ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးက သူ့ရဲ့ သံတမန်ရေးအထီးကျန်မှုကို ချိုးဖျက်ပေးနိုင်ခဲ့လား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးတဲ့နောက်သွားရောက်ခဲ့တဲ့ ပထမဆုံး ထိုင်းနိုင်ငံခရီးဟာ ဝေဖန်ကန့်ကွက်မှုတွေ ဆက်တိုက်ကြုံခဲ့ရပါတယ်။ ထိုင်းပါလီမန်ထဲမှာ ထိုင်းအမတ်တစ်ဦးရဲ့ သူ့ကို ဆန့်ကျင်ကြောင်းဟစ်ကြွေးဆန္ဒပြမှုကလည်း နိုင်ငံတကာသတင်းစာမျက်နှာတွေအထိရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးမင်းအောင်လှိုင်ကိုထောက်ခံအားပေးသူတချို့၊ သူ့ရဲ့ အကြံပေးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေကတော့ ထိုင်းခရီးကို သံတမန်ရေးအောင်မြင်မှုအဖြစ် ပုံဖော်ကြပါတယ်။
နိုင်ငံပိုင်သတင်းစာတွေမှာလည်း သူ့ရဲ့ ထိုင်းခရီးစဥ်ကို နေ့စဥ်ရက်ဆက် တခမ်းတနားဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်း အသွင်ပြောင်းသမ္မတဟာ သူ့ရဲ့ ထိုင်းခရီးမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကို ထုတ်သုံးခဲ့ပါတယ်။
ခြောက်နှစ်နီးပါး ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်နဲ့ ပေးတွေ့ခဲ့ပြီး သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ တိုက်တွန်းနေတဲ့ နိုင်ငံတကာ ဖိအားတွေကို လျှော့ချခဲ့ပါတယ်။
ဒါက ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားလို့ ဝေဖန်ဖိအားပေးတာခံနေရတဲ့ ထိုင်းအစိုးရအတွက် ဖိအားလျော့စရာ အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးမင်းအောင်လှိုင်ခရီးစဥ် စတင်တဲ့ရက်ကနေ ခရီးစဥ်ပြီးဆုံးတဲ့နေ့အထိ ထိုင်းအစိုးရဟာ သူ့နိုင်ငံတွင်း အဖွဲ့အစည်းတွေရဲ့ တရားဝင် စာထုတ်ကန့်ကွက်ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ကန့်ကွက်ကြသူတွေကတော့ ဦးမင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးရမှုမှာ အဓိကတာဝန်ရှိသူ၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်လို့ သံတမန်ရေး အထီးကျန်နေသူ၊ အနောက်နိုင်ငံတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူဖြစ်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရသူဆိုတဲ့ အချက်တွေကို ကိုင်စွဲထောက်ပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အထူးသဖြင့်တော့ မြန်မာကအငြင်းပွားဖွယ်ရာရွေးကောက်ပွဲကနေ သမ္မတရာထူးယူတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်းအစိုးရအနေနဲ့ တရားဝင်ခေါင်းဆောင်တစ်ဦးလို ဆက်ဆံခြင်းက နေပြည်တော်ကို တရားဝင်မှု ပေးရာရောက်တယ်ဆိုပြီး ကန့်ကွက်ကြတာပါ။
ဩဂုတ် ၆ ရက်မှာ ထိုင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့ က ပူးတွဲကြေညာချက်ထုတ်ပြီး ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကို Solidarity Collective TH နဲ့ Spirit in Education Movement (SEM) တို့က ဦးဆောင်ပါတယ်။
ဩဂုတ် ၇ ရက်မှာ ချူလာလောင်ကွန်၊ ထမ္မာဆတ်နဲ့ ကဆက်ဆတ် တို့လို့ အာရှထဲမှာထင်ရှားတဲ့ ထိုင်းတက္ကသိုလ်ကြီးတွေရဲ့ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားအဖွဲ့အစည်း ၁၉ ဖွဲ့ က ကန့်ကွက်ခဲ့ပါတယ်။
