ကဆုန်လပြည့်လွတ်ငြိမ်း ဒေါ်အောင်ဆန်းစုကြည်မပါပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေကြပေမဲ့ ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာလည်း ပါမလာပြန်ပါဘူး။
ဒါပေမဲ့ ထောင်ဒဏ် ခြောက်ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အကျုံးဝင်ပါတယ်။
ဒီလိုလျှော့ပေါ့ပေးပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ်နှစ် ၂၀ အောက်ကျန်ရှိဦးမှာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတအဖြစ်တာဝန်ယူပြီးနောက် သူလက်မှတ်ရေးထိုးတဲ့ လွတ်ငြိမ်းနှစ်ကြိမ်မှာ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်းမပါဝင်သလို နိုင်ငံရေးအကျဉ်းသားပါဝင်မှုလည်း သိသိသာသာနည်းလာတယ်လို့ နိုင်ကျဉ်းအရေးစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေက ထောက်ပြနေကြပါတယ်။
မျှော်သူမပါတဲ့ လွတ်ငြိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ပြန်မစခင် ရက်ပိုင်းအလို မတ် ၂ ရက်မှာ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းကျော် ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာကြောင့် နိုင်ကျဉ်းတွေအတွက်ကောင်းတဲ့အရွေ့ ဖြစ်လာတော့မလားဆိုတဲ့ မျှော်လင့်ချက်သဲ့သဲ့ စတည်လာပါတယ်။
အဲဒီနောက် လွှတ်တော်စတင်ပြီး သမ္မတခန့်အပ်ကာ အစိုးရတရပ်ဖြစ်လာပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ သမ္မတ ဦးမင်းအောင်လှိုင်အဖြစ် အသွင်ပြောင်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်အရှိန်ဆက်မြင့်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့နိုင်တယ်ဆိုတဲ့သတင်းစကား နေပြည်တော်ရပ်ဝန်းကနေ ကျယ်ကျယ်လောင်လောင်ထွက်လာတဲ့အထိပါ။
မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်မပါခဲ့ပါဘူး။
နှစ်သစ်ကူးလွတ်ငြိမ်းမှာ ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူတွေကို ထောင်ဒဏ် ခြောက်ပုံ ၁ ပုံ လျော့ပေးတယ်လို့ထုတ်ပြန်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ သက်ဆိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kim
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူရင်ဆိုင်ခဲ့ရတဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်မှာပေးတဲ့လွတ်ငြိမ်းခွင့်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။
၂၀၂၆ ခုနှစ် မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းလျှော့ပေါ့မှုရခဲ့ချိန်မှာတော့ ထောင်ဒဏ်နှစ် ၂၀ စွန်းစွန်းဆက်ကျခံရမယ့်အနေအထားဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အဲဒီလွတ်ငြိမ်းမှာ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာတဲ့အပေါ် ကြိုဆိုခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လိုတယ်လို့ ဆက်တိုက်တွန်းခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကလည်း "မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြပါ" လို့ ဧပြီ ၂၃ မှာထုတ်လွှင့်တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ထည့်ပြောခဲ့ပါတယ်။
ထောင်ဒဏ်လျှော့ပေါ့တာဟာ လွတ်မြောက်ခြင်း မဟုတ်ဘူး လို့ ကဆုန်လပြည့်လွတ်ငြိမ်းထုတ်ပြန်ပြီးနောက်မှာလည်း ကိုထိန်လင်းက လူမှုကွန်ရက်မှာရေးပါတယ်။
ဧပြီလ နောက်ဆုံးသီတင်းပတ်ထဲမှာ နေပြည်တော်လာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိခရီးစဉ်အပြီး လွတ်ငြိမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအများအပြားပြန်လွတ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ဆက်ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ဗုဒ္ဓနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်မှာပေးတဲ့ လွတ်ငြိမ်းချမ်းသာမှာလည်း မျှော်နေသူ မပါလာခဲ့ပါဘူး။
