ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တာလီဘန်တွေရဲ့အာဖဂန်မှာ အနောက်ကမ္ဘာရဲ့လွှမ်းမိုးမှု ကျန်နေသေးလား
- ရေးသားသူ, လိစ် ဒူဆက်စ်
- ရာထူးတာဝန်, နိုင်ငံတကာသတင်းထောက်ချုပ်
- ရေးသားပေးပို့သည့်နေရာ, ကဘူးလ်မြို့
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၂
ကဘူးလ်မြို့တောင်ဘက် ကျေးရွာတစ်ရွာက ဆေးဖြူသုတ် မြေအောက်ခန်းတစ်ခုထဲမှာအမျိုးသမီးငယ် ၁၂ ဦးခန့်ဟာ ချယ်ရီသီးနဲ့ ဆီးသီးတွေကို အိုးကြီးတွေထဲ ကျိုသူက ကျို၊ ဖန်ပုလင်းထဲ ထည့်ထားတဲ့ယိုဘူးတွေကို တံဆိပ် ကပ်သူက ကပ်နဲ့ အလုပ်များနေကြပါတယ်။
ဒီလိုလုပ်ငန်းမျိုးတွေက တာလီဘန်တွေ အုပ်ချုပ်နေတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ အလုပ်အကိုင်ရရှိဖို့နဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူနိုင်ဖို့ ကျန်ရှိနေသေးတဲ့ ရှားရှားပါးပါး အခွင့်အလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒီလုပ်ငန်းကို ဦးဆောင်နေသူက အာဖဂန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် နာဂျီယာ ပါ။ အသက် ၄၇ နှစ်ပဲ ရှိသေးပေမဲ့ ကလေး ၉ ဦးရဲ့မိခင်ဖြစ်နေပါပြီ။ သူ့ အသက် ၁၄ နှစ်အရွယ်မှာပဲ အိမ်ထောင်ကျခဲ့သူလည်းဖြစ်ပါတယ်။
အာဏာပိုင်တွေက မိန်းမငယ်လေးနဲ့ အမျိုးသမီးငယ်တွေကို အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေ တက်ရောက်ခွင့် မပိတ်ပင်ထားဘူးဆိုရင် နာဂျီယာရဲ့သမီးတွေတွေအပါအဝင် ဒီအလုပ်ရုံထဲမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးအများစုဟာ သူတို့ရဲ့အနာဂတ်ကို တမျိုးတဖုံနဲ့ပုံဖော် တည်ဆောက်ဖို့ ပညာသင်နေကြရမယ့်အရွယ်တွေဖြစ်ပါတယ်။
ဒါပေမဲ့ အခုတော့ ဒီလိုအလုပ်အကိုင်အခွင့်အလမ်းလေးတောင် ပိုပြီး ကန့်သတ်ခံလာရပါတယ်။ မကြာခင်တုန်းက ထုတ်ထားတဲ့ စည်းမျဉ်းအသစ်တွေကြောင့် အမျိုးသမီးတွေဟာ ကိုယ့်ထုတ်ကုန်တွေကို ဈေးထဲရောက်ဖို့ အမျိုးသားတွေကို အကူအညီတောင်းရပါတယ်။ ကုန်စည်ပြပွဲတွေမှာလည်းဆိုရင်လည်း ထုတ်ကုန်ကို ရောင်းချ ပြသဖို့ ဆိုင်ခုံမှာ အမျိုးသားတွေပဲ ထိုင်ခွင့်ရှိပါတော့တယ်။
တာလီဘန်တွေကတော့ အမျိုးသမီးတွေဟာ ဟီဂျပ်(ခေါင်းဆောင်း)ကို သင့်တင့်လျောက်ပတ်အောင် မဝတ်ဆင်တာကြောင့်လို့ဆိုပြီး အမျိုးမျိုးသော အကြောင်းပြချက်တွေ ပေးပါတယ်။
"ကမ္ဘာက တာလီဘန်တွေနဲ့ ဆက်ဆံပြောဆိုတဲ့ပုံစံကို ပြောင်းဖို့ လိုနေပြီ။ အခုလိုလုပ်နေတာက အလုပ်မဖြစ်ဘူး" လို့ နာဂျီယာက ပြောပါတယ်။ "အာဖဂန်အမျိုးသမီးတွေရဲ့ဘဝတွေ ပြောင်းလဲလာဖို့ လိုတယ်။ ကျွန်မတို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးလာနေပြီ။"
ရှေးရိုးစွဲလွန်းတဲ့အစ္စလာမ္မစ်လှုပ်ရှားမှုဖြစ်တဲ့တာလီဘန်တွေ အာဏာရလာပြီး ငါးနှစ်အကြာမှာ အပြောင်းအလဲတော့ ဖြစ်လာပါတယ်။ ပြောင်းလိုက်တာတွေက အမျိုးသမီးတွေဆိုရင် လူမြင်ကွင်းမှာ ခပ်စိပ်စိပ်မတွေ့ရအောင် လူမှုဘဝ ကန့်သတ်တာ၊ မိန်းကလေးငယ်တွေ အသက် ၁၂ နှစ်ကျော်ရင် ကျောင်း မသွားရ ဆိုတာတွေ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ အာဖဂန်နစ္စတန်ပြည်တွင်းရော ပြင်ပမှာပါ လူအများမေးနေကြတဲ့ အရေးကြီးမေးခွန်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အဓိပ္ပာယ်ပြည့်၀တဲ့အပြောင်းအလဲဖြစ်လာစေဖို့ တာလီဘန်တွေနဲ့ ဘယ်လိုပုံစံဆက်ဆံဆွေးနွေးသင့်သလဲဆိုတာပါ။
