မြန်မာ့''စိန်တစ်လုံး" သရက်ဈေးကွက်ကို တရုတ်ဘယ်လိုဝင်ယူလာသလဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

"ကျွန်တော်တို့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတော့ တရုတ်စိန်တလုံးကို ယှဉ်နိုင်ဖို့ ကြောက်နေရတယ်" လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့က သရက်စိုက်တောင်သူ ကိုအောင်စိုးက ပြောပါတယ်။

ကိုအောင်စိုးဟာ မြန်မာ့စိန်တလုံးသရက်ရဲ့ မူရင်းစိုက်ပျိုးရာဒေသ မန္တလေးတိုင်း၊ ကျောက်ဆည်အပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှာပါ သရက်စိုက်ပျိုးထုတ်လုပ်မှု နှစ် ၂၀ ကျော်အတွေ့အကြုံရှိတဲ့ တောင်သူတစ်ဦး ဖြစ်ပါတယ်။

တရုတ်နဲ့ အာရှဈေးကွက်မှာ "သရက်ဘုရင်" အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ မြန်မာ့စိန်တလုံးသရက်ဟာ နိုင်ငံတွင်းစစ်ပွဲ၊ ကုန်သွယ်ရေးလမ်းကြောင်းရပ်ဆိုင်းမှုနဲ့ တရုတ်က ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်လာမှုတို့ကြောင့် စျေးကွက်ပျောက်နိုင်တဲ့အခြေအနေအထိဖြစ်လာနေပါတယ်။

ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့လို အာဆီယံနိုင်ငံတွေရဲ့သရက်တွေ တရုတ်ဈေးကွက်မှာ ပိုမိုဝင်ရောက်လာတာကလည်း မြန်မာ့သရက်အတွက် ဈေးကွက်ဝေစုကို ဖိအားပေးလာပါတယ်။

မြန်မာ့စိန်တလုံးသရက်ရဲ့ "သရက်ဘုရင်" အဖြစ် ရပ်တည်နိုင်စွမ်းကို ခြိမ်းခြောက်လာတဲ့ အဓိကစိန်ခေါ်ချက်တချို့ကို ခြေရာကောက်ကြည့်ထားပါတယ်။

ဝယ်သူကနေ ပြိုင်ဘက်ဖြစ်လာတဲ့ တရုတ်

မြန်မာ့စိန်တလုံးသရက်ဟာ တရုတ်စားသုံးသူတွေကြား "သရက်ဘုရင်" ဇိမ်ခံသစ်သီးတစ်မျိုးအဖြစ် နှစ်ပေါင်း ၂၀ ကျော် လူသိများတဲ့ သီးနှံဖြစ်ပါတယ်။

ချိုအီစိမ့်တဲ့အရသာ၊ ထောပတ်လို နူးညံ့တဲ့အသားနဲ့ အထားခံတဲ့ဂုဏ်သတ္တိတွေကြောင့် တရုတ်မှာ ဇိမ်ခံသစ်သီးတစ်မျိုးအဖြစ် လူကြိုက်များခဲ့ပြီး လက်ဆောင်ပေးလေ့ရှိကြတဲ့အသီးအနှံတစ်မျိုးအထိ တန်ဖိုးထားခံခဲ့ရပါတယ်။

အခုတော့ မြန်မာ့စိန်တလုံးကို အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်ဟာ အခုတော့ ကိုယ်တိုင် စိန်တလုံးမျိုးကို စိုက်ပျိုးထုတ်လုပ်လာပြီး ဈေးကွက်ထဲမှာ မြန်မာနဲ့ တိုက်ရိုက် ယှဉ်ပြိုင်လာနေပါတယ်။

မြန်မာသရက်ကုန်သည်တွေရဲ့ အပြောအရ ယူနန်ပြည်နယ်က တယ်ဟုန်၊ ပေါက်ရှန် ၊ စစ်ဆောင်ပနား နဲ့ ဟိုင်နန်ဒေသတွေမှာ မြန်မာစိန်တလုံးမျိုးကို စိုက်ပျိုးလာတယ်လို့ဆိုပါတယ်။

