ရခိုင့်တော်လှန်ရေးထဲက အေအေနဲ့ အကျိုးစီးပွားယှက်နွှယ်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်/Getty Images
ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးတွေ လုပ်လာတာ နှစ်နှစ်နီးပါး ရှိပါပြီ။
တခြားတော်လှန်ရေးအဖွဲ့တွေထက် အေအေရဲ့အားသာချက်က ပြည်နယ်နယ်မြေနဲ့အတူ ဒီပြည်နယ်ကို လွတ်မြောက်အောင် ရယူချင်တဲ့ဒေသခံရခိုင်လူမျိုးတွေကြား တူညီတဲ့ အာရက္ခအိပ်မက်ဆိုတာရှိနေတဲ့အချက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အပြည့်အဝ လွတ်မြောက်ဖို့ အာရက္ခအိပ်မက် ၂၀၂၅ ကို ရခိုင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကြောင့် အေအေက ဒီဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ပြည်နယ်တွင်းမှာ အစိုးရတစ်ရပ်ပုံစံအုပ်ချုပ်ရေး စတင်ခဲ့ပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအဖွဲ့ကနေ အုပ်ချုပ်သူတွေ ဖြစ်လာတဲ့အခါ အုပ်ချုပ်ခံလူထုနဲ့ အေအေတို့ကြားမှာ ပွတ်တိုက်မှုတွေ ရှိလာနေပါတယ်။ ဒါဟာ လူထုထောက်ခံမှု ကြီးကြီးမားမားရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်မှာ အစိုးရအပေါ် ထောက်ပြဝေဖန်ကြတဲ့အခြေအနေမျိုးနဲ့လည်း ဆင်တူပါတယ်။
အေအေအာဏာပိုင်တချို့ရဲ့ အခွန်ကောက်ခံမှု၊ တရားစီရင်ရေး၊ စစ်မှုထမ်း တပ်သားသစ်စုဆောင်းမှုနဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေမှာ အဂတိတရားနဲ့ ဆုံးဖြတ်တာတွေရှိလာတယ်လို့ ဒေသခံတွေဘက်က ပြောလာကြပါတယ်။
အေအေ နောက်ထပ်မေးခွန်းထုတ်ခံနေရတာက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ အေအေတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဆွေမျိုးတွေကို တာဝန်ပေးမှုတွေ ဖြစ်ပါတယ်။
ကုန်သည်ကြီးများအသင်းနဲ့ တပ်မှူးချုပ် ယောက္ခမ

ဓာတ်ပုံ ရင်းမြစ်, Western News
ရခိုင်ဒေသအများစုကို အေအေထိန်းချုပ်ထားပေမဲ့ ဒေသခံတွေရော အေအေပါ စစ်တပ်ရဲ့ လေ ကြောင်း အန္တရာယ်နဲ့ စစ်မြေပြင်က မြေမြှုပ်မိုင်းခြိမ်းခြောက်မှုကို နေ့စဥ်ရင်ဆိုင်နေရပါတယ်။
စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးဆိုတာဟာလည်း အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့အခြေအနေဖြစ်လို့ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိပါဘူး။ ရခိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ စစ်ကိုင်း၊ မကွေး (ယော၊ဆော) ဒေသတွေနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်တွေကနေ တင်သွင်းလာတဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း၊ လောင်စာဆီတွေကို မှီခိုပြီး ရခိုင်ဒေသခံတွေက ကုန်သွယ်မှုတွေ လုပ်နေကြရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အေအေ ထိန်းချုပ်မှုအောက်က ပြည်နယ်ရဲ့နေရာအများစုဟာ ဒီကုန်စည်တွေနဲ့ပဲ လည်ပတ်နေရပါတယ်။ ဒါကိုလည်း အကန့်အသတ်နဲ့သာ လုပ်ကိုင်နေရတာဖြစ်ပြီး အေအေက သတ်မှတ်ကောက်ခံတဲ့အခွန်နှုန်းထားက ကြီးမြင့်တယ်လို့ ကုန်သည်တွေ ညည်းညူကြပါတယ်။
ကုန်သည်တစ်ဦးကို ကျပ်သိန်း ဆယ်နဲ့ချီ တောင်းခံတာတွေရှိနေပြီး မပေးနိုင်သူတွေကို ကုန်သွယ်ခွင့်မပြုတာတွေ ရှိလာတယ်လို့ဆိုပါတယ်။ ဒီဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ လူမှုကွန်ရက်မှာ ပိုပိုကျယ်လောင်လာပါတယ်။
