အာဆီယံဥက္ကဋ္ဌ စင်ကာပူ ဖြစ်လာချိန် အာဆီယံနဲ့ ဆက်ဆံရေးပြန်သုံးသပ်မယ့်ဦးမင်းအောင်လှိုင်

စင်ကာပူဝန်ကြီးချုပ်ကို ဖိလစ်ပိုင်သမ္မတက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးမှုနဲ့ သမ္မတ ဦးမင်းအောင်လှိုင်တို့ကို သရုပ်ဖော်ပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

အာဆီယံက အကူအညီပေးတာထက် ကန့်သတ်မှုတွေပဲ လုပ်နေတယ်လို့ ဝေဖန်ပြီး အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်မယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

သူ့ရဲ့ ပြောဆိုချက်ဟာ စင်ကာပူက ၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူလိုက်တဲ့နောက်တစ်ရက် နိုဝင်ဘာ ၁၈ ရက်မှာ ထွက်ပေါ်လာတာပါ။

ဦးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ သူနဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံရေးအဆင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ထားတာအပေါ် မကျေနပ်ကြောင်း ပြသမှုအဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

မြန်မာ့အရေးမှာ နေပြည်တော်အပေါ် သဘောထားတင်းမာတဲ့ စင်ကာပူက အာဆီယံဥက္ကဋ္ဌဖြစ်လာတာကြောင့် မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်မလဲ၊ နေပြည်တော်အတွက် စိန်ခေါ်မှုဆက်ဖြစ်လာမလား။

ဦးမင်းအောင်လှိုင်က အာဆီယံကိုပြစ်တင်

ဦးမင်းအောင်လှိုင်က လွှတ်တော်မှာ မိန်းခွန်းပြောကြား

မြန်မာက လက်နက်ကိုင်ပဋိပက္ခတွေဟာ အာဆီယံမဖွဲ့ခင်ကတည်းက ရှိခဲ့တာဖြစ်ပြီး သူ့အစိုးရလက်ထက်မှ စတင်ဖြစ်ပွားခဲ့တဲ့ပြဿနာတွေမဟုတ်ကြောင်း ဦးမင်းအောင်လှိုင်က တုံ့ပြန်ပါတယ်။

နိုဝင်ဘာ ၁၈ ရက် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားချိန် အဲဒီအချက်ကို ထည့်သွင်းပြောဆိုခဲ့ပြီး အာဆီယံကို နှစ်စဉ် အဖွဲ့ဝင်ကြေး ဒေါ်လာတစ်သန်း ပေးနေရပေမဲ့ အကူအညီမရဘဲ ကန့်သတ်မှုတွေနဲ့သာ ရင်ဆိုင်နေရတယ်လို့ သူက ဝေဖန်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျောထောက်နောက်ခံမှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲလုပ်ပြီးအရပ်သားအစိုးရအသွင်ပြောင်းထားတဲ့နေပြည်တော်အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေးကောင်းတွေရှိနေပြီလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက ဒေသတွင်း အာဆီယံအဖွဲ့ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

လောရင့်ဝမ်ရဲ့ မြန်မာ့အရေးသဘောထား

စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်
ဓာတ်ပုံ ပုံစာ, စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်က မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာကို အာဆီယံမိသားစုထဲ နိုင်ငံရေးအရပြန်လည်ပါဝင်လာစေလိုတဲ့ ဆန္ဒရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အာဆီယံဘက်ကပဲ ကြိုးပမ်းနေလို့မရဘဲ မြန်မာဘက်ကလည်း အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သူက နေပြည်တော်ကိုရည်ညွှန်းပြောပါတယ်။

အဲဒီလို ပြန်လည်ပါဝင်လာနိုင်ဖို့ မြန်မာဘက်က အာဆီယံဘုံသဘောတူညီချက် ငါးချက်အပေါ် လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပြသဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

လောရင့်ဝမ်က အဲဒီအချက်တွေထဲမှာ အဓိက သုံးချက်ကို ထောက်ပြထားပါတယ်။

ပထမအချက်က လူသားချင်းစာနာမှုအကူအညီပေးရေး ဖြစ်ပြီး ဒီကိစ္စမှာ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေရှိပြီး တိုးတက်မှုတချို့လည်း ရှိခဲ့တယ်လို့ သူက အသိအမှတ်ပြုပါတယ်။