ဩဂုတ် ၈ ရက်မှာ Thai Allied Committee with Desegregated Burma Foundation (TACDB) နဲ့ Union for Civil Liberty (UCL) တို့အပါအဝင် ထိုင်းအဖွဲ့တွေက ထိုင်းအစိုးရရဲ့ ဦးမင်းအောင်လှိုင်အပေါ် ဆက်ဆံပုံကို ဝေဖန်တဲ့ ကြေညာချက်တစ်ခုလည်း ထပ်မံ ထွက်လာပါတယ်။
သူတို့အားလုံးရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ ဘုံသဘောထားတွေမှာ "မြန်မာမှာ အကြမ်းဖက်မှုနဲ့ နိုင်ငံရေးအကျပ်အတည်း မပြေလည်သေးတဲ့အချိန်မှာ ဦးမင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးလို ကော်ဇောနီခင်းကြိုဆိုတာဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်မှု ပေးသလိုဖြစ်တယ်။ ထိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုကို ဦးစားပေးသင့်တယ်" လို့တွေ့ရပါတယ်။
ဒီလို အဖွဲ့အစည်းလိုက်ကန့်ကွက်မှုတွေအပြင် ဦးမင်းအောင်လှိုင်ကို ထိုင်းပါလီမန်ထဲမှာ ပြည်သူ့ပါတီအမတ် အနုဆွန်တမဂျိုင်း ကလည်း တစ်ကိုယ်တော်ကန့်ကွက်မှုလုပ်ခဲ့ပါတယ်။
ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ဘဝကနေ ပါလီမန်အမတ် ဖြစ်လာသူ ပြည့်သူ့ပါတီအမတ် အနုဆွန်တမဂျိုင်း က "ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူသားဝါဒ" ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်။
သူဟာ အမေရိကန်နိုင်ငံ Fordham တက္ကသိုလ်က စီးပွားရေးပညာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိထားပြီး စီးပွားရေးပညာရှင်ဖြစ်သလို ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ရန်ဆစ်- Rangsit တက္ကသိုလ်ရဲ့ စီးပွားရေးပညာဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
''သူ (ဦးမင်းအောင်လှိုင်) ကိုယ်တိုင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်သူ မဟုတ်ဘူးလား'' လို့ အနုဆွန်က သူ ကန့်ကွက်ရတဲ့ အချက်တွေထဲက တစ်ချက်ကို ဘီဘီစီကို ရှင်းပြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲမှာ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ လျှော့ချပြီး အတိုက်အခံအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ တောင်းဆိုထားပါတယ်။ အနုဆွန်တမဂျိုင်းရဲ့ တောင်းဆိုမှုတွေထဲမှာလည်း အဲဒီအချက်ပါဝင်ပါတယ်။
သြဂုတ် ၇ ရက် ဦးမင်းအောင်လှိုင် ထိုင်းပါလီမန်အဆောက်အဦကို ရောက်ရှိလာချိန်မှာအနီးမှာရပ်နေတဲ့ ပြည်သူ့ပါတီရဲ့ ဘန်ကောက်လွှတ်တော်အမတ် အနုဆွန်က "ငြိမ်းချမ်းရေးအတွက်၊ လူသားမျိုးနွယ်အတွက်" လို့ အကြိမ်ကြိမ် အော်ဟစ်ခဲ့ပြီး ကန့်ကွက်ကြောင်းပြသခဲ့ပါတယ်။
လွှတ်တော်ရဲတပ်ဖွဲ့က အနုဆွန်ကို အဲဒီနေရာကနေ ခေါ် ထုတ်သွားခဲ့တဲ့ ရုပ်သံဖိုင်က ထိုင်းနဲ့ မြန်မာမီဒီယာတွေမှာ ခပ်မြန်မြန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ကို ဘာကြောင့် ဆန့်ကျင်ကန့်ကွက်သလဲလို့ ဘီဘီစီကို သူ့ကိုသီးခြားဆက်သွယ်မေးချိန်မှာတော့ ''သူက စစ်ရာဇဝတ်ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်ပါ။ သူ့ကြောင့် မြန်မာလူထုတွေဒုက္ခရောက်သလို ထိုင်းလူမျိုးတွေအတွက်လည်း ပြဿနာတွေဖြစ်စေပါတယ်။ ဒီလိုလူကို အစိုးရနဲ့ လွှတ်တော်က အနီရောင်ကော်ဇောခင်းကြိုဆိုတာကို လက်မခံကြောင်းပြသတာပါ'' လို့ သူကဖြေပါတယ်။