ဒီကိစ္စက အမြင်သဘောထားကွဲလွဲမှုလည်း ကြီးပါတယ်။ အစုအဖွဲ့စုံသလို ထွေးရောယှက်တင်နေတဲ့ပြဿနာကလည်း စုံပါတယ်။ အဲဒီထဲ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ တာလီဘန်တွေရဲ့ခန့်မှန်းရခက်တဲ့အမိန့်ထုတ်ပြန်မှုတွေ၊ လူသားစာနာမှု အကျပ်အတည်းလိုနေချိန်မှာ နိုင်ငံတကာ အကူအညီတွေဖြတ်တောက်ခံရတာနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုကိစ္စတွေ ပါ၀င်နေပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တုံ့ပြန်ပုံကလည်း အုပ်စုကွဲနေပါတယ်။ လူ့အခွင့်အရေးကိစ္စကို ပြောနေတဲ့အနောက်နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ပိုစိတ်ဝင်စားကြနေကြတဲ့ နိုင်ငံတွေကြားက အမြင်မတူညီမှုတွေဖြစ်ပါတယ်။ အာဖဂန်အရေး အကောင်းဆုံး ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာတောင် အနောက်နိုင်ငံတွေ အချင်းချင်းကြားမှာတောင် အမြင်မတူတာတွေရှိနေပါတယ်။
ဒါပေမဲ့ အာဖဂန်က တာလီဘန်တွေအရေး အနောက်နိုင်ငံတွေ ဘာတွေပဲ လုပ်နေပါစေ အဲဒီလုပ်ဆောင်ချက်တွေ အလုပ်မဖြစ်ဘူးဆိုတာကို အများစုက ခုတော့ လက်ခံလာနေကြပါပြီ။
သီးခြား ကျဉ်မထားဘဲ ထိတွေ့ဆက်ဆံဖို့လို
တာလီဘန်ကို အဆက်အဆံမလုပ်ဘဲ သီးခြားဖယ်ကျဉ်ထားဖို့ တောင်းဆိုမှုအချို့လည်း ရှိပေမဲ့ ကုလသမဂ္ဂက အာဖဂန် လူဦးရေရဲ့တစ်၀က်နီးပါးရှိတဲ့ အာဖဂန်ပြည်သူ ၂၂ သန်းခန့်ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ နိုင်ငံတကာရဲ့အကူအညီတစ်မျိုးမျိုးကို မှီခိုနေရတဲ့အခြေအနေမှာ ရှိတယ်လို့ သတိပေးပြီးတဲ့နောက်မှာ အဲဒီအသံအချို့လည်း တိတ်သွားခဲ့ပါတယ်။
တကယ်တော့ အာဖဂန်နစ္စတန်နိုင်ငံဟာ အကျပ်အတည်းစုံကြောင့် ဖွတ်ဖွတ်ကြေနေတဲ့နိုင်ငံဆိုလည်း မမှားပါဘူး။ နာတာရှည်နေတဲ့ စီးပွားရေးအကျပ်အတည်း၊ ပျက်စီးဆုံးရှုံးကြီးမားတဲ့သဘာဝဘေးတွေ၊ အိမ်နီးချင်း ပါကစ္စတန်နဲ့ ဖြစ်တဲ့ပဋိပက္ခတွေအပြင် နိုင်ငံအသီးသီးကနေ ပြန်ပို့ခံရတဲ့နိုင်ငံသား သန်းချီအရေးကိုပါ ကြုံနေရတာပါ။
အခုအချိန်မှာ တာလီဘန်တွေက နိုင်ငံကို အုပ်ချုပ်နေတာကတော့ ရှောင်လွှဲလို့မရတဲ့အမှန်တရားဖြစ်နေပါတယ်။
အိုင်အက်စ်အဖွဲ့အပါအ၀င် ပြည်ပမှာအခြေစိုက်တဲ့ လက်နက်ကိုင် အတိုက်အခံအစုအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးပေမဲ့ တာလီဘန်တွေဟာ သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေ မြို့တော် ကဘူးလ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ခပ်မြန်မြန်ပဲ သိမ်းလိုက်ပြီး နောက်ပိုင်းကတည်းက ယုံကြည်ချက်မြင့်လာသလို အာဏာချုပ်ကိုင်မှုကိုလည်း တိုးလုပ်လာနေပါတယ်။
တာလီဘန်တွေဟာ အခုချိန်မှာ အခွန်တွေ ကောက်ခံနေပြီး တရုတ်၊ ရုရှား၊ အဘူဒါဘီ၊ တာရှ်ကန့် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ သတ္တုတူးဖော်ရေး၊ စွမ်းအင်ကဏ္ဍနဲ့ အခြားစီးပွားရေး သဘောတူညီချက်တွေကို ချုပ်ဆိုနေကြပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကြောင့် ချမှတ်ထားတဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကြားကနေတော့ သူတို့ ရုန်းမထွက်နိုင်သေးပါဘူး။
ရုရှားနိုင်ငံတစ်နိုင်ငံတည်းကပဲ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ တာလီဘန်တွေဟာ သူတို့ ရသင့်ပြီလို့မှတ်ယူထားတဲ့နယူးယောက်မြို့က ကုလသမဂ္ဂမှာတော့ အာဖဂန်နစ္စတန်ကိုယ်စားပြုထိုင်ခုံကို မရရှိသေးပါဘူး။
ဒါပေမဲ့ အခုချိန်မှာ တရားဝင် သံတမန်ရေးရာ အသိအမှတ်ပြုမှုရရှိရေးက အဓိက ကိစ္စမဟုတ်တော့ဘူးလို့ မြင်ကြပါတယ်။
"အသိအမှတ်ပြု မပြုဆိုတဲ့အပိုင်းကို အနောက်နိုင်ငံတွေကြား ဆွေးနွေးကြတာ အားနည်းလာနေတယ်" လို့ ကုလသမဂ္ဂအကြီးတန်း အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။ သူက အာဖဂန်မှာ အလုပ်ဆက်လုပ်ဖို့ ရှိတာကြောင့် နာမည်တော့ မသုံးခိုင်းပါဘူး။
နိုင်ငံအတော်များများဟာ တာလီဘန်တွေနဲ့ သဘောတူညီချက်တွေ ချုပ်ဆိုတာ၊ သံတမန်တွေကို အသိအမှတ်ပြုလက်ခံနေတာနဲ့ သံရုံးတွေ ဖွင့်လှစ်ထားတာစတဲ့အချက်တွေကိုကြည့်ရင်လည်း တရားဝင်မဟုတ်ပေမဲ့ လက်တွေ့ကျကျ အသိအမှတ်ပြုနေတဲ့အခြေအနေကို ညွှန်ပြပါတယ်။
