ပြန်ပေးဆွဲငွေတောင်းမှုတွေ မကြာခဏဖြစ်နေတဲ့ပုပ္ပါးနဲ့ ပျောက်ဆုံးနေတဲ့ခရီးသွား ၁၁ ဦး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကမ္ဘာကျော်ပုဂံဒေသနဲ့ ဆက်နေတဲ့ ကျောက်ပန်းတောင်းမြို့ ပုပ္ပါးတောင်ခြေအနီးက Popa Garden Resort ပုပ္ပါးဂါးဒင်းအပန်းဖြေဟိုတယ်မှာ တည်းခိုခရီးသွားတဲ့ ၁၁ ဦးအဖွဲ့ ပျောက်ဆုံးနေတာ ရက်သတ္တပတ် တစ်ပတ်နီးပါး ရှိလာပါပြီ။
ရန်ကုန်မြို့ကနေ ပုပ္ပါးဒေသကိုသွားတဲ့ ခရီးသွား ၁၁ ဦးအဖွဲ့ဟာ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းမှာ ပုပ္ပါးတောင်ခြေက ပုပ္ပါးဂါးဒင်း အပန်းဖြေဟိုတယ်ကို ရောက်ရှိခဲ့ကြပါတယ်။
သူတို့ဟာ ညနေပိုင်းက ဟိုတယ်ကနေ ပုပ္ပါးတောင်ဘက်ကို အသွားမှာ သူတို့အဖွဲ့လိုက် စီးနင်းသွားတဲ့ကားနဲ့အတူ ပျောက်ဆုံးသွားတာလို့ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
''ဟိုတယ်ကို ရောက်ပြီး Check in ဝင်တယ်။ ခဏနား ရေချိုးပြီး ညနေပိုင်းလောက်မှာ အပြင်ပြန်ထွက်သွားကြတာ'' လို့ ဟိုတယ်ဝန်ထမ်းက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ ကျောက်တန်းမြို့နယ်က အမျိုးသား ၁ ဦး၊ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီး ၁ ဦး၊ ဧရာဝတီတိုင်း ငပုတောမြို့နယ်က အမျိုးသား ၁ ဦးဖြစ်ပါတယ်။ အမျိုးသား ၉ ယောက် အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၁ ယောက်ပါ။
"တစ်ဖွဲ့လုံး ထွက်လည်ကြပြီး ဟိုတယ်ကို ပြန်မရောက်လာတာ" လို့ ဟိုတယ်ဘက်က ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ခရီးသွား ၁၁ ဦးအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့ (PDF) တွေက ဖမ်းဆီးထားတယ်လို့ ပြောနေကြပါတယ်။ ခရီးသွားတွေကို ဖမ်းဆီးတဲ့အဖွဲ့ဟာ အာကာစိုးဆိုသူ ဦးဆောင်တဲ့လက်နက်ကိုင်အဖွဲ့လို့ စွပ်စွဲထားကြပါတယ်။
ပုပ္ပါးဒေသ ရဲတပ်ဖွဲ့ဘက်က လာတဲ့သတင်းတွေအရ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ပုပ္ပါး- တောင်သာ- ကျောက်ပန်းတောင်းနဲ့ ညောင်ဦးတဝိုက်မှာ လှုပ်ရှားနေတဲ့အဖွဲ့ လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုဂံမှာဖြစ်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ပတ်သက်တယ်လို့ဆိုတဲ့စွပ်စွဲချက်တွေကိုတော့ ပုဂံနဲ့ ညောင်ဦးက ပြည်သူ့ကာကွယ်ရေးတပ်တွေက ငြင်းဆိုထားပါတယ်။
ညောင်ဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးကတော့ ခရီးသွား ၁၁ ဦးကိုဖမ်းဆီးသူတွေဟာ စစ်တပ်ရဲ့ထောက်တိုင် ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) နဲ့ သူတို့တပ်ဖွဲ့တွေပဲဖြစ်နိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။
''အဲဒီဟိုတယ်နဲ့ စစ်တပ်ရဲ့ ခလရ ၂၈ တပ်နဲ့က မဝေးပါဘူး။ အဲဒီနေရာတွေကို သွားဖို့အတွက်ဆိုရင်လည်း ပုပ္ပါးရဲစခန်းကို ဖြတ်ပြီးမှ သွားလို့ရမှာပါ။ ပြန်လာမယ်ဆိုလည်း ရဲစခန်းကိုဖြတ်ရမယ်။ ဟိုဘက်ခြမ်းမှာလည်း စစ်တပ်ဂိတ်တွေရှိတယ်။ ထွက်ပေါက်မရှိဘူး။ မဖြစ်နိုင်ပါဘူး'' လို့ ညောင်ဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူက တုံ့ပြန်ပါတယ်။