"အခု ဝေဖန်နေကြတာကလည်း အမှန်တွေပါပဲ။ ပြည်သူတွေက သူတို့ဆီမှာ တော်တော်လေးကို ခံနေကြရတာပါ။ စီးပွားရေးဆိုလည်း သူတို့နဲ့နီးစပ်တဲ့သူတွေပဲ လုပ်ကိုင်လို့ရကြတာ။ တခြားသူတွေလုပ်လို့ရှိရင် အခွန်ကိုဖိကောက်တာ၊ ဘယ်သူမှမလုပ်နိုင်ကြတော့ဘူး"လို့ ရခိုင် ကုန်သည်ကြီးများအသင်းနဲ့နီးစပ်သူလည်းဖြစ်၊ ရခိုင်မှာ ဆယ်စုနှစ်နဲ့ချီပြီး ကုန်သွယ်ရေးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံနေရတဲ့ကာလမှ လူတိုင်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားဖို့ အတားအဆီးတွေနဲ့ရင်ဆိုင်နေကြရတဲ့အကြောင်း လက်ရှိကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ကုန်သည်တွေက ပြောဆိုကြပါတယ်။
အဲဒီလိုအချိန်မှာ WBG (Western Babylon Group) လုပ်ငန်းစုက အေအေထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ တချို့မြို့နယ်တွေမှာ မရှိမဖြစ်လူသုံးကုန်နဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို ရောင်းချခွင့်ရနေပါတယ်။ WGB လုပ်ငန်းစုဟာ ပြည်တွင်း၊ ပြည်ပကနေ ကုန်စည်တွေ အဓိက တင်သွင်းပြီး ရခိုင်ပြည်နယ်က AA ထိန်းချုပ် ဒေသတွေမှာ ပြန်လည် ရောင်းချပါတယ်။
ဒီဆိုင်လုပ်ငန်းတွေကို အဓိကထိန်းချုပ်ထားသူကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် တပည့်ရင်း ဒုတိယ ဗိုလ်မှူးကြီးနီအောင် ဆိုသူ ဖြစ်ပါတယ်။
ဒီလိုအလုပ်တွေကိုလည်း ULA/AA အစိုးရရဲ့ လုံခြုံရေး ယုံကြည်စိတ်ချရတဲ့ကုန်သည်တွေကပဲ ကုန်သွယ်ခွင့်ရှိတာပါ။ တစ်နည်းအား ဖြင့်ပြောရရင် ULA/AA ရဲ့ အရာရှိတွေနဲ့ သူတို့ရဲ့မိသားစုတွေကပဲ လုပ်ကိုင်ခွင့်ရရှိနေကြတာလို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ကုန်သည်တချို့နဲ့စုဖွဲ့ပြီး ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းထားပါတယ်။ ကုန်သည်ကြီးများအသင်းကို အေအေရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမဖြစ်သူ ဦးစံကျော်လှက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ လက်ရှိ ရခိုင်ပြည်ရဲ့ကုန်စည်စီးဆင်းမှု၊ သွင်းကုန်၊ ထုတ်ကုန်စတဲ့ရောင်းဝယ်ဖောက်ကားမှု အားလုံးကို ဦးစံကျော်လှကပဲ စီမံခန့်ခွဲတာလို့ ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ဘူးသီးတောင်မြို့နယ်ဘက်ကနေ နွားတင်ပို့တာတွေရှိနေပြီး ဒီလုပ်ငန်းအတွက် ဦးစံကျော်လှနဲ့ ဒေသအလိုက် စစ်ဒေသမှူးတွေရဲ့ခွင့်ပြုချက်နဲ့မှ ပို့ခွင့်ရကြတာလို့ဆိုပါတယ်။ ခွင့်ပြုချက်မရှိဘဲ တပိုင်တနိုင်စီးပွားရေးတွေကိုတောင် လုပ်ကိုင်ခွင့်မရှိဘူးလို့ ပြောကြပါတယ်။
"ဦးစံကျော်လှဟာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းနဲ့ အတွေ့အကြုံအရ ပါသင့်တဲ့သူဖြစ်လို့ လုပ်ငန်းရှင်အများစုက ရွေးချယ်ထားကြတာဖြစ်ပါတယ်" လို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို တုံ့ပြန်ပါတယ်။
''တပ်မှူးချုပ်ရဲယောက္ခမမို့လို့ ခန့်အပ်ခဲ့တာမဟုတ်ပါဘူး''လို့ သူက ဆက်ပြောပြီး ဦးစံကျော်လှ အနေနဲ့ လစာနဲ့အကျိုးခံစားခွင့်မယူဘဲ အမျိုးသားရေးအတွက် လုပ်ပေးတာလို့ ဦးခိုင်သုခက ပြောပါတယ်။
ကုန်သည်အသိုင်းအဝိုင်းကတော့ ပြည်သူတွေရဲ့စီးပွားရေး ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ရေး၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးလာရေးအတွက် ကုန်သည်ကြီးများအသင်းအနေနဲ့ ထူးထူးခြားခြား လုပ်ဆောင်တာမျိုး ခုထိမတွေ့ရဘဲ အာဏာပိုင်တွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ ပေါင်းပြီး စီးပွားရေး လုပ်နေကြတာလို့ စွပ်စွဲပါတယ်။
