One Championship ဖိုက်တာဘဝကို နှုတ်ဆက်မယ့် တာခဲရုနဲ့ ရော့ထန်တို့ ဒီနေ့ ထိုးသတ်မယ်

ဓာတ်ပုံ ရင်းမြစ်, One Championship
One Championship ရဲ့အကျော်အမော် ထိုင်းဖိုက်တာ ရော့ထန်နဲ့ ဂျပန်ဖိုက်တာ တာခဲရုတို့ ဒီကနေ့ ဂျပန်နိုင်ငံ၊ မြို့တော် တိုကျိုမှာ ထိုးသတ်သွားဖို့ရှိနေပါတယ်။
ရော့ထန် နဲ့ One Championship တို့ စာချုပ်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး One ဘက်က ရော့ထန်ကို ဘတ် သန်း ၆၄၀ လျော်ကြေးတောင်းပြီး တရားစွဲမယ့်အထိဖြစ်ခဲ့ပြီး နှစ်ဘက် သဘောတူမှုရပြီးတဲ့နောက် ဒီပွဲစဉ်က စီစဉ်ထားတဲ့အတိုင်းပဲ ဆက်ဖြစ်လာတာပါ။
နှစ်ယောက်လုံးက လစ်လပ်နေတဲ့ Flyweight ကစ် ဘောက်ဆင် ချန်ပီယံခါးပတ်ကို လုကြမယ့်ပွဲပါ။
One Sumurai 1 ရဲ့ခေါင်ပွဲ အဖြစ်ထိုးသတ်သွားမှာဖြစ်ပြီး ဒီတွဲဆိုင်းဟာ လူစိတ်ဝင်စားမှု အမြင့်ဆုံးမှာ ရှိနေတာပါ။
ထူးခြားတာကတော့ ဒီပွဲဟာ မြန်မာပရိသတ်တွေနဲ့ မစိမ်းလှတဲ့ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဖိုက်တာ တာခဲရု အတွက် သူ့ရဲ့ ဖိုက်တာဘဝ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲဖြစ်ပါတယ်။
တာခဲရု က ရော့ထန် နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲမှာ ပထမအကျော့မှာ တင် အလဲထိုးခံရပြီး ရှုံးနှိမ့်ခဲ့တာပါ။
ဖိုက်တာဘဝကို နှုတ်ဆက်မယ့်ပွဲစဉ်မှာ တာခဲရု ကတော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း One Championship နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
“သူ့လို ဖိုက်တာမျိုးကိုမှ ရှုံးကြွေးပြန်မဆပ်နိုင်ရင် ကျွန်တော် ဖိုက်တာတစ်ယောက်အနေနဲ့ အနားယူနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် One နဲ့ စာချုပ်ချုပ်ခဲ့ရတဲ့ အန္တိမရည်မှန်းချက်ကလည်း ရော့ထန်နဲ့ ထိုးသတ်ဖို့ပါ”
ရော့ထန်ကတော့ “ကျွန်တော် ဒီပွဲအနိုင်ယူပြမယ်။ မနက်ဖြန်တွေ့ကြမယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။
တာခဲရုဟာ မြန်မာဖိုက်တာ သန့်ဇင်နဲ့လည်း ထိုးသတ်ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ သန့်ဇင်က တာခဲရုကို ဒိုင်အမှတ်ရေခံရအောင် တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမဲ့ တာခဲရုကပဲ အနိုင်ရခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာတော့ သန့်ဇင် ကူညီချင်ခဲ့တဲ့ ရေဘေးသင့် မြန်မာနိုင်ငံသားတွေကို တာခဲရုက ကူညီပေးခဲ့ဖူးပါတယ်။