ချူလာလောင်ကွန်၊ ထမ္မာဆတ်နဲ့ ကဆက်ဆတ်တက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်း ၁၉ ဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာလည်း အလားတူပြောထားပါတယ်။
ဦးမင်းအောင်လှိုင်ဟာ မြန်မာမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အဓိကတာဝန်ရှိသူဖြစ်ကြောင်း ကျောင်းသားအဖွဲ့တွေက ထောက်ပြထားပါတယ်။
အနုဆွန်တမဂျိုင်းကလည်း '' မြန်မာမှာ အရပ်သားတွေသတ်ဖြတ်ခံရတယ်။ သူတို့အိမ်တွေမီးလောင်တိုက်သွင်းခံရတယ်။ အဲဒီတော့ နေရပ်စွန့်ခွာပြီး ထိုင်းနဲ့ တခြားနိုင်ငံတွေကို ပြေးကြရတယ်။ ဒါကို ထိုင်းလူမျိုးတွေလည်းသိပါတယ်'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အနုဆွန် တမဂျိုင်း
ထိုင်းက နေပြည်တော်အစိုးရနဲ့ ဘန်ကောက်မှာစကားပြောနေပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့၊ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ကတော့ မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ရေး လိုလားနေကြပါတယ်။
အဲဒီလို ဆောင်ရွက်မှုတွေကိုမတွေ့ရသေးရင် သံတမန်ဆက်ဆံရေးအပြည့်အဝ ပြန်လည်ထူထောင်ဖို့ မသင့်တော်ဘူးလို့ သဘောထားကြပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ဟာ နေပြည်တော်ရဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ နိုင်ငံတကာဆက်ဆံရေးပြန်တည်ဆောက်ဖို့ကြိုးပမ်းနေချိန်နဲ့ ထိုင်းရဲ့ နယ်စပ်တည်ငြိမ်ရေးလိုအပ်ချက်တို့ တိုက်ဆိုင်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။
ထိုင်းဟာ နေပြည်တော်နဲ့ "အဆင့်လိုက် သုံးသပ်ပြီး လိုက်လျောညီထွေ ပြန်လည်ထိတွေ့ဆက်ဆံမှု" ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုလို ကိစ္စတွေကို ဖြေရှင်းဖို့ အစိုးရချင်း အမြင့်ဆုံးအထိ ဆက်သွယ်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ထိုင်းရဲ့ သံတမန်ရေးအရ ပြန်လည်ထိတွေ့ဆက်ဆံမှုက အလျင်အမြန် တိုးတက်လာပြီး ပုံမှန်အခြေအနေအတိုင်း ဆက်ဆံနေသလို မြင်ရပါတယ်။
အနုဆွန်တမဂျိုင်း ကတော့ ကီလိုမီတာ ၂,၄၀၀ (မိုင်ပေါင်း ၁၅၀၀ ကျော်) ထိစပ်နေလို့ နှစ်နိုင်ငံကြား နယ်စပ်တလျှောက်ကပြဿနာတွေအတွက် ဦးမင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရ တွဲပြီးအလုပ်လုပ်ဖို့လိုတာကို သူလက်ခံတယ်လို့ ဆိုပါတယ်။
''ထိုင်းအစိုးရအနေနဲ့ ဦးမင်းအောင်လှိုင်နဲ့ တွဲပြီး အလုပ်လုပ်ဖို့လိုပါတယ်။ တခြားနည်းမရှိပါဘူး။ ဒါပေမဲ့ အဲဒီအဓိပ္ပါယ်က သူ့ကို မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် လက်သင့်ခံရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက မြန်မာပြည်သူတွေအပေါ် တော်တော်လေးဆိုးဆိုးရွားရွား ကျူးလွန်ထားတဲ့သူပါ။ နောက်ပြီးတော့သူက အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ယောက်ပါ။ သူနဲ့ တွဲအလုပ်လုပ်ဖို့လိုတယ်ဆိုတာက သူ့ကို မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြုရမယ်ဆိုတာနဲ့ ထပ်တူမညီပါဘူး'' လို့ သူက တုံ့ပြန်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ ထိုင်းဘက်က လက်ခံကြိုဆိုမှု၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဦးမင်းအောင်လှိုင်ကို တရားဝင်မှုပေးတာလို့သတ်မှတ်လို့ မရကြောင်း သြဂုတ် ၆ ရက်က သတင်းစာရှင်းလင်းပွဲမှာတုံ့ပြန်ပါတယ်။