"တာလီဘန်တွေက ကုလသမဂ္ဂမှာ တရားဝင်အသိအမှတ်ပြုခံရချင်တာတော့ ရှိမှာပါ။ ဒါပေမဲ့ ဒါဟာ အစပိုင်းတုန်းကလို သူတို့အပေါ် ဖိအားပေးနိုင်တဲ့အပေးအယူ တစ်ခုမျိုး မဟုတ်တော့ဘူး" လို့ အဲဒီကုလအရာရှိကြီးဟောင်းက သုံးသပ်ပါတယ်။
ကဘူးလ်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြင့်မားတဲ့ လုံခြုံရေးနံရံတွေအနောက် တိတိရိရိ ညှပ်ထားတဲ့မျက်ခင်းစိမ်းပြင်ကျယ်နဲ့ အသရေတင့်တဲ့သမိုင်းဝင်အဆောက်အအုံတွေရှိရာ ဝင်းထဲမှာတော့ တာလီဘန်သံတမန်တွေဟာ ကမ္ဘာတဝန်းက အာဖဂန်သံရုံးစာရင်းထဲကို အမည်အသစ်တွေနဲ့ အလံအသစ်တွေ ထပ်မံဖြည့်စွက်နေကြပါတယ်။
ဒီသံရုံးတွေဟာ သူတို့က ဖြုတ်ချခဲ့တဲ့အရင်အစိုးရကို သစ္စာခံနေတဲ့လက်ကျန်သံရုံးအနည်းငယ် မဟုတ်တော့ဘဲ တာလီဘန်တွေရဲ့ထိန်းချုပ်မှုအောက်ကို တဖြည်းဖြည်း ရောက်လာနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်သံရုံး အရေအတွက်ဟာ ၄၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာ တိုးတက်မှုတွေ မြင်ချင်တယ်ဆိုရင် အဝေးကနေ ပြောဆိုနေကြတာထက် သံတမန်ရေးအရ ပိုပြီးနီးကပ်ဖို့ လိုတယ်" လို့ ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။ သူက တာလီဘန်အဖွဲ့ရဲ့ အဓိက ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။
ကျွန်မတို့ သူ့ကို အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာမြို့မှာ တွေ့ဆုံခဲ့တာပါ။ ဒီနေရာဟာ တာလီဘန်ရဲ့ အမှန်တကယ် အာဏာဗဟိုချက်လို့ ဆိုနိုင်တဲ့ နေရာပါ။
ဒီမှာပဲ တာလီဘန်ခေါင်းဆောင်ကြီး အီမာ ဟီဘတ်တူလာ အခွန်ဇာဒါက သူ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အခြေစိုက်မှုကို တဖြည်းဖြည်း အားကောင်းလာအောင် တည်ဆောက်ခဲ့ပြီး အမိန့်ထုတ်ပြန်ချက် ရာနဲ့ချီ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်တွေထဲက အတော်များများဟာ အာဖဂန် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို နေ့စဉ်လူသူကြား လူမှုဘဝထဲကနေ ဖယ်ထုတ်တဲ့သဘောဆောင်ပေမဲ့ သူကတော့ ဒါဟာ ဒီအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ လိုအပ်လို့ လုပ်ရတဲ့အစ္စလာ့မ်ဘာသာရေး တာဝန်တစ်ရပ်လို့ ဆိုပါတယ်။
တာလီဘန်တွေ အာဏာရလာပြီး ငါးနှစ်ပြည့်လာတဲ့ ဒီအချိန်ကို အများစုက အရေးကြီးတဲ့ အလှည့်အပြောင်းကာလတစ်ခုလို့ မြင်ကြပါတယ်။
"မတည်ငြိမ်သေးသလို အန္တရာယ်လည်းရှိတဲ့ မျှခြေတစ်ခုဖြစ်နေပါတယ်" လို့ဆိုပြီး အာဖဂန် အခြေနေကို ကုလသမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက ပြောပြပါတယ်။ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအဆင့် တံခါးပိတ်ဆွေးနွေးပွဲတစ်ခုမှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အာဖဂန်နစ္စတန်ဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ဖြစ်နေပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေက နိုင်ငံတကာရဲ့အာရုံကို ဆွဲယူထားပြီး ဥရောပနိုင်ငံတွေအတွက်တော့ သူတို့ရဲ့ကမ်းခြေတွေဆီ ထွက်ပြေးလာနေတဲ့ အာဖဂန်ဒုက္ခသည် အများအပြားကို ဘယ်လိုတားဆီးမလဲဆိုတာက အဓိကပြဿနာဖြစ်နေပါတယ်။
"၂၀၀၁ ကနေ ၂၀၂၁ အထိ အနောက်နိုင်ငံတွေ အာဖဂန်နစ္စတန်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ကြိုးပမ်းအားထုတ်မှု ပမာဏကို ကြည့်လိုက်ရင် အခုအချိန်မှာ ဒီနိုင်ငံကို ဒီလောက်အထိ လျစ်လျူရှုထားကြတာက တကယ့်ကို ထူးဆန်းပါတယ်" လို့ မကြာသေးခင်အချိန်အထိ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးသံအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အနောက် သံတမန်တစ်ဦးက ပြောပါတယ်။
သူကလည်း သံခင်းတမန်ခင်းရပ်၀န်းမှာ ဆက်ပြီး ရှိနေသေးတာကြောင့် အမည်မဖော်လိုသူ အဖြစ်ပဲ သုံးနှုန်းဖို့ ပြောပါတယ်။