ပုပ္ပါးဒေသခံသတင်းရင်းမြစ်ကတော့ ၁၁ ဦးအဖွဲ့ဟာ ဟိုတယ်ကနေအထွက် လမ်းပိုင်းဖြစ်တဲ့ ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်း တစ်နေရာမှာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးတာလို့ သိရကြောင်း ပြောပါတယ်။
ပုပ္ပါးနဲ့ ညောင်ဦးဒေသမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း ဟိုတယ်က ထွက်လာတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကို သိရှိထားတယ်လို့ ပြောပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးတာလဲဆိုတာကိုတော့ သူတို့ အတည်မပြုနိုင်တဲ့အကြောင်း ပြောပါတယ်။
ပုပ္ပါးဒေသမှာ အခုအဆက်အသွယ် ပြတ်တောက်နေ ပျောက်ဆုံးနေတဲ့ ခရီးသည် ၁၁ ယောက်အဖွဲ့သတင်းနဲ့ပတ်သက်ပြီး နေပြည်တော်အာဏာပိုင်တွေဘက်က ဇူလိုင် ၃၀ ရက်ညပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ပုပ္ပါးနယ်ဘက်မှာ ပြန်ပေးဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အဲဒီဒေသနဲ့အတူ ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းသမိုင်းဝင်ဒေသ ပုဂံကိုပါ အလည်သွားမယ့်သူတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။
အခုလို ဖမ်းဆီးခံရမှုတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုဂံခရီးစဉ်တွေပါ ဖျက်သိမ်းနေကြတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
''အခုအကုန်လုံးက သြဂုတ်မှာ ပုဂံ၊ ပုပ္ပါးခရီးတွေ ပြန်စဖို့စီစဥ်ထားကြပေမဲ့ အခုဒီသတင်းတွေထွက်လာတော့ ဘွတ်ကင်တွေ ဖျက်တာ၊ ရွှေ့တာတွေ လုပ်လာကြတယ်။ ခရီးစဥ်တွေလည်းပါးလာတယ်'' လို့ ရန်ကုန်မြို့အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အစောပိုင်းဖြစ်စဥ်တွေအရ ပြန်ပေးဆွဲမှုအများစုဟာ ပုဂံကနေ ကျောက်ပန်တောင်း - ညောင်ဦးလမ်းအတိုင်း ပုပ္ပါးကိုသွားတဲ့ ဗျတ္တပန်းဆက်လမ်းနဲ့ ပုပ္ပါးတောင်ကလပ်ကနေ ပုဂံဘက်ကို အပြန် ဗျတ္တပန်းဆက်လမ်းပိုင်း၊ ဒေါင်းလည်ရွာအနီးတဝိုက်မှာ ဖြစ်နေတာပါ။
ခရီးသွားကားတွေကို လက်နက်ကိုင်အဖွဲ့တွေက ပုပ္ပါးတစ်ဝိုက်က ရွာတွေထဲအထိ မောင်းသွားခိုင်းပြီး ပြန်ပေးဆွဲခဲ့တာလို့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။
ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ပြည်တွင်း ခရီးသွားအချို့ လက်နက်ကိုင်အဖွဲ့အချို့ရဲ့ထိန်းသိမ်းခံရပြီး အဆက်အသွယ်ပြတ်တောက်ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ် သုံးခုထက်မနည်းရှိထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာတင် ပြန်ပေးဆွဲခံရမှု နှစ်ခုထက်မနည်း ရှိခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေက အစောပိုင်းမှာ ပြောထားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း သစ်ပင်တွေစိုက်တဲ့ ပရဟိတသမား ရေနံ့သာဒင်္ဂါးကိုလည်း ပုပ္ပါးဒေသမှာပဲ လက်နက်ကိုင်တပ်တစ်ခုက ဖမ်းသွားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ အဖွဲ့သားတွေ လိုက်ပါလာတဲ့ ကားတစ်စီးကို ပုပ္ပါးကအပြန် အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲတာခံခဲ့ရတဲ့အကြောင်း ခိုင်နှင်းဝေကိုယ်တိုင် မျှဝေထားပါတယ်။