''ကျွန်တော့်တို့ သူ့ကို တရားဝင်မှုဆိုတဲ့ ဆုကြီးပေးလိုက်တာမျိုးလို့တော့ မထင်ပါဘူး။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံဖြစ်နေပါတယ်။ ပကတိ အရှိတရားနဲ့ ကျွန်တော်တို့ လုပ်ရပါတယ်။ နယ်စပ်တလျှောက် ကျွန်တော်တို့ကြုံရတဲ ပြဿနာတွေ အများကြီးပဲ။ တစ်ချိန်တည်းမှာပဲ မြန်မာပြည် ငြိမ်းချမ်း တည်ငြိမ်ရေးလမ်းကြောင်းပေါ် ရောက်ဖို့ ကျွန်တော်တို့ ဘက်က စပြီး အားထုတ်ရတာမျိုးရှိတယ်။ ဒီတော့ အကောင်းဆုံးနည်းလမ်းက အာဏာလက်ဆုပ်လက်ကိုင်ရှိနေတဲ့သူတွေနဲ့ စကားပြောရတာပါပဲ... ကျွန်တော်တို့ သူတို့ကို တိုက်တွန်းနေပါတယ်။ ဘာလုပ်ပါလို့တော့ ကျွန်တော်တို့ သူတို့ကို စေခိုင်းလို့ မရပါဘူး'' လို့ ဆီဟာဆက် ကပြောပါတယ်။
အနုဆွန်ကတော့ ဦးမင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ်က ကော်ဇောနီခင်းပြီး ထိုင်းအစိုးရအိမ်တော်မှာကြိုဆိုခဲ့တာ၊ ထိုင်းပါလီမန်က အထက်လွှတ်တော်ဥက္ကဋ္ဌ မွန်ဂို ဆူရာဆာဂျာက လက်ခံတွေ့ဆုံခဲ့တာတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
''အာဆီယံအဖွဲ့ဝင် ထိုင်းပါလီမန်ဆိုတာက ဒီမိုကရေစီ၊ငြိမ်းချမ်းရေးနဲ့ လူသားဝါဒကိုကိုယ်စားပြုထားတဲ့နေရာပါ။ ဦးမင်းအောင်လှိုင်ကတော့ အဲဒါတွေကို ကိုယ်စားပြုသူတစ်ယောက် မဟုတ်ပါဘူး။ ထိုင်းပါလီမန်ဆိုတာ ဘာကိုကိုယ်စားပြုသလဲဆိုတာကို ထိုင်းအမတ်တစ်ယောက်အနေနဲ့ သူ့ကို ပြောဖို့တာဝန်က ကျွန်တော့်မှာ ရှိလာပါတယ်။ ထိုင်းလွှတ်တော်ဥက္ကဋ္ဌ က သူ့ကိုကြိုဆိုတယ်ဆိုတာ ထိုင်းပါလီမန်ကြီးတစ်ခုလုံးက နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းခံနေရတဲ့ အာဏာရှင်ကို ကြိုဆိုသယောင် အဖြစ်မခံနိုင်ပါဘူး'' လို့ သူက ဘီဘီစီကို သူ့သဘောထားကို ရှင်းပြပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ထိုင်းအမတ်ရဲ့ ဆန္ဒပြမှုက တစ်ကိုယ်တော် လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ပြောပါတယ်။
"ကြိုဆိုနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ ဆန္ဒပြတဲ့လူသည် တစ်ယောက်တည်းသာဖြစ်ပါတယ်။ အများက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာကြိုဆိုနေကြသလို မနှစ်သက်တဲ့သူကလည်း သူ့ရဲ့သဘောဆန္ဒကို ဖော်ထုတ်တယ်လို့ မှတ်ယူပါတယ်" လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံတွင်းကအဖွဲ့တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးကို ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ကန့်ကွက်ဝေဖန်မှုတွေကိုတော့ မတွေ့ရပါဘူး။
သြဂုတ် ၆ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းဌာနက ''မြန်မာမှာ လာမယ့် ခြောက်လကနေ တစ်နှစ်အတွင်း မြန်မာ့ငြိမ်းချမ်းရေး စကားပြောဆိုတာတွေဖြစ်လာနိုင်မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