ဒုတိယအချက်က သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်ပါတယ်။ ဒီကဏ္ဍမှာလည်း တိုးတက်မှုတချို့ရှိပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ နေပြည်တော်ဘက်က ပိုပြီးကြိုးပမ်းဖို့ လိုသေးတယ်လို့ သူကရှုမြင်ပါတယ်။

တတိယအချက်ကတော့ အကြမ်းဖက်မှုရပ်တန့်ရေးဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်က အကြမ်းဖက်မှုအားလုံးဟာ နေပြည်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကျူးလွန်တာရှိတယ်လို့ အရင်အစည်းအဝေးမှာ ပြောဆိုခဲ့တာကို နားလည်ကြောင်း လောရင့်ဝမ်က ပြောပါတယ်။

ဒါပေမဲ့ အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့နဲ့ အစိုးရလက်အောက်ခံစစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။

အာဆီယံနဲ့ မြန်မာကြား ဆက်ဆံရေး ပြန်လည်တိုးတက်ဖို့ဆိုရင် နှစ်ဖက်စလုံးက လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း လောရင့်ဝမ်က ပြောခဲ့ပါတယ်။

အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်ကြောင့် နာမည်မသုံးလိုတဲ့ စင်ကာပူအခြေစိုက်မြန်မာ့အရေးသုတေသီ တစ်ဦးကတော့ စင်ကာပူဟာ မြန်မာ့အရေးကို ဆုပေးဒဏ်ပေးပုံစံနဲ့ချဥ်းကပ်လိမ့်မယ်လို့ ရှုမြင်ပါတယ်။

'' အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ သဘောထားကတော့ 5PC ရဲ့ မြင်သာထင်သာရှိတဲ့တိုးတက်မှုကိုမြင်ချင်တယ်။ လူသားစာနာအကူအညီပေးရေးမှာလည်း စစ်ဘေးရှောင်အားလုံးရှိတဲ့ဒေသတိုင်းကိုသွားနိုင်ဖို့၊ ငြိမ်းချမ်းရေးလို့ဆိုရင်လည်း ဟန်ပြမဟုတ်ဘဲ တကယ်ဖြစ်မြောက်လာဖို့ ဘာတွေလုပ်ပေးမယ်ဆိုတာမျိုးသူတို့မြင်ချင်တယ်။အဲဒါမျိုးတွေမမြင်ရဘဲ နေပြည်တော်ကို ဆုပေးတာမျိုး စင်ကာပူကလုပ်လိမ့်မယ်မထင်ပါဘူး'' လို့ သူက သုံးသပ်ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးမှာ စင်ကာပူရဲ့ ရပ်တည်ချက်ကို နိုင်ငံရေးအရ သဘောထားတင်းမာမှုတစ်ခုတည်းနဲ့ ရှုမြင်လို့မရပါဘူး။ ဘဏ္ဍာရေးဆိုင်ရာကန့်သတ်မှုတွေကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာငွေပေးချေမှုစနစ်မှာ စင်ကာပူဘဏ်တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။

တဖက်မှာလည်း အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူက စင်ကာပူနိုင်ငံဖြစ်နေပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံအနက် အာဆီယံနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုဟာ ၇၆ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စင်ကာပူက အများဆုံးဖြစ်ပြီး တရုတ်နဲ့ တောင်ကိုရီးယားတို့က နောက်မှာ ရှိပါတယ်။

ဒါကြောင့် စင်ကာပူအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံရဲ့ နိုင်ငံရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းရင်း တရားဝင်စီးပွားရေးနဲ့ ဘဏ္ဍာရေးဆက်ဆံမှုတွေကိုလည်း ဆက်လက်ခွင့်ပြုထားတဲ့ ချဉ်းကပ်ပုံကို တွေ့ရပါတယ်။

ဒါကြောင့်လည်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနဲ့ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်စစ်ဆေးနေပြီး ၂၀၂၂ ခုနှစ်ကစလို့ အန္တရာယ်မြင့် ငွေကြေးလွှဲပြောင်းမှုတွေအပေါ် စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

လက်နက်ရောင်းဝယ်ရေးနဲ့ ဆက်စပ်တဲ့ ငွေလွှဲမှုတွေကိုလည်း စင်ကာပူဘဏ္ဍာရေးအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ဆိုထားသလို တစ်ချိန်တည်းမှာ တရားဝင်ကုန်သွယ်ရေးနဲ့ ငွေကြေးဆက်ဆံမှုတွေကို ပိတ်ပင်ဖို့ မရည်ရွယ်ကြောင်းလည်း ပြောထားပါတယ်။