အမှုကန့်သတ်ချက်မပါဝင်တဲ့ ထောင်ဒဏ် ခြောက်ပုံ ၁ ပုံကို လျော့ပေါ့ပေးကြောင်း ထုတ်ပြန်ခဲ့တာကြောင့် ဒီတခါလျော့ပေးတာမှာလည်း ဒေါ်အောင်ဆန်းစုကြည်အကျုံးဝင်တဲ့သဘောပါ။
လာမယ့် ဇွန်လ ၁၉ ရက်ဆိုရင် အသက် ၈၁ နှစ်ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ကျန် ထောင်ဒဏ်က စုစုပေါင်း နှစ် ၂၀ အောက်ကျန်ရှိနေပါသေးတယ်။
နိုင်ကျဉ်းပါဝင်နှုန်းနည်းလာတဲ့ လွတ်ငြိမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား/ အကျဉ်းသူ ၁,၅၀၈ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၁၁ ယောက်တို့ကိုလွတ်ငြိမ်းပေးကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးတာက ကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေပြန်လွတ်လာတာကပဲ ပြောစမှတ်ဖြစ်တာ တွေ့ရပါတယ်။
"ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ" လို့ အမည်ပေးထားတဲ့ စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့လို့ဆိုကာဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ ပြန်လွတ်ခဲ့ပါတယ်။
သူတို့နဲ့အတူတူ ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပုဒ်မနဲ့ပဲ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးတော့ လွတ်မြောက်တဲ့စာရင်းထဲမပါဘူးလို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။
"ရွေးကောက်ပွဲကာကွယ်တားဆီးနဲ့ဖမ်းခံရသူ အားလုံးကိုလွှတ်ပေးတာတော့ မဟုတ်ပါဘူး။ ဒါရိုက်တာမိုက်တီးဆို ကျန်ခဲ့တယ်ကြားပါတယ်။ ကျန်တဲ့သူတွေ ဆက်ကြည့်နေတုန်းပါ။ လွတ်တာကတော့ နိုင်ငံရေးအမှုနည်းပါတယ်၊ တခြားပြစ်မှုသမားတွေပိုများပါတယ်" လို့ အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အောင်ချမ်းလူ Facebook
ဒါရိုက်တာမိုက်တီးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ကနဲ့ အရေးယူ ထောင်ချခံခဲ့ရပြီး ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့သူဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေနဲ့ ထပ်မံအရေးယူခံရချိန်မှာ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်လို့ အဲဒီအချိန်တုန်းက စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့လိုပဲ လွတ်ငြိမ်းနဲ့လွတ်ပြီး ရွေးကော်ဥပဒေနဲ့ ပြန်ဖမ်းဆီးထောင်ချခံရတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က ကိုရန်နိုင်ကြည်ဝင်းလည်း လွတ်ငြိမ်းထဲမပါခဲ့ပါဘူး။
"မပါဘူးဗျ။ အတူအဖမ်းခံရတဲ့ သူတို့သုံးယောက်လုံးမပါဘူး" လို့ အစ်ကိုဖြစ်သူ ကိုနိုင်ဇော်ကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
သူတို့လို ၂၀၂၅ နှစ်ကုန်ပိုင်းရွေးကောက်ပွဲမကျင်းပမီလပိုင်းအလိုမှာပဲ ဒီရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီး ထောင်ချခံရသူ အယောက် ၂၀၀ နီးပါးရှိခဲ့ပြီး ထင်ရှားတဲ့အနုပညာရှင်တချို့သာအခုလွတ်ငြိမ်းမှာပါဝင်လာ ပါတယ်။
"ရွေးကော်ဥပဒေ အမှု ၁၄ မှုနဲ့အစွဲခံရတဲ့ ကျွန်မရဲ့ အမှုသည် ၇ ဦးစလုံးပြန်မလွတ်ဘူး" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
ရန်ကုန်မြို့က အင်းစိန်ထောင်၊ ပဲခူးတိုင်းက သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်၊ မွန်ပြည်နယ် သထုံက ဈေးမသွယ်ထောင်တို့ကို စုံစမ်းခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာတာမရှိသေးဘူးလို့ ရှေ့နေ ဒေါ်ဇာလီအေးဆီက သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အကျဉ်းထောင် ၁၇ ထောင်ကို စောင့်ကြည့်မှုအရ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာတာမရှိဘူးလို့ ဧပြီ ၃၀ ရက် ညနေ ၅ နာရီခန့်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးမြို့ အိုးဘိုထောင်၊ ရှမ်းပြည်နယ် ကျိုင်းတုံထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်တို့က နိုင်ငံရေးအကျဉ်းသား ၅ ဦးလွတ်တယ်လို့ သိရပေမဲ့ စိစစ်ဆဲအခြေအနေလို့ ကနဦးသိထားရပါတယ်။