''အခုဆိုရင် မြန်မာအစိုးရဟာ NCA အောက်မှာ ပါတဲ့အဖွဲ့အချို့နဲ့ စကားပြောနေပါတယ်။ တချို့ကလည်း လက်မှတ်ထိုးထားပြီးသူတွေ၊ အချို့အဖွဲ့တွေကလည်း ပါဖို့ စောင့်နေကြသူတွေပေါ့။ တဖက်မှာလည်း ဘုံရပ်တည်ချက်တစ်ခုရဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ SCEF လိုမျိုးပေါ့။ ဆိုတော့ သူတို့ အဲဒီလုပ်ငန်းစဥ် လုပ်နေပါတယ်။ သူတို့ဘက်က အသင့်ဖြစ်တာနဲ့ ကျွန်တော်တို့ဘက်ကလည်း အမြဲတမ်း ကူညီဖို့အသင့်ရှိတယ်ဆိုတာကို အားလုံးကို အသိပေးထားပါတယ်'' လို့ ဆီဟာဆက်က ဖြေပါတယ်။
ထိုင်းဟာ မြန်မာ့ပြဿနာကိုဖြေရှင်းနိုင်ရေး တံတားတစင်းသဖွယ်ကူညီမယ်လို့ပြောထားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် နေရာထိုင်ခင်းလို ကိစ္စတွေကို ပံ့ပိုးဆောင်ရွက်ပေးမယ်လို့ အစောပိုင်းကပြောထားပါတယ်။
ဝန်ကြီးဆီဟာဆက် ကတော့ ထိုင်းအစိုးရက နေပြည်တော်နဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ ကြားဝင်ပြီး ဆွေးနွေးပွဲတွေဖြစ်လာအောင်တွန်းလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုပါတယ်။
''ကျွန်တော်တို့ ကမ်းလှမ်းချက်ကတော့ အမြဲ ရှိနေပါတယ်။ကျွန်တော်တို့ ကူညီဖို့အသင့်ပါ။ နေရာအဖြစ်လက်ခံဖို့လည်း အသင့်ပါ။ ဒါပေမဲ့ သူတို့ ဘက်က အသင့်ဖြစ်ရမယ်။ စစ်မက်အခြေအနေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ စစ်ကြောင့် လူထုဘဝ ပိုနာတာပဲဖြစ်မယ်။ ဒါက ကျွန်တော်တို့ ရပ်တည်ချက်ပါ။ ဒါပေမဲ့ ဒီလိုလုပ်ပါ ဟိုလိုလုပ်ပါလို့ ကျွန်တော်တို့ လုပ်မှာမဟုတ်ပါဘူး။ အလုပ်ဖြစ်အောင်လုပ်ဖို့က မြန်မာရဲ့သက်ဆိုင်ရာပါ၀င်ပတ်သက်သူတွေ ကြံဆောင်ရမယ့်ကိစ္စပါ'' လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
သြဂုတ် ၆ ရက် ကြာသပတေးနေ့ကတော့ ထိုင်း-မြန်မာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တွေကို အဓိက အလေးပေးထားတာတွေ့ရပါတယ်။
အဲဒီ ပူးတွဲကြေညာချက်ထဲမှာ မြန်မာအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်နိုင်တဲ့အပေါ် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး လုံးဝထည့်သွင်းဖော်ပြတာမတွေ့ရဘဲ မြန်မာရဲ့ ပြည်တွင်းစစ်အခြေအနေကိုလည်း အနည်းငယ်ပဲ ထည့်ပြောထားပါတယ်။
မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ နိုင်ငံရေးပြဿနာရဲ့ဆိုးကျိုးတွေအပေါ်ဖော်ပြတာမတွေ့ရသလို ၊ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ပြောဆိုချက်လည်း ပါဝင်တာမရှိပါဘူး။
ပူးတွဲထုတ်ပြန်ချက်မှာ နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို ပူးပေါင်းနှိမ်နင်းရေး၊ နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့လို ထိုင်းအစိုးရဘက်ကလိုလားချက်တွေကို အဓိက အလေးပေးဖော်ပြထားပါတယ်။
အထူးသဖြင့် ရေညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေ နှစ်နိုင်ငံနယ်စပ်က မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေကို တိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုကွန်ရက်တွေကိုအမြစ်ဖြတ်တားဆီးရေး၊ တောမီးနဲ့မီးခိုးငွေ့ လေထုညစ်ညမ်းမှုပြဿနာတွေ ဖြစ်ပါတယ်။