တချိန်တည်းမှာပဲ FATF လို့ ခေါ်တဲ့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ရဲ့ အမည်ပျက်စာရင်း(Blacklist) စာရင်းဝင်အဖြစ်ဆက်ရှိနေလို့ ဘဏ္ဍာရေးဆက်ဆံမှုတွေမှာလည်း သတိထားကြရတဲ့အခြေအနေလို့ စင်ကာပူအခြေစိုက်မြန်မာ့အရေးသုတေသီ ကပြောပါတယ်။

'' FATF က ချမှတ်ထားတဲ့ စည်းမျည်းတွေအရ နေပြည်တော်ကို စင်ကာပူ ဆက်ဆံတဲ့ပုံစံကတော့ ဘဏ္ဍာရေးဆိုင်ရာမှာတင်းကျပ်တာမျိုးရှိပါတယ်။ အာဆီယံတစ်ခုလုံးမှာတော့ နေပြည်တော်နဲ့ စကား ပြောဆက်ဆံလိုတဲ့နိုင်ငံတွေများလာတော့ သူ့တစ်နိုင်ငံတည်းအနေနဲ့တော့ သဘောထားတင်းမာနေတာမျိုးဆက်ရှိရင် အဆင်မပြေတာမျိုးရှိနိုင်တယ်''

စင်ကာပူဥက္ကဋ္ဌကာလမှာ ဘာတွေပြောင်းလဲလာနိုင်သလဲ

အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူက လွှဲယူလိုက်ပေမဲ့ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ မူဝါဒက ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ စင်ကာပူအခြေစိုက် နိုင်ငံရေးအကဲခတ်တစ်ဦးက ရှုမြင်ပါတယ်။

စင်ကာပူက မြန်မာ့အရေးကို ကိုင်တွယ်နိုင်တဲ့ အဓိကလမ်းကြောင်းတွေ ရှိနေပါတယ်။ လောရင့်ဝမ်ကတော့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ပိုမိုရှင်းလင်းတဲ့ လုပ်ငန်းလမ်းပြမြေပုံတစ်ခု လိုအပ်ကြောင်း ပြောထားပါတယ်။

'' သူဆိုလိုတာကိုကောက်ချက်ချတော့ လမ်းပြမြေပုံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုစတင်မလဲ၊ အကြမ်းဖက်မှုလျှော့ချရေးကို ဘယ်လိုတိုင်းတာမလဲ၊ လူသားချင်းစာနာမှုအကူအညီတွေ ဘယ်လိုတိုးချဲ့မလဲဆိုတာတွေ ပါဝင်နိုင်တယ်''လို့ ချင်းမိုင်အခြေစိုက်အာဆီယံရေးရာအကဲခတ်တစ်ဦးကပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာ့အရေးအထူးကိုယ်စားလှယ်ရဲ့ တာဝန်ကို ရေရှည်ဆက်လက်ထားရှိနိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အကဲဖြတ်မယ့် အချက်တွေသတ်မှတ်ရေးကိုဆွေးနွေးဖို့ သဘောတူထားပါတယ်။ ဒါဟာ စင်ကာပူဥက္ကဋ္ဌကာလမှာ ဆက်လက်အကောင်အထည်ဖော်နိုင်တဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ ရှုမြင်ချက်တွေရှိပါတယ်။

တချိန်တည်းမှာပဲ စင်ကာပူကလည်း တခြားအာဆီယံနိုင်ငံတွေရဲ့ ဥက္ကဋ္ဌတာဝန်ယူချိန်နည်းတူ နေပြည်တော်နဲ့ ဆက်ဆံရေးတည်ဆောက်မှာပဲလို့ စင်ကာပူအခြေစိုက်မြန်မာ့အရေးသုတေသီ ကပြောပါတယ်။