လက်ရှိ ကူမင်း လက်ကားဈေးကွက်မှာ မြန်မာ့စိန်တလုံးကို လုံးဝအစားထိုးလိုက်ပြီလို့ မဆိုနိုင်သေးပေမယ့် ယူနန်ထွက် စိန်တလုံးတွေက ဈေးကွက်ဝေစု တဖြည်းဖြည်း ရယူလာနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

"မြန်မာစိန်တလုံးက တစ်ကီလို ၁၀ ယွမ်လောက် ရောင်းရင် တရုတ်စိုက် စိန်တလုံးက ၅ ယွမ်၊ ၆ ယွမ်လောက်ပဲ ရှိတယ်။ အရသာလည်း သိပ်မကွာဘူး" လို့ မြန်မာသရက်ကုန်သည်တစ်ဦးက ပြောပါတယ်။

တရုတ်စိန်တလုံးရဲ့ ဈေးနှုန်းသက်သာမှုတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ မြန်မာဘက်ကမတည်ငြိမ်မှုတွေကြောင့် တရုတ်ဝယ်လက်တွေအနေနဲ့ လိုအပ်တဲ့အချိန်တိုင်း သရက်ရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် လျော့နည်းလာတာကလည်း အကြောင်းတစ်ချက်ဖြစ်လာတယ်လို့ဆိုပါတယ်။

"သူတို့လိုချင်တဲ့အချိန် အသီးမရနိုင်တော့ ကိုယ်တိုင်စမ်းစိုက်တယ်။ အောင်မြင်တော့ သူတို့ဈေးကွက်ထဲကို သူတို့ပြန်ထည့်နိုင်သွားတယ်" လို့ မူဆယ်အခြေစိုက် သရက်ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ရဲ့ အဆိုအရ ပေါက်ရှန်နဲ့ လူကျန်းချိုင့်ဝှမ်းဒေသတွေမှာ သရက်စိုက်ဧက ၆,၀၀၀ ကျော် ရှိလာပြီး အဲဒီထဲမှာ စိန်တလုံး စိုက်ဧက ၅၀၀ ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။

ကူမင်းဈေးကွက်ကို လေ့လာနေသူတွေကတော့ တစ်ဧကကို အနည်းဆုံး ခုနစ်တန်ခန့် ထွက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအပြောင်းအလဲက မြန်မာ့စိန်တလုံးအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ဖန်တီးနေပါတယ်။

တရုတ်သစ်သီးဈေးကွက်မှာ အရည်အသွေးကောင်းရုံနဲ့ မလုံလောက်တော့ဘဲ အချိန်မီပို့ဆောင်နိုင်မှု၊ အအေးခန်းထောက်ပံ့ပို့ဆောင်ရေး (cold chain)၊ စံချိန်စံညွှန်းနဲ့ တည်ငြိမ်တဲ့ ဖြန့်ဖြူးရေးကွန်ရက်တွေကို ပိုမိုအလေးထားလာတယ်လို့ သစ်သီးတင်ပို့ရေးဈေးကွက်ကိုကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ဒေါ်စန္ဒာမျိုးက သုံးသပ်ပါတယ်။

'' ဒီငါးနှစ်အတွင်း မြန်မာဘက်က ပို့ဆောင်ရေးကွင်းဆက်- supply chain ဖရိုဖရဲဖြစ်ပြီးစျေးကွက်ပျက်တယ်။ဝယ်လက်ပျောက်တဲ့ကာလထဲ စျေးကွက်မှာ ပေါက်ရှန်စိန်တလုံးတွေ အစားထိုးနေရာရလာတယ်''လို့ ဒေါ်စန္ဒာမျိုးက ပြောပါတယ်။

ဒါကြောင့် မြန်မာ့စိန်တလုံးဟာ အရသာ၊ အနံ့နဲ့ အရည်အသွေးတစ်ခုတည်းကိုသာ အားကိုးပြီး ယှဉ်ပြိုင်လို့မရတော့တဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။