"အကြီးမားဆုံး သံတမန်ရေး ကွာဟချက်ကတော့ အမေရိကန်ပါပဲ" လို့ သူက ပြောပါတယ်။ လက်ရှိအမေရိကန်အစိုးရက အာဖဂန်နစ္စတန်ဆိုင်ရာအထူးကိုယ်စားလှယ်ရာထူးကို ဖျက်သိမ်းလိုက်တာ၊ တစ်ချိန်က အာဖဂန်အရေးကိစ္စအများစုမှာ ကမ္ဘာ့ဦးဆောင်ကဏ္ဍက ပါဝင်ခဲ့တဲ့ USAID အပါအဝင် အစိုးရအေဂျင်စီအများအပြားကို လျှော့ချဖျက်သိမ်းလိုက်တာတွေကို ဆက်စပ်ပြီး သူက ပြောပြတာဖြစ်ပါတယ်။
တာလီဘန် ရာထူးအဆင့်ဆင့်ကြားမှာလည်း ကမ္ဘာကြီးဟာ ပိုကောင်းတဲ့ဆက်ဆံရေးပုံစံတစ်ခု တည်ဆောက်ဖို့ မလိုလားဘူး ဒါမှမဟုတ် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့စိတ်ပျက်မှုတွေ ရှိနေပါတယ်။ တာလီဘန်ထဲက အဲဒီလိုလူတွေကတော့ သူတို့ရဲ့ခေါင်းဆောင်ကြီး ချမှတ်တဲ့တင်းကျပ်တဲ့အမိန့်တချို့အပေါ် ကွဲပြားတဲ့အမြင်ရှိသူတွေလို့ သိမှတ်ခံရသူတွေလည်းဖြစ်ပါတယ်။
"ကျွန်တော်တို့က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ပါတယ်" လို့ တာလီဘန်အဖွဲ့ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မူလာ အဘ်ဒူလ် ဆလမ် ဇာအိဖ်က လေးလေးနက်နက်ပြောပါတယ်။
သူဟာ အခုအချိန်မှာ ကဘူးလ်မြို့ အပြင်ဘက်မှာ ယောက်ျားလေးနဲ့ မိန်းကလေးတွေ တက်ရောက်နိုင်တဲ့ အစ္စလာမ်သာသနာ့ ကျမ်းစာကျောင်းတစ်ကျောင်း ဖွင့်ထားသူဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ ပုံမှန်စာသင်ကျောင်းတွေနဲ့မတူဘဲ အသက်အရွယ်မရွေး မိန်းကလေးတွေကို လက်ခံသင်ကြားပေးပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကဖွင့်လှစ်ထားတဲ့ကျောင်းတချို့မှာ ဘာသာရေးပညာသာမက အခြားဘာသာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။
"ဖိအားပေးရုံသက်သက်နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
သူက ပြည်ပကျူးကျော်မှုတွေကို အမြဲခုခံတွန်းလှန်ခဲ့တဲ့ အာဖဂန်နစ္စတန်ရဲ့သမိုင်းကြောင်းကို အစဉ်အလာကို ထောက်ပြပါတယ်။
"ကျွန်တော်တို့ ရုရှားတွေကိုလည်း အလျှော့မပေးခဲ့ဘူး။ အမေရိကန်တွေကိုလည်း အညံ့မခံခဲ့ဘူး။ ဒါဆို အခု ဘာကြောင့် တာလီဘန်တွေက အလျှော့ပေးရမှာလဲ" လို့ သူက ပြောဆိုပါတယ်။
စကားပြောဖို့ လမ်းဖွင့်
ကုလသမဂ္ဂ အရာရှိတွေကတော့ အာဖဂန်နစ္စတန်မှာ သူတို့ အကန့်အသတ်ကြားကနေ ဆက်နေနေရမဲ့ ဒီအခြေအနေကပဲ အကျိုးရှိတယ်လို့ ယုံကြည်ကြပါတယ်။
သူတို့ကတော့ အာဖဂန်မှာ အကျဉ်းသားတွေအပေါ် ဆက်ဆံပုံ၊ "မြတ်သောအကျင့်ကို မြှင့်တင်ဖို့နဲ့ သုစရိုက်တိုးစေဖို့ ကျင့်၀တ်" ဆိုပြီး အမျိုးသမီးတွေအပေါ် စည်းကမ်းတင်းကျပ် ဖော်ဆောင်တာနဲ့ပတ်သက်ပြီး တာလီဘန်တွေနဲ့ ဆွေးနွေးနိုင်ခဲ့တာ၊ နောက် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်အောင် ကြိုးပမ်းတဲ့အပိုင်းတွေမှာ တိုးတက်မှုအဖြစ် ထောက်ပြကြပါတယ်။
"ထိတွေ့ဆက်ဆံမှုက နှေးကွေးတယ်၊ တိုးတက်မှုက တစ်ဆင့်ချင်းစီပဲ ရှိတယ်၊ နောက်ပြန်ဆုတ်သွားတဲ့အခြေအနေတွေလည်း မကြာခဏကြုံရတယ်"
ဒါက လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အတက်အကျရှိခဲ့တဲ့ဆွေးနွေးပွဲတွေအပေါ် ကုလသမဂ္ဂရဲ့ သတိကြီးကြီးနဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂကတော့ ဒီလုပ်ငန်းစဉ်ကို ဆက်လက်ထိန်းထားဖို့ လိုအပ်တယ်လို့ အခိုင်အမာ ပြောဆိုနေဆဲပါ။
"တိုးတက်မှု မရှိဘဲ ရပ်တန့်နေတဲ့လုပ်ငန်းစဉ်တစ်ခုက ဘာလုပ်ငန်းစဉ်မှ မရှိတာထက် ပိုကောင်းပါတယ်" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အာဖဂန်နစ္စတန်ဆိုင်ရာ ဒုတိယအထူးကိုယ်စားလှယ် ဂျော်ဂျက် ဂါညွန်က ပြောပါတယ်။ သူက လက်ရှိမှာ ကဘူးလ်က ကုလသမဂ္ဂရုံးရဲ့ယာယီအကြီးအကဲအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