'' စင်ကာပူလည်း သူအာဆီယံ ဥက္ကဋ္ဌဖြစ်လာချိန်မှာ မြန်မာ့အရေးကိုဖြေရှင်းဖို့ဆိုရင် အတိုက်အခံအင်အားစုတွေနဲ့တော်လှန်ရေးအင်အားစုတွေနဲ့ပဲ စကားပြောနေလို့မရဘူး။ စစ်တပ်နဲ့လည်း ပြောရမယ်။ စစ်တပ်နဲ့တင်းမာနေရင် ပဋိပက္ခဖြေရှင်းမှုမှာအကျိုးမဖြစ်ဘူးလို့ ချဥ်းကပ်မှာဖြစ်လို့ စင်ကာပူကည်း စစ်တပ်အစိုးရနဲ့ အလုပ်လုပ်နိုင်တဲ့ အလုပ်သဘောဆက်ဆံရေးတော့ထိန်းပြီးလုပ်သွားနိုင်တယ်'' လို့ စင်ကာပူအခြေစိုက်မြန်မာ့အရေးသုတေသီက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ဘီဘီစီက စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ကတဆင့်ဆက်သွယ်ပြီး မြန်မာ့အရေး စင်ကာပူဥက္ကဋ္ဌဖြစ်လာချိန် ဘယ်လိုချဥ်းကပ်ကိုင်တွယ်မလဲလို့မေးခဲ့ချိန်မှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖြေကြားဖို့မရှိသေးကြောင်းတုံ့ပြန်ထားပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အဓိကကိုးကားချက်အဖြစ် ဆက်လက်ထားရှိ

5PC ကို ဆက်ကိုင်ထားမယ်

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အဓိကကိုးကားချက်အဖြစ် ဆက်လက်ထားရှိပြီး အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရပ်တန့်ဖို့နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကလည်း သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ 5PC အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးဘူးလို့ အာဆီယံခေါင်းဆောင်တွေက နိုဝင်ဘာ ၁၅ ရက် ထိပ်သီးအစည်းအဝေးမှာ အကဲဖြတ်ခဲ့ပါတယ်။

အဲဒီအတွက် မြန်မာကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးတဲ့ မူဝါဒကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ 5PC အကောင်အထည်ဖော်မှုမှာ တိုးတက်မှုတွေ ရှိလာရင် မြန်မာရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်နိုင်မယ့် လမ်းကြောင်းကိုလည်း ဖွင့်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ လက်ရှိမူဝါဒကို ဆက်ထိန်းထားသလို တိုးတက်မှုရှိလာရင် ဆက်ဆံရေးပြန်လည်ဖွင့်လှစ်နိုင်မယ့် အခွင့်အရေးကိုလည်း ချန်ထားတာ ဖြစ်ပါတယ်။

"5PC အကောင်အထည်ဖော်မှု မတိုးတက်သေးသရွေ့ နိုင်ငံရေးကိုယ်စားပြုခွင့် ကန့်သတ်ချက်ကို ဆက်ထိန်းမယ်။ တစ်ဖက်မှာလည်း တိုးတက်မှုရှိလာရင် ဆက်ဆံရေးကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အခွင့်အရေးပေးမယ်" လို့ ချင်းမိုင်အခြေစိုက် အကဲခတ်တစ်ဦးက ပြောပါတယ်။

လက်ရှိမူဝါဒအရ မြန်မာကိုယ်စားလှယ်တွေဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားပြုမှုနဲ့သာ တက်ရောက်ခွင့်ရနေပါတယ်။

ဒါပေမဲ့ အာဆီယံရဲ့ အခြားကဏ္ဍအလိုက် ဝန်ကြီးအဆင့်အစည်းအဝေးတွေနဲ့ ယန္တရားတွေမှာတော့ မြန်မာရဲ့ ပါဝင်မှုကို အဆင့်အားလုံးမှာ ဆက်လက်ခွင့်ပြုထားပါတယ်။

"အာဆီယံက နိုင်ငံရေးကိုယ်စားပြုခွင့် ပြန်လည်ပေးအပ်ရေးကို လုံးဝပယ်ချထားတာ မဟုတ်ဘဲ တိုးတက်မှုအပေါ်မူတည်ပြီး အဆင့်လိုက် စဉ်းစားသွားမယ့် မူဝါဒကို ချမှတ်ထားတယ်လို့ မြင်ရတယ်" လို့ အကဲခတ်က သုံးသပ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်ပြီး လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အစီရင်ခံတင်ပြရမှာ ဖြစ်ပါတယ်။

အခုချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နောက်လာမယ့် အစည်းအဝေးတွေမှာ ပြန်လည်သုံးသပ်သွားမယ်လို့ အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုနေတဲ့ စင်ကာပူက ဥက္ကဋ္ဌတာဝန်ယူလာချိန်မှာ အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်မယ်လို့ ပြောထားတဲ့ နေပြည်တော်နဲ့ ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်မလဲဆိုတာကတော့ နေပြည်တော်ရဲ့ တုံ့ပြန်မှုအပေါ် မူတည်နိုင်ပါတယ်။