စီးပွားရေးဘက်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ တိုးမြှင့်ဖို့၊ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အားကောင်းလာစေဖို့နဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ထိုင်းနဲ့ နေပြည်တော် သဘောတူခဲ့ကြပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံဟာ မြန်မာမှာ တတိယမြောက် အများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းက မြန်မာမှာ စွမ်းအင်၊ ဟိုတယ်၊ ဘဏ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိက ရင်းနှီးမြှုပ်နှံထားပါတယ်။
အထူးသဖြင့် ထိုင်းအစိုးရထိန်းချုပ်မှုရှိတဲ့ PTTEP သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ မြန်မာက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ လုပ်ပိုင်ခွင့်အများအပြားရထားပါတယ်။ မြန်မာရဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ထိုင်းက အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။
ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာက အာဆီယံလုပ်ငန်းစဉ်တွေမှာ ပုံမှန်ပြန်လည်ပါဝင်နိုင်ရေးကို ထိုင်းအနေနဲ့ ဆက်လက်ထောက်ခံမယ်လို့ ဖော်ပြထားပြီး၊ မြန်မာဘက်ကလည်း အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေဖို့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို "မြန်မာကဦးဆောင်တဲ့ လုပ်ငန်းစဉ်'' အဖြစ် ဆက်လက်ဆောင်ရွက်မယ်လို့သာ ဖော်ပြထားပြီး၊ အကြမ်းဖက်မှုရပ်တန့်ရေး ဒါမှမဟုတ် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးလို အာဆီယံရဲ့ အဓိကတောင်းဆိုချက်တွေကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
အထူးသဖြင့် အဲဒီထဲမှာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးကို ထပ်ခါတလဲလဲ အလေးပေးဖော်ပြထားတာက ထိုင်းနိုင်ငံရဲ့ မြန်မာအရေးမူဝါဒအပေါ် ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ ထိုင်းစစ်တပ်ရဲ့ ဦးစားပေးအကျိုးစီးပွားတွေနဲ့လည်း ကိုက်ညီနေတယ်လို့ သုံးသပ်ချက်တွေ ထွက်လာပါတယ်။
ထိုင်းရဲ့ အခုလုပ်ဆောင်ချက်ဟာ ရွေးကောက်ပွဲအပြီး မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လုပ်ရပ်နောက်ကို လိုက်လာတာပါ။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့အစိုးရသစ်ကို အသိအမှတ်ပြုခဲ့ပြီး ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီး မကြာခင်မှာပဲ တရားဝင်ခရီးစဉ်တွေကို ဖိတ်ခေါ်ခဲ့ကြပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်အတွင်း ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆ ပါလုပ်ခဲ့ပြီး ဝန်ကြီးချုပ်အနုတင်လည်း တက်ရောက်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ အတူ မြန်မာက ခရိုနီလုပ်ငန်းရှင်တွေလို့ သတ်မှတ်ထားကြတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလိုက်ပါခဲ့ပါတယ်။
ထိုင်းအစိုးရအိမ်တော်ကထုတ်ပြန်တဲ့ ရုပ်သံဖိုင်တွေထဲမှာဆိုရင် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးမောင်ဝိတ်၊ ဦးအေးဝင်း၊ ဦးရဲမင်းအောင်၊ ဦးနိုင်ဖြိုးကျော်တို့ကို ဦးမင်းအောင်လှိုင်အဖွဲ့နဲ့ အတူ တွေ့ရပါတယ်။
