက်ကို သူ့ရဲ့ ၈၁ နှစ်မွေးနေ့မှာ ပြန်လည်အသက်သွင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဆေးကုသခွင့်ရဖို့၊ နိုင်ငံရေးအကျဥ်းသားအားလုံးလွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။
ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားတဲ့အကျဥ်းသားအားလုံး လွတ်မြောက်ရေးကို ထည့်သွင်း တောင်းဆိုထားပါတယ်။
ဒီနေ့မှာ အသက် ၈၁ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ လှုပ်ရှားမှုတွေကို သားဖြစ်သူ ကင်မ်အဲရစ်အပါအဝင် သပိတ်အင်အားစုတွေ၊ ပြည်တွင်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေက နှင်းဆီလှုပ်ရှားမှုနဲ့ တွဲလျက်ပြုလုပ်နေကြတာဖြစ်ပါတယ်။
ဒီမနက်ပိုင်းမှာလည်း မြန်မာလူထုအသုံးများတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆုတောင်းစကားတွေကို မြန်မာနိုင်ငံသားအများအပြားက ရေးသားဖြန့်ဝေထားကြပါတယ်။ အစောပိုင်းရက်တွေကတည်းက ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတို့မှာ ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်တာ၊ နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မွေးနေ့ ဆုတောင်းပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါဟာ သားအငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက မိခင်ရဲ့ အသက် ၈၁ နှစ်ဆိုတဲ့ ကိန်းဂဏန်းကို အစွဲပြုပြီး ကိုယ့်အတွက်အမှတ်တရဖြစ်မယ့်လှုပ်ရှားမှုတွေလုပ်ကာ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့တိုက်တွန်းတဲ့ “Proof Of life” အစီအစဉ် ပါဝင်ပေးဖို့ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြောပြီးနောက် လှုပ်ရှားမှုတွေရှိလာတာပါ။
မင်္ဂလာပါ။ ဇွန်လ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။