ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြေပုံကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC Design

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်မှာထား
ဖတ်ရန်အချိန်: မိနစ် ၆

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နေပြည်တော်ရဲ့ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့တာပါ။

ဒီအကြောင်းကို တရားဝင်သိတဲ့ နေပြည်တော်က လက်တဆုပ်စာ တာဝန်ရှိသူတွေကလည်း ဖွင့်ပြောဖို့ငြင်းဆန်ကြသလို အရဲစွန့်ဖွင့်ပြောကြတဲ့သူတွေဆီကလည်း ကွဲပြားတဲ့ တည်နေရာတွေကို ကြားကြရစမြဲပါ။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ်ကတော့ နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်တစ်လုံးမှာဖြစ်တယ်လို့ ဘီဘီစီကစုံစမ်းသိရှိခဲ့ပါတယ်။

အဲဒီဝန်ကြီးအိမ်အနီးက နောက်ထပ်အစိုးရပိုင်အိမ်တစ်လုံးမှာ လုံခြုံရေးတပ်တစ်တပ် ချထားလိုက်ပြီး လမ်းကိုပါ လုံခြုံရေးတင်းကျပ်ထားတယ်လို့ အဲဒီအနီးကို ရောက်ခဲ့တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နေရာသစ်ကိုပြောင်းရွှေ့လိုက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်လိုအပ်တဲ့ ပစ္စည်းတွေကို အရင်က အပတ်စဥ်ပို့ပေးနေခဲ့ရသလို နေပြည်တော်အချုပ်ထောင်ကိုပဲ ဆက်ပို့ပေးနေရတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။

၀န်ကြီးဟောင်းနေအိမ်

ဒေါ်အောင်ဆန်းစုကြည်ကို သူ့အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ရစဥ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ခရီးစဥ်အမီ နေအိမ်အကျယ်ချုပ်ကို ပြောင်းဖို့စီစဥ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တစ်လုံးကိုပြောင်းရွှေ့ချုပ်နှောင်ဖို့ နေပြည်တော်က စဥ်းစားတဲ့အခါ သူ့အစိုးရအဖွဲ့ထဲက ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

ပိုပြီးတိတိကျကျပြောရရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတည်ရှိတဲ့လရောင်တောခြံနဲ့ မလှမ်းမကမ်းမှာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တဲ့ အဲဒီနေအိမ်ကို စစ်တပ်ကပြန်သိမ်းပြီး အခုတော့ နေအိမ်အကျယ်ချုပ်နေရာအဖြစ် ထားလိုက်တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနေရာဟာ အစိုးရအဆက်ဆက်က စစ်ဘက်နယ်ဘက်ထိပ်တန်းအရာရှိကြီးတွေ အငြိမ်းစားယူတဲ့အခါနေထိုင်တဲ့ အိမ်ရာတွေနဲ့လည်း မဝေးလှပါဘူး။

ဘယ်နေ့က ရွှေ့တယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ ရွှေ့ပြောင်းခဲ့တယ်ဆိုတဲ့သတင်းကိုတော့ ကဆုန်လပြည့်နေ့ညမှပဲ နေပြည်တော်က တရားဝင် ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ခရီးစဥ်အမီ နေအိမ်အကျယ်ချုပ်ကို ပြောင်းဖို့စီစဥ်ခဲ့တာလို့ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

"ခြံစည်းရိုးကိုပြင်လိုက်တယ်။ အရင်ကဆို လမ်းပေါ်ကနေ အိမ်ကိုမြင်ရတယ်။ အပင်တွေနဲ့ အလှဆင်ထားတာ။ အဲဒါကို အုတ်တံတိုင်းအမြင့်ကြီးဆောက်လိုက်တယ်" လို့ အိမ်အကြောင်းသိတဲ့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

မြေကို အစိုးရစျေးနဲ့ ဝယ်တာဖြစ်ပြီး အဲဒီအိမ်ကိုဆောက်တုန်းက ကျပ်သိန်း ၁,၂၀၀ ဝန်းကျင် ကုန်ခဲ့တဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