မေလ ၁၀ ရက်ကလည်း ပုပ္ပါးကနေ ပြန်လာတဲ့ ခရီးသွား ကားတစ်စီးလည်း အလားတူ ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲခံရသူအားလုံးဟာ ကျပ်သိန်းပေါင်းများစွာ အတောင်းခံရလေ့ ရှိပြီး ပြန်လည်လွတ် မြောက်လာသူတွေဟာ လည်း ကျပ်သိန်း ၃၀၀ လောက်ကနေ သိန်းတစ်ထောင်ဂဏန်းလောက်အထိ ပေးပြီးမှ ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ပြန်လည် လွတ်မြောက်လာသူတွေဟာလည်း တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေကြပါတယ်။
ပုဂံဒေသနဲ့ ပုပ္ပါးဒေသမှာ ပြန်ပေးဆွဲမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလလောက်ကစ ဆက်တိုက် ရှိနေခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲငွေတောင်းခံရတဲ့ ဖြစ်စဥ်ဟာ ဆယ်ဂဏန်းနီးပါးရှိပါတယ်။
ဒီလို လူပြန်ပေးဆွဲ၊ ငွေတောင်းတဲ့ဖြစ်စဉ်တွေကို စစ်တပ်ဘက်ကလည်း အခုအချိန်အထိ ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ ပြောနေကြပါတယ်။
ပုပ္ပါးတဝိုက်နဲ့ ဗျတ္တပန်းဆက်လမ်းဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အပြင် ပုပ္ပါးရွာ၊ ချမ်းရွာ တဝိုက်၊ ရွှေစည်တိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ပုပ္ပါးလွန်ဒေသတို့ကို စစ်တပ်က ထိန်းချုပ်နေရာယူထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အဲဒီဘက်မှာ စစ်ရေးတင်းမာမှု ဖြစ်နေတာ လေးရက်နီးပါးရှိပြီလို့ မြေပြင်အခြေအနေအကြောင်း သိသူတွေက ပြောပါတယ်။
ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ သတင်းကြိုတင်ရရှိထားတယ်ဆိုရင် လုံခြုံရေးအရ လာတဲ့ ကားတိုင်းကို စစ်ဆေးပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့သူ၊ ဌာနဆိုင်ရာဝန်ထမ်း၊ ခရိုနီအသိုင်းအဝိုင်းတွေကိုတော့ ခေါ်ယူစစ်ဆေးတာသာရှိပြီး ပြန်ပေးဆွဲငွေတောင်းတာမျိုးမရှိဘူးလို့ တုံ့ပြန်ထားဖူးပါတယ်။
တစ်ဖက်မှာလည်း ပုဂံကိုလာမယ်ဆိုရင် ညပိုင်းတွေမှာ အပြင်မထွက်ဘဲ အစောပိုင်းမှာ တည်းခိုတဲ့နေရာကို အရောက်ပြန်လာကြဖို့နဲ့ အန္တရာယ်အရှိဆုံးအဖြစ် သတ်မှတ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့၊ ဂွေးချို - ချောက်လမ်း၊ ချောက် - စဉ့်ကူး - ပုဂံလမ်းနဲ့ ပုပ္ပါး - တောင်သာလမ်းတို့ကိုလည်း လုံခြုံရေးအရ ရှောင်ကြဉ်ဖို့ ဒေသခံတွေက အသိပေးထားပါတယ်။
အခုပျောက်ဆုံးနေတဲ့ ၁၁ ဦးအဖွဲ့ကတော့ သူတို့ ဘာကြောင့် အဆက်အသွယ်ပြတ်ပျောက်ဆုံးနေရတယ်ဆိုတဲ့အကြောင်းရင်းကို တိတိကျကျမသိရဘဲ သူတို့ထဲမှာ စစ်တပ်နဲ့ဆက်နွှယ်သူတချို့ ပါတာကြောင့် PDF တွေက ဖမ်းဆီးသွားတာဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတချို့သာ ပျံ့နှံ့နေပါတယ်။
