ကုလသမဂ္ဂဟာ တာလီဘန်တွေအပေါ် တုံ့ပြန်မှုမှာ လျော့လျဲတယ်လို့ ဝေဖန်ခံရတာတွေလည်း ရှိပါတယ်။ "ဒိုဟာ လုပ်ငန်းစဉ်"(Doha Process) လို့ ခေါ်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တာကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပခဲ့တာပါ။ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး အကြောင်းအရာစုံကို ဆွေးနွေးခဲ့ပေမဲ့ အာဖဂန်အမျိုးသမီးကိုယ်စားလှယ်တွေ မပါဝင်ရဘူးဆိုတဲ့စည်းကမ်းချက်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂအရာရှိတွေကတော့ အစည်းအဝေးအတွင်းမှာ အရေးကြီးတဲ့ကိစ္စအားလုံးကို ဆွေးနွေးခဲ့ပြီး နောက်ပိုင်းအစည်းအဝေးတွေမှာတော့ အမျိုးသမီးတွေလည်း ပါ၀င်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ "မိုဆဲအစ်" (Mosaic) လို့ ခေါ်တဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်အသစ်တစ်ခုကို ပိုပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ပုံစံနဲ့ ဆောင်ရွက်နေပါတယ်။ အဓိကအကြောင်းအရာ ခြောက်ခုကို အခြေခံထားပါတယ်။ အမျိုးသမီးအခွင့်အရေးအပါအ၀င် လူ့အခွင့်အရေး၊ အားလုံးပါဝင်တဲ့အုပ်ချုပ်မှုစနစ် (inclusive governance)နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့ ပါဝင်ပါတယ်။
အခြားတစ်ဖက်မှာတော့ တာလီဘန်တွေရဲ့ တောင်းဆိုချက်တွေ ဖြစ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရေး၊ လွှဲပြောင်းခွင့် တားမြစ်ခံထားရတဲ့ပိုင်ဆိုင်မှုတွေကို ပြန်လွှဲပြောင်း ရယူခွင့်ရှိရေးနဲ့ သံတမန်ရေး ကိုယ်စားပြုခွင့် ရရှိရေးတို့ ပါဝင်ပါတယ်။
"အခက်ခဲဆုံး ပြဿနာတွေကို စတင် ဆွေးနွေးနိုင်ဖို့ ယုံကြည်မှုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာနေပါတယ်" လို့ ဂါညွန်က ပြောပါတယ်။ ကျယ်ဝန်းပြီး လုံခြုံရေး တိုးမြှင့် တင်းကျပ်ထားတဲ့ ကုလသမဂ္ဂရုံး၀င်းအတွင်းမှာ တွေ့ဆုံစဉ် သူက အခုလို ပြောခဲ့တာပါ။
သူကတော့ ဒီအခြေအနေတွေကို "ခရီးရှည်ကြီးရဲ့ခြေလှမ်းငယ်လေးတွေ'' လို့ တင်စားပါတယ်။
ဂါညွန်က ဒီလုပ်ငန်းစဉ်ဟာ အစိုးရတစ်ခုချင်းစီရဲ့ဆွေးနွေးမှုတွေကနေ မဟုတ်ဘဲ နိုင်ငံတကာကရဲ့ စုပေါင်းကြိုးပမ်းမှုနဲ့ လုပ်ဖို့ လိုအပ်တဲ့အကြောင်းပြောပါတယ်။
"ဖိအားပေးတာက အခုထိ အလုပ်မဖြစ်ဘူး။ ခြိမ်းခြောက်တာတွေလည်း အလုပ်မဖြစ်ဘူး။ ဒီတော့ တသမတ်တည်းဖြစ်တဲ့စုပေါင်းသဘောထား၊ သတင်းစကားနဲ့ လုပ်ဆောင်ချက်တွေမှာပဲ ကျွန်မတို့အတွက် အကောင်းဆုံးအခွင့်အလမ်းရှိပါတယ်" လို့ သူမက ဆိုပါတယ်။
"မိုဆဲအစ်"(Mosaic) လုပ်ငန်းစဉ်ကလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ဆိုပြီး ကုလအဖွဲ့အတွင်းမှာတောင် မြင်ကြ စိုးရိမ်ကြသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့လည်း အခြေအနေဆက်လက်ထိန်းထားနိုင်ဖို့၊ အာဖဂန်နစ္စတန်ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပိုမိုအထီးကျန်သွားစေမယ့်အခြေအနေမျိုး မဖြစ်အောင် လုပ်နိုင်ဖို့နဲ့ အမျိုးသမီးတွေအပါအဝင် ထိခိုက်လွယ်တဲ့လူမှုအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးတဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့က အရေးကြီးတယ်လို့ ယူဆတာလည်း ရှိနေပြန်ပါတယ်။
တိုးတိုးစကား
အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ မြေပြင်မှာ ဘယ်လိုဆက်လက်လုပ်ဆောင်နိုင်မလဲဆိုတာကို နေ့စဉ်နဲ့အမျှ ဆွေးနွေးညှိနှိုင်းနေကြရဆဲဖြစ်ပါတယ်။ ဖုန်ထူထူ ခရိုင်မြို့ကြီးလို နေရာတွေအပြင် လယ်မြေ ယာမြေထဲမှာလည်း လုပ်ရပါတယ်။
အဲဒီနေရာတွေဟာ တာလီဘန် ခေါင်းဆောင်ကြီးက သီးသန့်ထုတ်ပေးတဲ့အမိန့်တွေကို သူ့နည်းသူ့ဟန်နဲ့ မြေပြင်မှာ လက်တွေ့ဖြေရှင်းကြတဲ့နေရာဖြစ်ပါတယ်။
ဒီလိုဖြေရှင်းနည်းတွေကြောင့်ပဲ အမျိုးသမီးတွေဟာ အဖွဲ့အစည်းတချို့မှာ အိမ်ကနေ အလုပ်လုပ်ခွင့် ရတာမျိုး၊ အမျိုးသားတွေနဲ့ အခန်းမတူ၊ အထပ် မတူ၊ အဆောက်အဦမတူဘဲ သီးခြား အလုပ်လုပ်ခွင့် ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