"သူတို့နဲ့ နီးစပ်သူတွေကပဲ စီးပွားရေး အဆင်ပြေကြတာပါ။ သူတို့က နေ့ချင်းညချင်း ချမ်းသာနေကြပြီးတော့ပြည်သူတွေက မွဲပြီးယင်းမွဲလို့ ဘဝတွေပျက်နေကြရတယ်" လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
တချို့မြို့တွေမှာ အေအေရဲ့အရာရှိကြီးအဆင့်တွေနဲ့ သူတို့မိသားစုဝင်တွေက သိန်းပေါင်းထောင်ချီပေးပြီး အိမ်တွေဝယ်ယူနေကြတာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေကနေ သာမာန်အရာရှိငယ်အဆင့်ထိ ငွေကြေးကိုလိုလေသေးမရှိ သုံးဖြုန်းနေကြတာ၊ အကောင်းစားအဝတ်အထည်နဲ့အသုံးအဆောင်တွေကို အသုံးပြုကြတာ၊ ကားအကောင်းစားတွေ စီးနေကြတာတွေက သူတို့ချမ်းသာခြင်းရဲ့အဓိက သာဓကတွေ ဖြစ်ပါတယ်။
အေအေရင်ဆိုင်နေရတဲ့ အဂတိစွပ်စွဲချက်တွေ
ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးပုံစံက အေအေတပ်ဖွဲ့ဆီက တိုက်ရိုက်စီးဆင်းအမိန့်ပေးတဲ့ပုံစံဖြစ်တာကြောင့် တစ်သွေးတစ်သံတစ်မိန့်လို ဖြစ်နေတာလို့ ထောက်ပြသူတွေလည်းရှိပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ လူထုကြား အပြန်အလှန်ညှိနှိုင်းမှုတွေ မလုပ်နိုင်တာက ပြဿနာတွေရဲ့ အဓိကရင်းမြစ်ဖြစ်တယ်လို့ အေအေအုပ်ချုပ်ရေးလုပ်ငန်းနဲ့နီးစပ်သူတွေက ထောက်ပြကြပါတယ်။
"အောက်ခြေအုပ်ချုပ်ရေးပိုင်းက လူတွေကို သင်တန်းတွေ ကောင်းကောင်းမွန်မွန် ပေးသင့်တယ်။ လူထုနဲ့ ဘယ်လိုပူးပေါင်းရမယ်ဆိုတာမျိုး လုပ်ဖို့ လိုအပ်နေတယ်"လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးပိုင်းထဲ ရခိုင်လူမျိုး ပညာတတ်တွေကို အသုံးချဖို့နဲ့ ပါဝင်လာအောင်ဆွဲဆောင်ဖို့အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။ "သီးခြားအုပ်ချုပ်ခွင့်ရခဲ့ရင်တောင် ဒီလိုမျိုးသွားနေလို့ကတော့ ပုံရိပ်တွေက ကျဆင်းနေဦးမှာပဲ" လို့ သူက ပြောပါတယ်။
ပြစ်မှုကျူးလွန်လို့ အေအေရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းတာ၊ တရားရေးဌာနက တရားစွဲဆို ပြစ်ဒဏ်ချမှတ်တာမဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ အဆင်မပြေလို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိပ်တုံးခတ်ခံရတာ၊ ရိုက်နှက် နှိပ်စက်ခံရတာတွေဟာ မြေပြင်မှာအများကြီးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုဖြစ်စဥ်တွေထဲမှာ လစဉ်ကြေးတွေပေးဖို့ ငြင်းဆိုသူတွေကို ခေါ်ယူအပြစ်ပေးတာ၊ သောက်စားရာကနေ သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာကြောင့် ဖမ်းဆီးခံရပြီး ထိတ်တုံးခတ်ခံရတာတွေပါဝင်တယ်လို့ ပြောကြပါတယ်။ လစဥ်ကြေးဆိုတာက အေအေက လူထုဆီကနေ ပုံမှန် လစဥ်ကောက်ခံတဲ့ ရန်ပုံငွေအမျိုးအစားဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"တိုက်နယ်မှူးတွေက အတန်းပညာအားနည်းကြတဲ့အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသိပညာ၊အတတ်ပညာလည်း နည်းပါးကြတာတွေ့ရပါတယ်" လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလူတွေကတစ်ဆင့် အောက်ခြေအဆင့်ဆင့်ကို ရာထူးနေရာခန့်အပ်တဲ့အခါ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေကို ပြန်ခန့်ကြတာတွေရှိပြီး ဒါတွေကို စိစစ်ကြပ်မတ်စေချင်တယ်လို့ တောင်ကုတ်ဒေသခံက ဆိုပါတယ်။
တိုက်နယ်မှူးတစ်ဦးရဲ့အဂတိလိုက်စားမှု၊ လူမှုရေးဖောက်ပြန်မှုတို့ကို အထက်အဆင့်ဆင့်တိုင်ကြားတဲ့အခါ အရေးမယူဘဲ တိုင်ကြားတဲ့သူတွေကို ပြန်ခြိမ်းခြောက်တာတွေလည်းကြုံရတယ်လို့ ရသေ့တောင် ဒေသခံတစ်ဦးက ပြောပါတယ်။
အခု ဒေသခံအနေနဲ့ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်တွေရှိပြီး လုံခြုံရေးအရ အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ကိုတော့ ငြင်းဆန်ပါတယ်။