ဦးမင်းအောင်လှိုင်က ထိုင်းကလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးသမားတွေကို မြန်မာမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ် ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကစလို့ ထားဝယ်ရေနက်စီမံကိန်း၊ ပြင်ဦးလွင်က ရတနာပုံဆိုင်ဘာစီးတီးအပြင် အိန္ဒိယ- မြန်မာ- ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းပိုင်း အကောင်အထည်ဖော်ရေးကိုလည်းသူက ထည့်ပြောပါတယ်။
စီးပွားရေးဖိုရမ်ကို ထိုင်းလုပ်ငန်းရှင် ၇၀၀ နဲ့ မြန်မာဘက်က လုပ်ငန်းရှင် ၂၀၀ နီးပါးတက်ရောက်တယ်လို့ ထိုင်းအစိုးရဘက်က ကြေညာပါတယ်။
ဒါပေမဲ့ ဖိုရမ်ထဲမှာ ဘီဘီစီက စကားပြောကြည့်ခဲ့တဲ့ ထိုင်းလုပ်ငန်းရှင်တချို့ကတော့ မြန်မာအစိုးရက စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေပေမဲ့ မြန်မာက စီးပွားရေးဆိုင်ရာမူဝါဒမတည်ငြိမ်မှုတွေကို စိုးရိမ်ချက်ရှိနေကြပါတယ်။
ဒါတင်မက ပို့ကုန်သွင်းကုန်အပိုင်းမှာလည်း ပို့ကုန်ရငွေအပေါ် ချုပ်ကိုင်ထားမှုနဲ့ သွင်းကုန်လိုင်စင်တွေ တင်းကျပ်ထားတာက နှစ်နိုင်ငံစီးပွားရေးကိုလုပ်ကိုင်ရခက်စေတယ်လို့ ပြောကြပါတယ်။
မြန်မာက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့်ကြည့်တဲ့ Justice for Myanmar ကတော့ ထိုင်းအစိုးရက နေပြည်တော်ကို သံတမန်ရေးအရ ထိတွေ့ဆက်ဆံနေတာကိုက တရားဝင်မှုရှိသယောင် ပုံဖော်ပေးနေတာလို့ ဝေဖန်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ဟာ ထိုင်းအစိုးရပြောနေတဲ့ "မြန်မာနဲ့ အဆင့်လိုက်ပြန်လည်ထိတွေ့ဆက်ဆံရေး" မူဝါဒမအောင်မြင်ဘူးဆိုတာကို ပြသနေပြီး၊ ဒီမူဝါဒက မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို ပိုရှည်စေနိုင်တယ်လို့ Justice for Myanmar က ပြောပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာပြီလို့ ပြောခဲ့ပါတယ်။ သူ့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေလုပ်နေတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် ထိုင်းနဲ့ နေပြည်တော် အကျိုးစီးပွားချင်းနီးသွားတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးလာတာကနေ ပိုကျယ်ပြန့်တဲ့ အာဆီယံအသိုင်းအဝိုင်းထဲအထိ မြန်မာကို ထိုင်းက ပြန်ခေါ်သွားနိုင်မှာလားဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပါတယ်။
ဒါပေမဲ့ နေပြည်တော်ခေါင်းဆောင်ကို အလေးပေးဆက်ဆံမှုအပေါ် သူ့ နိုင်ငံတွင်းကန့်ကွက်ဝေဖန်မှုတွေက ထိုင်းအစိုးရရဲ့ နောက်ခြေလှမ်းတွေအတွက် အခက်ကြုံရနိုင်တယ်လို့ ကောက်ချက်ချမှုတွေထွက်လာပါတယ်။
အာဆီယံတစ်ခုလုံးအနေနဲ့ကတော့ မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အခုထက်ပိုပြီး ပြောပြလောက်စရာ လက်တွေ့တိုးတက်မှုတွေ ကို မြင်ရဖို့လိုသေးတယ်လို့ ပြောထားပါတယ်။
ပြည်သူ့ပါတီရဲ့ ဘန်ကောက်လွှတ်တော်အမတ် အနုဆွန် တမဂျိုင်းကတော့ ''ကျွန်တော်တို့ မြန်မာပြည်သူတွေကို အင်မတန်မှ စာနာနားလည်ပါတယ်။ မြန်မာပြည်သူတွေဟာ အခုအခြေအနေထက်မက သာလွန်ကောင်းမွန်တဲ့ ဘဝမျိုးတွေရရှိဖို့ ထိုက်တန်ပါတယ်။ ခေါင်းဆောင်ကောင်းရဖို့ ထိုက်တန်ပါတယ်။ ဒီမိုကရက်တစ်လူ့ဘောင်မှာမွေ့ပျော်နိုင်ဖို့လည်း မြန်မာပြည်သူတွေဟာ ထိုက်တန်လှပါတယ်'' လို့ ဘီဘီစီကို မှတ်ချက်ပေးပါတယ်။

