"အာဖဂန်နစ္စတန်မှာ အရာအားလုံးက လူမှုဆက်ဆံရေးအပေါ် မူတည်နေတယ်။ နေ့စဉ် ဆက်ဆံရေးကလည်း အရာတွေကို ပိုမို လွယ်ကူသွားစေနိုင်ပါတယ်" လို့ အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်လာတဲ့ ဗြိတိန်အခြေစိုက် Afghanaid ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ခရစ်စ် ကင်ဒါက ပြောပါတယ်။
သူက အကူအညီပေးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ ဝင်ရောက်ခွင့် ဆွေးနွေးမှုအများစုကို အတွေ့အကြုံရင့် အာဖဂန်ဝန်ထမ်းတွေကပဲ လုပ်မှ ရတဲ့အကြောင်းကိုလည်း ရှင်းပြပါတယ်။
ဒေသန္တရ တာလီဘန် အရာရှိအချို့ဟာ လက်တွေ့ကျတဲ့ဖြေရှင်းနည်းတွေ ရှာဖွေဖို့ ကြိုးစားကြတယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဖဂန် ခရိုင်မြို့တွေနဲ့ မြို့ငယ်တွေကို သွားခဲ့တဲ့ ကျွန်မ ခရီးစဉ်အတွင်းမှာ မြင်ရပါတယ်။ ဒါပေမဲ့ နိုင်ငံခြားအကူအညီကို သံသယမျက်လုံးနဲ့ ကြည့်တတ်တဲ့ ဒေသန္တရ အာဖဂန်အရာရှိတွေကိုလည်း တွေ့ရပါတယ်။
ပရဟိတအဖွဲ့တစ်ခုကတော့ ဒေသန္တရအဆင့်ကနေရတဲ့ခွင့်ပြုချက်တွေဟာ "နှုတ်ကတိသာဖြစ်ပြီး ကျိုးပျက်လွယ်တဲ့အခြေအနေ'' လို့ ပြောပါတယ်။
အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ပရောဂျက်တွေ ဆက်လုပ်နိုင်ဖို့ စည်းမျဉ်းတွေကို ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ရတယ်လို့ဆိုတဲ့ဝေဖန်မှုတွေကိုတော့ ကင်ဒါက ပယ်ချပါတယ်။
"တာလီဘန်တွေမှာလည်း သူတို့ သတ်မှတ်ထားတဲ့စည်းတွေရှိသလို ကျွန်တော်တို့လို ရန်ပုံငွေထောက်ပံ့သူတွေမှာလည်း ကျွန်တော်တို့ စည်းဘောင်တွေရှိပါတယ်။ ဒီအကူအညီတွေ ဘယ်ကနေလာလဲဆိုတာကို နှစ်ဖက်စလုံးက နားလည်နိုင်ဖို့ရာ ချဉ်းကပ်ပုံနည်း ချဉ်းကပ်ဟန်တွေကို ကျွန်တော်တို့ ဆွေးနွေးကြတာမျိုး'' လို့ သူက ပြောပြပါတယ်။
ဒီနေရာမှာလည်း အကူအညီပေးရေးအရာရှိအများအပြားကတော့ နိုင်ငံတကာအနေနဲ့ ပိုမို ညီညွတ် ချဉ်းကပ်ပုံတစ်ရပ်ကို ကျင့်သုံးဖို့ လိုအပ်ကြောင်း တောင်းဆိုနေကြပါတယ်။
ကျယ်ကျယ်စကား
"ကျွန်မတို့ ဆက်ပြီး စကားပြောဖို့ လိုတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဘယ်လိုအချက်တွေရှိမှ စကားပြောမယ်ဆိုတာမျိုးတော့ လိုအပ်တယ်"
ဒါက ယိုထုတ် လုပ်ငန်းရှင် အမျိုးသမီး နာဂျီယာရဲ့ အမြင်ပါ။
နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ အာဖဂန် အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့အမြင်နဲ့လည်း ထပ်တူပါတယ်။ ဆွေးနွေးမှုတွေဟာ တစ်ဖက်သတ် ဖြစ်နေပြီး တာလီဘန်ဘက်က အပြန်အလှန်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ပြောင်းလဲမှုတစ်စုံတစ်ရာကို မပြသသေးဘူးလို့ သူတို့က မြင်ပါတယ်။
ဒါကြောင့် တာလီဘန်တွေဘက်က အပြောင်းအလဲတွေ မလုပ်မချင်း ဆွေးနွေးမှုတွေကို လူသားချင်းစာနာထောက်ထားရေးအကူအညီကိစ္စရပ်တွေထက် ကျော်လွန်မသွားသင့်ဘူးလို့ သူတို့က ပြောဆိုပါတယ်။
မကြာသေးခင်က အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုကတော့ ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ဥရောပသမဂ္ဂ (အီးယူ) အရာရှိတွေက တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ကို ဘရပ်ဆဲလ်မြို့မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါဟာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက် အီးယူနဲ့ ပထမဆုံးအကြိမ် တရားဝင်ဆန်တဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ခဲ့တဲ့ ဒီတစ်ရက်တာ အစည်းအဝေးမှာ ဥရောပမှာ ဥပဒေအရ ဆက်လက်နေထိုင်ခွင့်မရှိတော့တဲ့အာဖဂန်နိုင်ငံသားတွေကို မူရင်းနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အီးယူဘက်ကတော့ ဒါဟာ "နည်းပညာအဆင့်ဆွေးနွေးပွဲ" သာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ တာလီဘန်တွေကတော့ အဲဒီလို မမြင်ပါဘူး။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဥရောပထဲ ကောင်စစ်ဝန်ရုံး ဖွင့် မဖွင့် ဖြစ်နိုင်ခြေတွေနဲ့ "ယုံကြည်မှုတည်ဆောက်ရေး တွေတည်ဆောက်ဖို့ လိုအပ်ချက်" အကြောင်း အစည်းအ၀ေးထဲ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