အေအေပြာခွင့်ရ ဦးခိုင်သုခကတော့ ဘယ်အစိုးရမှာမဆို အောက်ခြေ ဝန်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေ၊ ပြည်သူနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေက အနည်းနဲ့အများ ရှိကောင်းရှိမယ်လို့ ဒီစွပ်စွဲချက်တွေအပေါ် တုံ့ပြန်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ ပြည်သူကိုမျက်နှာမူတဲ့အစိုးရဖြစ်လို့ လျစ်လျူရှုမထားဘဲ ဖြေရှင်းပေးနေတယ်လို့ သူက ပြောပါတယ်။
"လူထုနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာမျိုး၊ ပြည်သူ့အသံကို သွားရောက်နားထောင်တာမျိုး၊ လိုအပ်ရင် ပြည်သူကို ပြန်တောင်းပန်၊ ပြန်ရှင်းပြတဲ့လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်"လို့ ဦးခိုင်သုခက ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တိုင်ကြားချင်ရင် အေအေရဲ့ ပြည်သူ့ဆက်ဆံရေးဌာနနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနတွေမှာ ဖွင့်ထားတဲ့ မြေပြင်ရုံးတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သူက ပြောပါတယ်။
အွန်လိုင်းကဆိုရင် Justice for Arakan တယ်လီဂရမ်နဲ့ အာရက္ခအဖွဲ့ချုပ် အီးမေးလ်တို့ကို လိပ်မူ တိုင်တန်းလို့ရကြောင်း သူက တုံ့ပြန်ပါတယ်။
ဦးခိုင်သုခပြောတဲ့ တယ်လီဂရမ်ကို တိုင်ကြားတဲ့အခါမှာ အမှုအများစုကို ပြန်လည်ဖြေရှင်းပေးတာမရှိဘူးလို့ ကိုယ်တိုင် တိုင်ကြားခဲ့သူတချို့ က ပြောပါတယ်။ တချို့ကတော့ မြေပြင်အဖွဲ့တွေရဲ့လုပ်ရပ်ကို အဲဒီမြေပြင်ရုံးတွေကို ပြန်တိုင်ဖို့ အယုံအကြည်မရှိကြောင်းဆိုပါတယ်။
အေအေတပ်မှူးချုပ်ရဲ့ ဦးလေးက ရဲချုပ်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, ဦးအောင်သာဝင်း၏ လူမှုကွန်ရက် စာမျက်နှာ
လုံခြုံရေးနဲ့ မှုခင်းတွေအပါအဝင် ရဲလုပ်ငန်းစဉ်တွေကိုကိုင်တွယ်ဖို့ ULA/AA က သူတို့ရဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ရဲတပ်ဖွဲ့ကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန၊ အင်္ဂလိပ်လိုအတိုကောက်(DLEPS)လို့ အမည်ပေးထားပါတယ်။
အဲဒီအဖွဲ့ထဲ တပ်ဖွဲ့ဝင် အင်အားဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ မှုခင်းရဲ၊ ယာဉ်ထိန်းရဲနဲ့ ကမ်းခြေစောင့်ရဲတွေ ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အကြီးဆုံးဖြစ်တဲ့ ရဲချုပ်ရာထူးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ ဦးအောင်သာဝင်းက တာဝန်ယူထားပါတယ်။
သူဟာ အရင်အစိုးရလက်ထက်တုန်းက စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အေအေရဲတပ်ဖွဲ့ရဲ့အကြီးဆုံးရာထူးကို ရယူထားပြီး သူ့လက်အောက်မှာ အရင်အစိုးရလက်ထက် ရဲဝန်ထမ်းဟောင်းတချို့လည်း တာဝန်ထမ်းဆောင်နေတယ်လို့ အေအေရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးအောင်သာဝင်းက ရဲတပ်ဖွဲ့အားလုံးကို ကြီးကြပ်ကွပ်ကဲရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေက အေအေထိန်းချုပ်မြို့နယ်အားလုံးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြီးရင် ဒုတိယ လုပ်ပိုင်ခွင့်အာဏာအရှိဆုံးလို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ရဲလုပ်ငန်းယန္တရားကြီးတစ်ခုလုံး အေအေတပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပြီး စစ်ဘက်ဆိုင်ရာနဲ့ထောက်လှမ်းရေးအဖွဲ့ရဲ့လွှမ်းမိုးမှုရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဦးလေးတော်စပ်သူကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ဒုတိယအမြင့်ဆုံးအာဏာကို ပေးအပ်ထားလို့ ဆွေမျိုးမိသားစုတစ်ခုက အာဏာချုပ်ကိုင်မှုလို့ ထောက်ပြဝေဖန်လာကြပါတယ်။
အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်နဲ့ ယုံကြည်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ ဆွေမျိုးတော်စပ်လို့ အစိုးရအဖွဲ့ထဲမှာ သူနဲ့ထိုက်တန်တဲ့တာဝန်ကို မအပ်နှင်းရဘူးဆိုရင် သူ့အတွက်ရော ပြည်သူအတွက်ပါ နစ်နာမယ်လို့ ဦးခိုင်သုခက တုံ့ပြန်ပါတယ်။
"သူ့လို ရဲလုပ်ငန်းကို တတ်သိကျွမ်းကျင်ပြီး အရည်အချင်းနဲ့ အတွေ့အကြုံအများကြီး ရှိထားတဲ့ပုဂ္ဂိုလ်မို့လို့ ဗဟိုကော်မတီထဲမှာ သေချာဆွေးနွေးပြီးမှ ရွေးချယ်ခန့်အပ် တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဦးအောင်သာဝင်းရဲ့ အုပ်ချုပ်မှုအောက်က ULA ရဲတပ်ဖွဲ့ရဲ့ တရားဥပဒေစိုးမိုးရေးကိုင်တွယ်မှုတွေအပေါ် ဝေဖန်တဲ့ဖြစ်စဥ်တချို့ ရှိထားပါတယ်။
၂၀၂၄ ခုနှစ်နောက်ပိုင်း အေအေထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှုတွေကို တရားစီရင်တဲ့အခါ အားနည်းချက်တွေရှိနေပြီး ဥပဒေနဲ့ အညီဆောင်ရွက်ခြင်း မရှိဘူးလို့ ရခိုင် ဒေသခံတချို့က ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မေလမှာ မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ရွာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုကျူးလွန်ဖို့ ကြိုးစားမှုဖြစ်စဉ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း မင်းပြားမြို့က ဘော်ဒါဆောင်တစ်ခုမှာ ၁၂ တန်း ကျောင်းသားတစ်ဦး မီးရှို့သတ်ဖြတ်ခံရမှုတွေမှာ တရားရုံးက ဘယ်လို စီရင်ဆုံးဖြတ်ခဲ့လဲဆိုတာ အများပြည်သူကို ချပြတာမရှိဘူးလို့ ဆိုကြပါတယ်။
ပြစ်ကျူးလွန်သူတွေက ULA/AA နဲ့ နီးစပ်ဆက်နွှယ်တဲ့အသိုင်းအဝိုင်းကဖြစ်နေရင် အမှုမှန်ပေါ်ပေါက်ဖို့ တော်တော်ခက်ခဲသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ မြေပုံမြို့နယ်ဖြစ်စဥ်ကတော့ ကျူးလွန်သူဟာ AA နဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်လို့ ဒေသတွင်းမှာပြောကြပြီး ဘီဘီစီက ဒီအချက်ကို အတည်ပြုဖို့ကြိုးစားနေပါတယ်။
မင်းပြားမြို့က ဘော်ဒါဆောင်ဖြစ်စဥ်ကတော့ ၂၀၂၆ ဇွန်လအထိ အမှုဖြစ်စဥ်ကို ထုတ်ပြန်တာမရှိသေးပါဘူး။ နောက်တစ်ခုက မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေဟာ AA ရဲတပ်ဖွဲ့အတွက် အဓိက စိန်ခေါ်မှု ဖြစ်လာနေပါတယ်။
မင်းပြားမြို့နယ်ထဲမှာ WY စိတ်ကြွ ဆေးပြားဖမ်းမိမှု တစ်ခုမှာလည်း ဖမ်းဆီးခံရသူဟာ AA ထောက်လှမ်းရေးအဖွဲ့ရဲ့အမာခံလူဖြစ်နေလို့ အေအေရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ရတာမျိုးရှိတယ်လို့ ဒီဖြစ်စဥ်ကို သိရှိတဲ့ဒေသခံတွေက ပြောပါတယ်။
အေအေပြောခွင့်ရသူ ဦးခိုင်သုခကတော့ ပြည်သူတွေနဲ့ ထိတွေ့မှုများတဲ့ ရဲလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ရတဲ့အခါ အောက်ခြေဝန်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေ၊ ပြည်သူနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေ အနည်းနဲ့အများ ရှိကောင်းရှိနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
အင်တာနက်ဆက်သွယ်ရေးအသက်သွေးကြောကို အေအေတပ်မှူးချုပ်ရဲ့ညီ ကိုင်တွယ်

ဓာတ်ပုံ ရင်းမြစ်, ကိုအောင်မြတ်ကျော် ဖေ့စ်ဘုတ်