PPNM က စောင့်ကြည့်နေတဲ့ အင်းစိန်၊ အိုးဘိုသာမက ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတို့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့တခြားရာဇဝတ်မှုတွေနဲ့အကျဉ်းချခံရသူ ၃၃၆ ဦးပြန်လွတ်လာတာကို တွေ့ရတယ်လို့ ဖော်ပြပါတယ်။
စာရင်းကွာဟနေတဲ့ လွတ်ငြိမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Htin Lin Oo
၂၀၂၆ ပထမလေးလတာကာလအတွင်း စစ်တပ်ပေးတဲ့လွတ်ငြိမ်းတွေထဲ လူဦးရေအများဆုံးလို့ဆိုနိုင်တဲ့ မတ် ၂ ရက်လွတ်ငြိမ်းမှာတောင် ထုတ်ပြန်စာရင်းနဲ့ အမှန်တကယ်လွတ်လာသူစာရင်းကွာဟနေတယ်လို့ PPNM က ထောက်ပြပါတယ်။
နိုင်ငံရေးပုဒ်မလို့ နိုင်ငံရေးအသိုင်းအဝန်းက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က)ဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၇,၃၃၇)ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး တရားစွဲဆိုခံထားရသူ (၁၂,၄၈၇) ဦးကိုလည်း အမှုပိတ်သိမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ PPNM ရဲ့ အတည်ပြုချက်အရ အကျဉ်းထောင် ၃၉ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၄,၄၀၃ ယောက်သာ လွတ်မြောက်လာခဲ့ပါတယ်။
ဧပြီ ၁၇ ရက်နှစ်သစ်ကူးလွတ်ငြိမ်းမှာလည်း အကျဉ်းသား ၄,၈၉၃ ယောက်ကို လွှတ်တယ်လို့ဆိုပေမဲ့ နိုင်ကျဉ်းအရေအတွက်က ၂၉၀ ဝန်းကျင်သာရှိခဲ့တယ်လို့ PPNM ဆီက သိရပါတယ်။
အခု ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာတော့ နိုင်ကျဉ်းအယောက် ၁၀၀ ဝန်းကျင်သာရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ကဆုန်လပြည်နေ့မှာ နိုင်ကျဉ်းတွေပိုလွတ်လာနိုင်တယ်ဆိုပြီး ထောင်ထဲကလူအများစုလည်း မျှော်ကြတယ်၊ မိသားစုတွေကလည်းစောင့်နေကြတယ်။ တကယ့်ကိုအားအင်နဲ့စောင့်နေပေမဲ့ ဖြစ်မလာဘူး"
"စစ်တပ်ဟာ ဒီမိုကရေစီကိုပြန်သွားမယ်လို့ ပါးစပ်ကပြောနေပေမဲ့ အာဏာရှင်စနစ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေကိုဆက်လက်ထိန်းသိမ်းထားလိုတဲ့ဆန္ဒက ပြင်းထန်နေဆဲပဲ။ လက်တွေ့မှာပြောင်းလဲမှုမရှိဘူးဆိုတာ ဒီလွတ်ငြိမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ပြည်တွင်းရော ပြည်ပကပါ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ဖိဖိစီးစီးတောင်းဆိုနေချိန်မှာတောင် နေပြည်တော်က နိုင်ကျဉ်းတွေကို ပြန်မလွှတ်ပေးတဲ့အခြေအနေလို့ သူက ထောက်ပြပါတယ်။
အင်းစိန်နဲ့ အိုးဘိုထောင်တို့မှာ နိုင်ငံရေးအကျဉ်းသားအများဆုံးရှိနေပြီး သာယာဝတီ၊ ဒိုက်ဦးနဲ့ မြင်းခြံတို့မှာလည်း အဲဒီထောင်ကြီးနှစ်ခုကနေ ရွှေ့ပြောင်းခံထားရတဲ့ နိုင်ကျဉ်းအများအပြားဆက်ထိန်းသိမ်းခံနေရဆဲပါ။
နိုင်ငံရေးအကျဉ်းသားအယောက် ၁၅,၀၀၀ ဝန်းကျင်ဆက်ဖမ်းဆီးခံထားရဆဲလို့ PPNM ရဲ့ စာရင်း အရ သိရပါတယ်။
ဒီတကြိမ်လွတ်ငြိမ်းမှာတော့ ရာဇဝတ်မှု၊ စစ်နဲ့ ရဲစည်းကမ်းဖောက်ဖျက်မှုတို့ကြောင့် အကျဉ်းကျခံရသူတွေ အများဆုံးလွတ်မြောက်လာတာကိုတွေ့ရတယ်လို့ ရှေ့နေနဲ့ နိုင်ကျဉ်းအသိုင်းအဝိုင်းကနေ သိရပါတယ်။
"သာယာဝတီထောင်ကနေ တခြားရာဇဝတ်မှုနဲ့ လွတ်တဲ့သူ ၁၄ ဦးရှိကြောင်းအတည်ပြုထားနိုင်တယ်။ ကျွန်မ အမှုသည်နိုင်ကျဉ်းတွေမပါနေသေးလို့ ညမိုးချုပ်အထိစောင့်ကြည့်ရဦးမယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ဘီဘီစီကိုပြောထားပါတယ်။