"ဘယ်ကိစ္စဟာ တာလီဘန်ထဲက ဘယ်အဖွဲ့နဲ့ဆွေးနွေးရမယ်ဆိုတဲ့ ရှိထားပြီးသားလမ်းကြောင်းတွေကို သံတမန်အသိုင်းအ၀ိုင်းမှာ ကောင်းကောင်း သိထားကြပြီးသားဖြစ်ပါတယ်''လို့ အာဖဂန်ဖွား အမေရိကန် သံတမန်ဟောင်း ရီနာ အမီရီက ပြောပါတယ်။ သူက အမေရိကန်ရဲ့ အာဖဂန် အမျိုးသမီးများ၊ မိန်းကလေးများနဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ ကနေ ၂၀၂၅ အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
သူကလည်း တာလီဘန်တွေနဲ့ ဘယ်လို စည်းကမ်းသတ်မှတ်ချက်တွေအောက်မှာ တွေ့ဆုံသင့်သလဲဆိုတဲ့ပြဿနာတွေကို ကိုယ်တိုင် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
"ဘရပ်ဆဲလ်မှာ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာက လမ်းကြောင်းရေးရာပြဿနာကြောင့် မဟုတ်ဘဲ နိုင်ငံရေးဆုံးဖြတ်ချက်ကြောင့် ဖြစ်တာ ထင်ရှားပါတယ်" လို့ သူက ဆိုပါတယ်။
ဝေဖန်သူတွေကတော့ ဒီဖြစ်စဉ်ကို "ပုံမှန်အစိုးရတစ်ရပ်လို တဖြည်းဖြည်းနဲ့ လက်ခံလာခြင်း" လို့ ခေါ်ဆိုကြပါတယ်။
အလုပ်ဖြစ်မှာလား
"ပြီးခဲ့တဲ့ ၅ နှစ် လုံးလုံး အာဖဂန်နစ္စတန်မှာ နေခဲ့တာ ကျွန်မမှာ ပြစရာဆိုလို့ မယ်မယ်ရရ ဘာရှိလဲ" လို့ အမျိုးသမီးအကာအကွယ်ဂေဟာတစ်ခု ဖွင့်လှစ်ထားတဲ့အာဖဂန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဟ်ဘူဘာ ဆရာဂျ်က ကဘူးလ်မြို့မှာ ကျွန်မတို့က သူ့ကို သွားတွေ့ချိန် ကျွန်မတို့ကို မေးခွန်းထုတ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာရယူခဲ့ချိန်က ဆရာဂျ်ဟာ အာဖဂန်နစ္စတန်မှာပဲ ဆက်နေပြီး အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကြေညာခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။
အခုတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာဂျ်ကတော့ နိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုကနေ ထွက်ပြေးလာတဲ့ အာဖဂန်အမျိုးသမီး ၃၀ ကျော်အတွက် အသက်ကယ်တင် ခိုလှုံရာဖြစ်ခဲ့တဲ့ သူမရဲ့နောက်ဆုံး လက်ကျန် ဂေဟာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ပိတ်သိမ်းခံခဲ့ရပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် စာသင်ခန်းတွေ ပြန်ဖွင့်ပေးဖို့ တာလီဘန်ခေါင်းဆောင်တွေကို သူ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။
"မိန်းကလေးတွေအတွက် လျှို့ဝှက်စာသင်ကျောင်းတွေ အပါအဝင် ဟိုဟို ဒီဒီပေးခဲ့တဲ့အခွင့်အလမ်း မစို့မပို့တွေ၊ အာဖဂန် ပွင့်လင်းပြီလို့ ဟ ထားတဲ့ပြတင်းပေါက် ကမ္ဘာက မြင်နေရတဲ့အခြေအနေတွေဟာ တကယ်တော့ လူတွေကို လှည့်စားဖို့ပဲ လုပ်ထားတာပဲလေ" လို့ သူက ပြောပါတယ်။ သူ့ အပြောမှာ ၀မ်းနည်းသံပါနေပါတယ်။
ဒါပေမဲ့ ဆရာဂျ်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တာလီဘန်တွေနဲ့ ဆက်ပြီး စကားပြောဖို့ တိုက်တွန်းပါတယ်။
"သူတို့ စကားပြောရမှာပါ။ ဒါပေမဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးတဲ့အခါ လူများပြီး ပွဲမစည်တာမျိုး မဖြစ်အောင်တော့ သေချာလုပ်ရမယ်" လို့ သူက ပြောပါတယ်။
ဒီလိုအလားတူ ပြောကြသူတွေလည်း ရှိနေပါတယ်။