မစ္စတာဝမ်ယိရဲ့ နှစ်ရက်ကြာနေပြည်တော်ခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဘေဂျင်းကရော နေပြည်တော်ကပါ တရားဝင်မထုတ်ပြန်ပါဘူး။

"တကယ်သာတွေ့ခဲ့ရင် တရုတ်က ထုတ်ပြန်မှာသေချာပါတယ်" လို့ တရုတ်သံရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဂါးဒီးယန်းက ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင် စီစီတီဗီပါ။ အဖြူရောင်အပေါ်ထပ်အင်္ကျီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကထိုင်နေပြီး ရဲနှစ်ဦးက စောင့်ကြပ်နေပါတယ်။ တရားခွင်မှာ ရှေ့နေတစ်ဦးက တရားသူကြီးကို အမှုအကြောင်းရှင်းလင်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Guardian

ဓာတ်ပုံ ပုံစာ, ဂါးဒီးယန်းက ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်

နေပြည်တော်မှာနေထိုင်တဲ့ နောက်ထပ် ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကတော့ အဲဒီအိမ်ရှိတဲ့ လမ်းမှာ အရင်ကမရှိဘူးတဲ့ လုံခြုံရေးအဆင့်အတန်းမျိုးချထားလိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သံဆူးကြိုးတပ်ထားတဲ့အတားအဆီး၊ ရဲတချို့နဲ့ ယာယီရွက်ဖျင်တဲကို ပြီးခဲ့တဲ့ရက်ပိုင်းက သူတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အရင်က စစ်တပ်ဝန်းနဲ့ အကျဥ်းထောင်လိုနေရာတွေမှာ ချုပ်နှောင်ထားရာကနေ ဝန်ကြီးဟောင်းတွေနဲ့ အငြိမ်းစားအစိုးရအရာရှိကြီးတွေနေထိုင်တဲ့ ရပ်ကွက်အနီးကို ပြန်ရောက်လာတာဖြစ်ပါတယ်။

နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာ "နေအိမ်အကျယ်ချုပ်" ဆိုတဲ့ စကားလုံးကို မသုံးထားတာလည်း သတိထားမိစရာပါ။

တဖက်မှာလည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိတချို့က ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံနံပါတ် ၅၄ ကို နှစ်ဆန်းတစ်ရက်နေ့မတိုင်ခင်က ရောက်လာပြီး စစ်ဆေးမှုတချို့လုပ်ခဲ့ကြသေးတယ်လို့ အိမ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ထောက်လှမ်းရေး

ဒေါ်အောင်ဆန်းစုကြည်က ဧည့်ခန်းတစ်ခုထဲက သစ်သားခုံမှာထိုင်နေပြီး ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနဲ့ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်လှိုင်မင်းတို့က ပြောင်းရွှေ့မိန့်ကိုတင်ပြနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနဲ့ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်လှိုင်မင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ထောက်လှမ်းရေး/စရဖ တွေနဲ့ နိုင်ငံရေးသမားဘဝတလျှောက်လုံး ကြုံတွေ့ခဲ့ရတယ်လို့ ဆိုရမှာပါ။

NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်(စရခချုပ်) ကနေ လာတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ပြည်ထဲရေးဝန်ကြီးနေရာက ဖယ်ရှားတဲ့အခါ အစားဝင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က လည်း စရခချုပ်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေရာပြောင်းလဲသတ်မှတ်ပေးတဲ့ အမိန့်စာကို ဓာတ်ပုံတစ်ပုံနဲ့အတူ ဧပြီ ၃၀ ရက် ည ၈ နာရီသတင်းအပြီးမှာထုတ်ပြန်ခဲ့တဲ့အခါ ဒီဓာတ်ပုံမှာပါနေတဲ့ လူစာရင်းအရ စရဖဟောင်းတွေကို တွေ့ရပြန်ပါတယ်။

