အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင် ဆေးနဲ့ ဆန်အရက် ရောတိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူဟာ ကိုမျိုးမင်းထွန်းဆိုသူဖြစ်ပြီး သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် တာလို့လည်း ဆိုပါတယ်။
နေပြည်တော် ထုတ်ပြန်ချက်အရ အဲဒီအမျိုးသားဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင်လုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့ပြီး ဗီဒီယိုတွေကို တယ်လီဂရန်မှာ ငွေကြေးနဲ့ရောင်းချခဲ့တာ ပြစ်မှုထင်ရှားတာကြောင့်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုမျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ စုံစမ်းချက်အရ တရားခံအမျိုးသားက သူနဲ့ နီးစပ်တဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံး ဆန်အရက်တို့ကို အားဆေးနဲ့ အချိုရည်လို့လိမ်ညာပြီး တိုက်ခဲ့တယ်လို့ဆိုပါတယ်။
နောက် ကလေးငယ်တစ်ဦးကို တရားခံ ကိုမျိုးမင်းထွန်းက လိင်တူဆက်ဆံခဲ့ပြီး နောက် ကလေးငယ် ၂ ဦးကိုလည်း အချင်းချင်း လိင်တူဆက်ဆံခိုင်းခဲ့သလို အဲဒီအခြေအနေတွေကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မဖွယ်မရာမြင်ကွင်းတွေပါတဲ့ဗီဒီယိုတွေကို တယ်လီဂရန်ချန်နယ်တည်ဆောက်ပြီး အဖွဲ့ဝင်တွေဆီက အဖွဲ့ဝင်ကြေးကောက်ခံပြီးတဲ့နောက် ဗီဒီယိုတွေကို ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အမျိုးသားနဲ့ သိကျွမ်းကြသူတွေဖြစ်ပြီး အဲဒီအမျိုးသားအိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်လည်ပတ်ဖူးကြသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
