ပုဏ္ဏားကျွန်းက အမျိုးသမီး လက်ထိပ်ခတ် သတ်ဖြတ်ခံရမှုမှာ တရားခံ ၃ ဦးကို ဖမ်းမိပြီလို့ အေအေ ရဲတပ်ဖွဲ့ပြော
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးတဲ့နောက် လက်ထိပ်တန်းလန်းနဲ့ သေဆုံးမှုမှာ ကျူးလွန်သူလို့ဆိုတဲ့ အမျိုးသား ၃ ဦးကို ဖမ်းမိပြီလို့ AA ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
တရားခံလို့ဆိုသူ အမျိုးသား ၃ ဦးထဲက အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်းဆိုသူဟာ ဇူလိုင် ၁၈ ရက်က အဲဒီအမျိုးသမီးကို လူမှုရေးကိစ္စအကြောင်းပြခေါ်ယူခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာနားက သရက်တောခြံဝင်းထဲမှာ မုဒိမ်းပြုကျင့်ခဲ့တာလို့ တရားခံ ၃ ယောက်လုံးက ထွက်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နောက်ထပ် တရားခံ နှစ်ဦးကလည်း အတူလိုက်ပါလာပြီး အမျိုးသမီးရဲ့မျက်လုံးကို အဝတ်စစည်းထားပြီး တန်းစွယ်ရွာနားက ကားလမ်းဘေးမှာ စောင့်နေခဲ့တာလို့ ထွက်ဆိုခဲ့ကြပါတယ်။
အသတ်ခံခဲ့ရသူ အမျိုးသမီးနဲ့ မောင်တင်ဝင်းတို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက သိကျွမ်းခဲ့ကြသူတွေဖြစ်တာကြောင့် လူမှုရေးကိစ္စ အကြောင်းပြပြီး ခေါ်ယူခဲ့တာလို့လည်း ဖမ်းဆီးထားသူတွေရဲ့အပြောကို AA ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မောင်တင်ဝင်းက အဲဒီအမျိုးသမီးကို လက်ထိပ်ခတ်၊ မျက်နှာစည်းပြီးတဲ့ချိန် ကာမဆန္ဒဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပြီး အမျိုးသမီးဘက်က ငြင်းဆန်တာကြောင့် ကျောက်ခဲနဲ့ ထုရိုက်ခဲ့ပြီး မုဒိမ်းကျင့်ခဲ့တာလို့ ၀န်ခံခဲ့တဲ့အကြောင်း AA ရဲတပ်ဖွဲ့က ပြောပါတယ်။
အာရက္ခရဲတပ်ဖွဲ့က တရားခံသုံးဦးလုံးကို ဇူလိုင် ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းတွေကို လည်း သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားတဲ့အမျိုးသား ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေဆက်ပြီး လုပ်ဆောင်သွားမယ်လို့ AA ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
အာရက္ခတပ်တော် ရဲ့ ဥပဒေတွေအရ လူသတ်မှုပုဒ်မ ၃၀၂ (၁) ကို ကျူးလွန်ရင် သေဒဏ် နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မုဒိမ်းမှုပုဒ်မ ၃၇၆ ကို ကျူးလွန်ရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်အပြင် နှစ်မျိုးလုံးပါ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။