ခြံနံပါတ် ၅၄ နေအိမ်အကျယ်ချုပ်တုန်းကလိုပဲ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ပါ။

ဓာတ်ပုံထဲမှာ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ဒုရဲချုပ်မျိုးမင်းထိုက်နဲ့သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်လှိုင်မင်းတို့ကို တွေ့ရပါတယ်။ ဒုရဲချုပ်မျိုးမင်းထိုက်ကတော့ တရားဝင်ထုတ်ပြန်တဲ့ ပုံထဲမှာမပါပေမဲ့ ပေါက်ကြားလာတဲ့ ပုံမှာပါလာတာပါ။

ဗိုလ်ချုပ်မင်းသူက စစ်တက္ကသိုလ်အပတ်စဥ် ၃၇ ဆင်းဖြစ်ပြီး ဒုတိယစစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ကနေ ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်လာတာပါ။

နေပြည်တော် အချုပ်ထောင်ရဲ့ဂိတ်တံခါး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေရာပြောင်းလဲသတ်မှတ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ မနက် ၄ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေပြည်တော်က မြနန်းဘုံသာလမ်း နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့မှုကို ဦးဆောင်ခဲ့တာကလည်း ဒုစရခချုပ် ဗိုလ်ချုပ်တိုးရီဖြစ်ပါတယ်။

ဗိုလ်ချုပ်တိုးရီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ပက်၊ ကွန်ပျူတာနဲ့ ဖုန်းတွေကို သိမ်းခဲ့ပြီး မြနန်းဘုံသာလမ်းအိမ်ကို လေးရက်ဆက်တိုက် ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့ အိမ်နဲ့နီးစပ်သူတစ်ဦးက ပြန်ပြောပြပါတယ်။

သူလည်း ဒုစရခချုပ်ကနေ ပြည်ထဲရေးဒုတိယဝန်ကြီး ဖြစ်ခဲ့ပါသေးတယ်။

ဧပြီ ၃၀ ရက် ညက ထုတ်ပြန်တဲ့ ဓာတ်ပုံမှာပါတဲ့ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်လှိုင်မင်းကလည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးမှာ ဌာနမှူးလုပ်ခဲ့ဖူးပါတယ်။ သူက စစ်တက္ကသိုလ်အပတ်စဥ် ၄၀ ဆင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေးတစ်ခေတ်မှာလည်း ကကလှမ်းရဲ့ နိုင်ငံရေးဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုစောင့်ကြည့်ဖို့ အဓိကတာဝန်ယူခဲ့ပါတယ်။

ခြံနံပါတ် ၅၄ မှာ ထိန်းသိမ်းခံခဲ့ရစဥ် သူ့မွေးနေ့တစ်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကထောက်လှမ်းရေးတွေအတွက် ကိတ်မုန့်ဖုတ်ပေးခဲ့တယ်လို့ ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်သူ ဝင်းနိုင်သောင်းက "အတိတ်ကိုပြန်လည်တူးဆွခြင်း" ဆိုတဲ့စာအုပ်မှာထည့်ရေးပါတယ်။

ကိတ်မုန့်ပေါ်မှာ "ဖမ်းဆီးအကျဥ်းသားများအမြန်ဆုံးလွှတ်ပေးပါ" လို့ ရေးပြီးပို့ပေးလိုက်တာလို့ ဝင်းနိုင်သောင်းကရေးပါတယ်။

စောင့်ကြည့်ခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက နေပြည်တော်က ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ၊ ပိုစတာပေါင်းများစွာကို ထောင်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက နေပြည်တော်က ဆန္ဒပြပွဲ