လွတ်မြောက်နယ်မြေတွေမှာ အင်တာနက်ဆက်သွယ်ရေးအတွက် စတားလင့်ခ် (Star Link) ဆက်သွယ်ရေးဂြိုဟ်တုတွေက အသက်တမျှ အရေးပါပါတယ်။ အဲဒီစက်တွေကို ကိုင်တွယ်စီမံခန့်ခွဲရတာလည်း အခွန် တစ်နည်းအားဖြင့် ဝင်ငွေရလမ်းတစ်ခုဖြစ်ပါတယ်။ စတားလင့်ခ်အပါအဝင် နည်းပညာဆိုင်ရာဝန်ဆောင်မှုတွေလုပ်ရတဲ့နည်းပညာဌာနကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ဦးအောင်မြတ်ကျော်က တာဝန်ယူထားပါတယ်။
ဒီဌာနဟာ ဝင်ငွေကောင်းသလို ဌာနဝန်ထမ်းတွေဟာ ကိုယ့်နေအိမ်မှာ စတားလင့်ခ်စက်အသေးလေးတွေ တပ်ဆင်အသုံးပြုခွင့်ရကြပါတယ်။ လုံခြုံရေး သတင်းပေါက်ကြားတယ်ဆိုပြီး ၂၀၂၅ ခုနှစ်ကစလို့ အရပ်သားနေအိမ်တွေမှာ စတားလင့်ခ်အသုံးပြုမှု ကန့်သတ်လိုက်ပြီး စက်တွေကိုသိမ်းဆည်းခဲ့ပါတယ်။
ရခိုင်ဒေသခံတွေကို အေအေနည်းပညာဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာပဲ တစ်နာရီကို ကျပ်နှစ်ထောင်ပေးပြီး သုံးခွင့်ပြုခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကစလို့ တစ်ကိုယ်ရည်သုံးအထိ အေအေသတ်မှတ်နေရာမှာပဲ အသုံးပြုခွင့်ရှိပါတယ်။
အခုနောက်ပိုင်း စတားလင့်ခ်စက်တွေကို အေအေက အခကြေးငွေနဲ့ပြန်အငှားချသုံးခွင့်ပြုပေမဲ့ စျေးကြီးလို့ လုပ်ငန်းရှင်တချို့လောက်ပဲသုံးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကနဦး မှတ်ပုံတင်ကြေး သိန်း ၂၀ သွင်းရပြီး သုံးလကို ဘီလ် ၁၀ သိန်းနဲ့ ကျပ် သိန်း ၃၀ ကြိုတင်သွင်းရပါတယ်။ ဒါကြောင့် ဒီ ငွေကြေးပမာဏကို ဆင်းရဲတဲ့ ရခိုင်ဒေသခံအများစုက မတတ်နိုင်ကြဘူးလို့ ပြောပါတယ်။
"စတားလင့်ခ်ကို အေအေဆီက ငှားသုံးမယ်ဆိုရင်လည်း စပေါ် သိန်း ၅၀ ပေးရတယ်။ ပြီးတော့ ၁၅ ယောက်ထက် အသုံးပြုခွင့်မရှိဘူး။ သူတို့ရုံးကနေ ထိန်းချုပ်ထားတယ်" လို့ စတားလင့်ခ်အသိမ်းခံထားရသူ တစ်ဦးက ပြောပါတယ်။
အစပိုင်းမှာတော့ စတားလင့်ခ်တွေကို ပြည်သူတွေကိုယ်ပိုင်အသုံးပြုခွင့်ရရှိခဲ့ကြပေမဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့တဲ့အချိန်ကစလို့ လုံခြုံရေးသတင်းပေါက်ကြားမယ်ဆိုပြီး ပုဂ္ဂလိကပိုင် စတားလင့်ခ်တွေကို သိမ်းဆည်းခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်သူတွေကတော့ အေအေကို မှတ်ပုံတင်ကြေးသွင်းပြီး ငှားရမ်းအသုံးပြုနေကြပေမဲ့ ဘယ်နေ့လာသိမ်းမလဲဆိုတာ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
"မြောက်ကိုးရီးယားနဲ့ တစ်ပုံစံတည်း ဖြစ်လာတယ်။ ပြည်သူတွေကတော့ လက်မခံချင်ကြဘူး။ လက်မခံကြောင်း သွားပြောရင်လည်း ထောင်ထမင်းစားရမှာပေါ့" လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စတွေအားလုံးဟာ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အမိန့်ထုတ်ပြီးလုပ်ခိုင်းတာဖြစ်တယ်လို့ အခြေအနေကို သိရှိတဲ့ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
အများပြည်သူသုံး အင်တာနက်စင်တာတွေကို မြို့နယ်တိုင်းမှာ အေအေက ဖွင့်ထားပေးပါတယ်။ အဲဒီမှာ လူတစ်ယောက် အွန်လိုင်းတစ်နာရီ အသုံးပြုခ ကျပ် ၂၀၀၀ ပေးကြရပါတယ်။ ဒီလုပ်ငန်းက တစ်လကို ကျပ်သိန်း ၃၀၀ လောက်အထိ ဝင်ငွေရရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနည်းပညာဌာနကို သူတို့မိသားစုတွေနဲ့ သူတို့နဲ့နီးစပ်သူတွေကပဲ ဦးစီးလုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
လူသားစာနာထောက်ပံ့မှုဌာနကို တပ်မှူးချုပ်ရဲ့အစ်ကိုက ဦးစီး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
လူသားချင်း စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ဟာ ULA/ AA ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