"ပိုမိုကျွမ်းကျင်တဲ့သံတမန်ရေး ဆောင်ရွက်မှုနဲ့ တိတ်တဆိတ် ယုံကြည်မှုရှိရှိ ဆက်ဆံဆွေးနွေးတာကပဲ အပြောင်းအလဲကို ရယူနိုင်မယ့်တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်" လို့ တာလီဘန်အရာရှိတွေနဲ့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အာဖဂန် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
သူက လာမယ့်နှစ်အစပိုင်းမှာ ရာထူးစတင်ထမ်းဆောင်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ဘယ်သူပဲ ဖြစ်လာဖြစ်လာ ဒီကိစ္စကို ပိုပြီး ထိရောက်စွာ ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ အပြောင်းအလဲ ဆောင်ကြဉ်းပေးမယ့်နေရာမှာ ထိုင်နေတာက နိုင်ငံတကာအသိုင်းအဝိုင်း မဟုတ်ပါဘူး။
"ကမ္ဘာကြီးဟာ တာလီဘန်တွေနဲ့ပြောဆိုဖို့ မှန်ကန်တဲ့စကားလုံး ရှာတွေ့သွားရင်တောင် အဖြေ ထွက်လာမယ်လို့ မထင်ပါဘူး'' လို့ အာဖဂန်နစ္စတန်အရေးနဲ့ နှစ်ပေါင်းများစွာပတ်သက်ခဲ့တဲ့ အနောက် သုတေသီတစ်ဦးက ပြောပါတယ်။ သူကလည်း ဒီဆောင်းပါးအတွက် မေးမြန်းခဲ့တဲ့ အခြားသူတွေလိုပဲ အမည်မဖော်လိုပါဘူး။
"အမှန်တကယ်ပြောင်းလဲမှုဆိုတာ အတွင်းထဲကနေ လုပ်မှ ဖြစ်မယ်ဆိုတာ ဒီငါးနှစ်တာကာလက ပြသနေတာ အရမ်းကို ရှင်းလင်းနေပြီပဲ" လို့ သူက ဆိုပါတယ်။
တာလီဘန်အကြီးတန်း အရာရှိတချို့ကတော့ ခေါင်းဆောင်ကြီးရဲ့အပြင်းထန်ဆုံး အမိန့်တချို့အပေါ် ရံဖန်ရံခါ လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကို ကျောင်းတက်ခွင့် ပိတ်ပင်ထားတဲ့အမိန့်အပေါ် ဖြစ်ပါတယ်။
တချို့အခြေအနေတွေမှာတော့ သူတို့ဟာ ခေါင်းဆောင်ကြီးရဲ့ စည်းမျဉ်းတချို့ကို ပြန်လည်လျှော့ပေါ့နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနိုင်ခဲ့တဲ့ ရှားရှားပါးပါး ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
အဲဒီလို ဥပမာတစ်ခုကတော့ ပြီးခဲ့တဲ့နှစ်က နိုင်ငံတဝန်း အင်တာနက် ဖြတ်တောက်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်က နေ့စဉ်ဘဝ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်လည်ရုပ်သိမ်းပေးခဲ့ရပါတယ်။
တာလီဘန် ခေါင်းဆောင်ကြီးရဲ့အမိန့်တွေကို အန္တိမဆုံးဖြတ်ချက်တွေအဖြစ် သဘောထားကြပါတယ်။ ညီညွတ်ရေးနဲ့ အာဏာတည်တံ့ရေးဟာ ဘယ်အရာထက်မဆို အမြင့်ဆုံးတန်ဖိုးထားကြောင်း တာလီဘန်လှုပ်ရှားမှုကနေ ပြသခဲ့ပြီးဖြစ်ပါတယ်။
ကမ္ဘာတဝန်းက အစ္စလာမ္မစ် ပညာရှင်တွေနဲ့ အစ္စလာမ္မစ်နိုင်ငံတွေက တာဝန်ရှိသူတွေရဲ့တောင်းဆိုမှုတွေကတောင် ခေါင်းဆောင်ကြီးနဲ့ သူ့အမိန့်တွေကိုအကောင်အထည်ဖော်နေသူတွေရဲ့သံမဏိဆန္ဒကို ကွေးညွတ်အောင် ပြောင်းလဲစေနိုင်တာ မရှိသေးပါဘူး။ အထူးသဖြင့် ပညာရေးလို အထိခိုက်မခံတဲ့ကိစ္စရပ်တွေမှာဖြစ်ပါတယ်။
ငါးနှစ်ကြာပြီးနောက်မှာတော့ ဒီအခြေအနေအတွက် ရိုးရှင်းလွယ်ကူတဲ့ ဖြေရှင်းနည်း ဒါမှမဟုတ် အချိန်တိုအတွင်း ရလဒ်ထွက်မယ့်နည်းလမ်း မရှိသေးပါဘူး။
ယိုထုတ်လုပ်သူ နာဂျီယာရဲ့အလုပ်ရုံမှာတော့ ဒေသတွင်း အာဖဂန်သင်တန်းကျောင်းတွေကနေ အခုမရှိတော့တဲ့ USAID အဖွဲ့အစည်းအထိ ရရှိခဲ့တဲ့သင်တန်းဆင်းလက်မှတ်တွေကို ဘောင်ခတ်ပြီး တင်ထားတဲ့စားပွဲတစ်လုံး ရှိပါတယ်။
အဲဒီလက်မှတ်တွေက တိုးလာနေတဲ့ကန့်သတ်ချက် အတားအဆီးတွေအကြားမှာ ပိုမိုအောင်မြင်ပြီး ပိုမိုကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာဖို့ သူ ကြိုးစားခဲ့ပုံကို သက်သေပြနေပါတယ်။
တစ်နှစ်ပြီးတစ်နှစ် အာဖဂန်နစ္စတန်မှာ လူ့အဖွဲ့အစည်းပုံစံအသစ်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာနေပါတယ်။
ဒါပေမဲ့ အာဖဂန်ပြည်သူ အများအပြားကတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ဆက်လက် ကြိုးပမ်းနေကြဆဲ၊ ဆုတောင်းနေကြရဆဲ ဖြစ်ပါတယ်။
အဲဒီထဲမှာ ကမ္ဘာကြီးအနေနဲ့ သူတို့ကို မမေ့သွားဖို့ဆိုတဲ့မျှော်လင့်ချက်လည်း ပါ၀င်ပါတယ်။
ထိပ်ပိုင်းဓာတ်ပုံ - Getty