၂၀၂၅ ဇွန်လမှာ ပေါက်ကြားလာတဲ့ ထောင်တွင်းမှတ်တမ်းတစ်ခုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နေ့တာလှုပ်ရှားမှုအားလုံးကို လုံခြုံရေးကင်မရာကတဆင့် စောင့်ကြည့်ခံနေရပြီး မိနစ်အလိုက် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ချခံရတဲ့အချိန်မှာတင် စောင့်ကြည့်ခံရတာမဟုတ်ဘဲ အစိုးရလုပ်နေတဲ့ အချိန်မှာလည်းစောင့်ကြည့်ခံခဲ့ရပါတယ်။

"ကျွန်တော့်ကိုရာထူးပေးတုန်းက အန်တီက နှစ်ခုပဲမေးတယ်။ နောက်ယောင်ခံလိုက်ခံရမယ်။ ဖုန်းတွေကြားဖြတ်နားထောင်ခံရမယ်။ အဲဒီဒဏ်ခံနိုင်လားလို့ မေးပါတယ်" လို့ လက်ရှိအကျဥ်းချခံထားရဆဲဖြစ်တဲ့ NLD ဒုဝန်ကြီးတစ်ဦးက ၂၀၁၉ ခုနှစ်က ပြောခဲ့ဖူးပါတယ်။

နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်တာ နားလည်ပေမဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးတဲ့ အခြေအနေတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က သဘောမကျခဲ့ဘူးလို့ သူနဲ့အနီးကပ်နေခဲ့သူ တစ်ဦးက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို ကြားဖြတ်နားထောင်လို့မရအောင် အထူးဂရုစိုက်ခဲ့တယ်လို့ သူကပြောပါတယ်။

"တချို့ ပါစင်နယ်ကိစ္စတွေတော့ Viber က တဆင့်ပြောတယ်။ Viber က အိမ်က လူတစ်ယောက်နံပါတ်နဲ့ ဖွင့်ထားတာ" လို့ သူကပြောပါတယ်။

အမေနဲ့ သား ပြန်ဆုံမလား

၂၀၁၁ ခုနှစ်က ပုဂံခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကနှုတ်ဆက်နေစဥ် သားဖြစ်သူ ကင်မ်အဲရစ်က အနားမှာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၁ ခုနှစ်က ပုဂံခရီးစဥ်မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာချုပ်နှောင်ထားလဲဆိုတာကို စုံစမ်းမေးမြန်းတိုင်းမှာ အဖြေအမျိုးမျိုးကွဲလေ့ရှိပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့နေခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်၊ ဒုဝန်ကြီးနေအိမ်တစ်လုံး၊ နေပြည်တော်စစ်တိုင်းနယ်မြေထဲက အဆောက်အအုံတစ်လုံး၊ နေပြည်တော်အချုပ်ထောင်နဲ့ လက်ရှိဝန်ကြီးနေအိမ်တွေမှာ လှည့်လည်ပြောင်းရွှေ့နေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးနေရာပြောင်းရွှေ့မှုမှာပါဝင်ခဲ့သူတစ်ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းပါတယ်။

"အန်တီကြီးရဲ့လုံခြုံရေးအခြေအနေကြောင့်ပါ။ နားလည်ပေးပါ" လို့ သူကပြောပါတယ်။ အာဆီယံ၊ ကုလသမဂ္ဂ၊ ယူကေ၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ ကနေဒါနဲ့ နော်ဝေတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ပြုဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ထားလေလေ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်အတွက် ပိုစိတ်ပူလေလေဖြစ်ပါတယ်။

သက်ရှိထင်ရှားရှိကြောင်း ယုံကြည်စိတ်ချရတဲ့၊ လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ အထောက်အထားကို ကင်မ်က ဆက်လက်တောင်းဆိုနေပါတယ်။

"ဖေဖေဟာ မေမေထောင်ထဲမှာရှိနေတဲ့အချိန်မှာ နောက်ဆုံးအကြိမ် မတွေ့နိုင်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ မေမေ့ကို ပြန်တွေ့ချင်ပါတယ်၊ သူနေကောင်းနေရဲ့လားလို့ သိချင်ပါတယ်" လို့ ကင်မ်က ပြောပါတယ်။