HDCO ဟာ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပရဟိတအကူအညီပေးရေး လုပ်ငန်းစဉ်တစ်ခုတည်းကို ဆောင်ရွက်နေတာမဟုတ်ပါဘူး။ သူ့အောက်မှာ နေ့စဉ်နဲ့အမျှလည်ပတ်နေတဲ့ အရေးကြီးတဲ့ ဌာနကြီးသုံးခုလုံး ပါဝင်နေတာပါ။
ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။
အဲဒီဌာနကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အစ်ကိုဖြစ်သူ ဗိုလ်မှူးထွန်းမင်းနိုင်က ကိုင်တွယ်ပါတယ်။ လူမှုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံးက သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိနေပါတယ်။
ဗိုလ်မှူးထွန်းမင်းနိုင်ဟာ HDCO ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ပါတယ်။ သူဟာ ULA မှာလည်း ဒုဥက္ကဋ္ဌ ၃ တာဝန်ယူထားပါတယ်။
HDCO ရဲ့ အဓိက ဆောင်ရွက်ရတဲ့ကဏ္ဍတွေကတော့ လူသားချင်းစာနာရေး အကူအညီပေးရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေနဲ့ စားနပ်ရိက္ခာထောက်ပံ့ကူညီရေးတွေလို့ သိရှိသူတွေက ပြောပါတယ်။
နောက်တစ်ချက်က နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေ(INGO/NGO)တွေ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်အလုပ်လုပ်ကိုင်ဖို့၊ ထောက်ပံ့ကူညီမှုတွေလုပ်နိုင်ဖို့အတွက် အဖွဲ့အစည်းအခြေစိုက်ခွင့် မှတ်ပုံတင်ခွင့်ကိစ္စတွေကို HDCO ဆီက ခွင့်ပြုချက်ရရှိဖို့ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ရခိုင်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဖြစ်စဉ်မှာ ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုတွေကို အေအေဆီကနေတဆင့် လှူဒါန်းခဲ့ကြပါတယ်။
'ဝ'တပ်ဖွဲ့က လှူဒါန်းပေးခဲ့တဲ့ ကျပ်သိန်းပေါင်း တစ်သောင်းကို HDCO က လက်ခံပြီး စီမံခန့်ခွဲမှုတွေ လုပ်ခဲ့ပါတယ်။ ဗိုလ်မှူးထွန်းမင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောကြားချက်တွေအရ HDCO က စာသင်ကျောင်းတွေနဲ့ စားနပ်ရိက္ခာခက်ခဲတဲ့ဒေသတွေမှာ ဆန်ထောက်ပံ့တာတွေလုပ်ဆောင်နေပြီး တောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုမယ့် မြေဩဇာနဲ့ စက်သုံးဆီတွေကိုလည်း ဖြန့်ဝေရောင်းချပေးတယ်လို့ တွေ့ရှိရပါတယ်။
သူတာဝန်ယူထားတဲ့ဒီဌာနအောက်က စီမံခန့်ခွဲရေးပြဿနာတွေ၊ မမျှတမှုတွေအကြောင်း ရခိုင်ဒေသခံတွေကြား ကျယ်ကျယ်လောင်လောင်ပြောတာအခုထိ မရှိသေးပါဘူး။
အေအေအုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ''အဓိကတော့ ဗျူရိုကရေစီ ယန္တရားနဲ့ နေသားမကျဘူးပေါ့။ လုယ်မယ်ဆိုလုပ်ကြတယ်။ တိုက်မယ်ဆိုတိုက်ကြတယ်။ ထောက်ပို့ပြည်သူလည်းဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း မိမိတို့ထောက်ပို့လိုက်တဲ့ လူတွေကိုယ်တိုင်က မိမိတို့ကို ပြန်ပြီးအုပ်ချုပ်လာတယ်။ အုပ်ချုပ်တဲ့အခါမှာလည်း အာဏာတည်ဆောက်ရတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ညီမျှအောင်လုပ်လာရတဲ့အခါမှာ ကွဲလွဲမှုတွေတော့ရှိကြမှာပါ။ ဒါတွေကိုတော့ ULA ကလည်း ပြင်ရမဲ့အပိုင်းလို့မြင်ပါတယ်''လို့ ဆိုပါတယ်။
အေအေရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေနဲ့ လူထုကို ရန်သူလို သဘောထားနေသလားလို့ ဝေဖန်ပြောဆိုခံရတာတွေလည်း ရှိနေပါတယ်။ ဗိုလ်မှူးထွန်းမြတ်နိုင်ရဲ့တုံ့ပြန်ချက်ကိုရဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
အရပ်ဘက်အုပ်ချုပ်ရေး အပြည့်အဝဖော်ဆောင်ဖို့ အေအေကိုတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, HDCO
အေအေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေထဲ လူပြောသူပြော အများဆုံးကတော့ အခွန်၊ တရားစီရင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ ဒီလုပ်ငန်းတွေအားလုံးပါဝင်နေတဲ့ အုပ်ချုပ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။
''ထိပ်ပိုင်းခေါင်းဆောင်မိသားစုတွေက သူများထက်မတော်မတရား အခွင့်အရေးကိုယူလို့ လုပ်စားနေတယ်ဆိုလို့ရှိရင် တိုင်ကြားလို့ရပါတယ်။ အဓိက ပြဿနာက စစ်အစိုးရ စစ်တပ်အုပ်ချုပ်တဲ့အချိန်က မတော်မတရားမှုတွေ အများကြီးရှိခဲ့ပေမဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ထိုးနှက်မှုတွေ မရှိသလောက် နည်းပါးပါတယ်။ ကိုယ့်အစိုးရမှာက လူ့အရင်းအမြစ်နည်းတယ်။ စစ်ပွဲစစ်ဒဏ်ကြောင့် ပြန်လည်တည်ဆောက်ရေးတွေ မလုပ်နိုင်တဲ့ကာလမျိုးမှာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ရဖို့ဆိုတာ အထူးပြောပြဖို့ မလိုပါဘူး''လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
တရားစီရင်ရေးကိစ္စတွေမှာလည်း တရားသူကြီးချုပ်က လုပ်ပိုင်ခွင့်အပြည့်အဝမရရှိဘဲ စစ်ဒေသမှူးတွေဆီ တင်ပြရပြီး အဲဒီက ဆုံးဖြတ်ချက်တွေကိုပဲ အမိန့်ချနေရတယ်ဆိုတဲ့ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ AA ဆီက တုံ့ပြန်ဖြေကြားချက် မရရှိသေးပါဘူး။
ဒါကြောင့် တချို့အမှုတွေဆိုရင် နစ်နာသူတွေဘက်က ရှုံးနိမ့်ပြီး တချို့အမှုတွေမှာ တရားစွဲဆိုဖို့၊ တိုင်ကြားဖို့တောင် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပြကြပါတယ်။
"ဆုံးဖြတ်လို့ရတဲ့အမှုတွေကို မဆုံးဖြတ်ဘဲ တန်းလန်းကြီး လုပ်ထားတယ်။ တချို့ဆုံးဖြတ်ရမယ့် အမှုတွေကို နှစ်လသုံးလ တွေ့ခွင့်မရ အဲဒီလိုလုပ်ထားကြတယ်။ ဘာတစ်ခုမှ တည့်တည့်မကျဘူး" လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ အဲဒီဒေသအုပ်ချုပ်ရေးမှူးနဲ့အတူ သက်ဆိုင်ရာ စစ်ဒေသမှူးတွေ၊ နိုင်ငံရေးမှူးတွေလည်း ပူးတွဲကြီးကြပ်ကွပ်ကဲတာလို့ သိရှိသူတွေက ပြောပါတယ်။
ဒေသအုပ်ချုပ်ရေးအဖွဲ့အောက်မှာ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရှိကြပါတယ်။ အဲဒီထဲမှာ တိုက်နယ်မှူးတွေက ပြည်သူနဲ့ထိတွေ့မှု အများဆုံးလုပ်ရသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်နယ်မှူးတွေကို လူထုက ရွေးကောက်တင်မြှောက်ပြီး ခန့်အပ်စေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးပိုင်းမှာ စစ်ဒေသမှူးတွေ ကြီးကြပ်တယ်ဆိုတာက အေအေက တစ်ပါတီစနစ်နဲ့ သွားနေတာဖြစ်တဲ့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိခန့်ထားတဲ့ခရိုင်ကနေ ရပ်ကွက်အထိ အုပ်ချုပ်ရေးမှူးအားလုံးဟာ အေအေက ဆင့်ကဲစနစ်နဲ့ ခန့်ထားတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးမှာ အရပ်သားပါဝင်မှု မရှိဘူးလို့ ထောက်ပြနေကြပါတယ်။ လူထုထောက်ခံမှုရထားတဲ့ အေအေအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ပုံစံမဟုတ်ဘဲ အရပ်သားလူထုကိုပါ ပါဝင်စေတဲ့အရပ်ဘက် စစ်ဘက် ဆက်ဆံရေးတည်ဆောက်စေချင်တယ်လို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
ဦးခိုင်သုခကတော့ ဒီပြောဆိုချက်တွေဟာ ပြည်သူနဲ့ သူတို့အစိုးရကို ရန်တိုက်တဲ့ဘဘောလို့ ဘီဘီစီကို တုံ့ပြန်ပါတယ်။
"ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့မူဝါဒကတော့ ဒီအာရက္ခအမျိုးသားတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အသက်၊ သွေး၊ ချွေး၊ မျက်ရည်တွေကို ပေးဆပ်ပြီးမှ အခုလိုမျိုး အနေအထားတစ်ခုကိုရောက်လာတာ ဖြစ်ပါတယ်''လို့ ဆိုပါတယ်။