စိန်တလုံးသရက်စိုက်တောင်သူ ကိုအောင်စိုး ကတော့ "ကျွန်တော်တို့က အရည်အသွေးကောင်းတဲ့ သရက်ထုတ်နိုင်တယ်။ကြိုက်တဲ့သရက်လာ ကျွန်တော်တို့ယှဥ်နိုင်တယ်။ ဒါပေမဲ့ အချိန်မီမပို့နိုင်ရင်ဘာမှလုပ်လို့မရဘူး၊ စျေးကွက်ပျောက်လာနိုင်တယ်။ မူဆယ်- တရုတ်လမ်းကြောင်းကျတော့လည်း နေပြည်တော်က သူ့ထိန်းချုပ်မှုအောက်မှာမရှိလို့ လိုင်စင်မချပေးဘူး။ မပို့ခိုင်းဘူး" လို့ ပြောပါတယ်။

မြန်မာက နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့တဲ့ တရုတ်က စိန်တလုံးသရက်ဈေးကွက်မှာ တရုတ်ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ဝင်ရောက်လာတာဟာ ကုန်သွယ်မှုပမာဏကြီးတဲ့ မြန်မာ့ပို့ကုန်အတွက် ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာတဲ့ အချက်ပြမှုဖြစ်ပါတယ်။

မြန်မာစိန်တလုံးအတွက် စိန်ခေါ်ချက်တွေ

၂၀၁၃ ကစလို့ ၂၀၁၆ - ၂၀၁၉ ကြားကာလ နှစ်တွေဟာ မြန်မာ့စိန်တလုံးရဲ့ ရွှေခေတ်ကာလတွေဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ မြန်မာမှာ စစ်အာဏာမသိမ်းခင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ စိန်တလုံးတင်ပို့မှု တန်ချိန် ၅၀,၀၀၀ နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။

ဒါကြောင့် တစ်နှစ်ပို့ကုန်ဝင်ငွေ ယွမ် သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၆၉ သန်းကျော်) ရှိခဲ့ပါတယ်။

အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကလည်း မြန်မာနယ်စပ်ကနေ တရုတ်ကို စိန်တလုံးသရက် တန်ချိန် ၁၀၀,၀၀၀ အထိ တိုးမြှင့်တင်ပို့ဖို့ ရည်မှန်းခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး မတည်ငြိမ်မှု၊ နယ်စပ်ကုန်သွယ်ရေး အတားအဆီးတွေကြောင့် စိန်တလုံးတင်ပို့မှု ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။

၂၀၂၁ အရှေ့ပိုင်းကာလမှာ အမြင့်ဆုံးပို့နိုင်ခဲ့တဲ့ ပို့ကုန်ပမာဏထက် ၁၀ ဆ ကျော်မက လျော့ကျသွားပြီး တန်ချိန် ထောင်ဂဏန်းသာ ပို့နိုင်တော့တယ်လို့ သရက်ကုန်သည်တချို့က ပြောပါတယ်။

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ အချက်အလက်တွေအရ အနီးစပ်ဆုံးနှစ်တွေကိုပြန်ကြည့်ရင် ၂၀၂၄ ခုနှစ်မှာ သရက် တန်ချိန် ၂,၅၀၀ သာပို့ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ တန်ချိန် ၁,၅၀၀ သာပို့ခဲ့တဲ့အထိ လျော့ကျသွားပါတယ်။

ပို့ကုန်ပမာဏလျော့နည်းမှုနဲ့အတူ ဝင်ငွေလည်း သိသိသာသာ လျော့ကျသွားပါတယ်။

"အရင်က တစ်နှစ် ယွမ်သန်း ၅၀၀ လောက် ရခဲ့တာကနေ အခုနှစ်တွေမှာ ယွမ် ၂၅ သန်းလောက်ပဲ ရတော့တယ်။ တရုတ်ဘက်က ဈေးမပြောင်းပေမဲ့ မြန်မာဘက်မှာ ကုန်ကျစရိတ်တွေတက်လာတော့ အမြတ်အများကြီး လျော့သွားတယ်" လို့ မူဆယ်အခြေစိုက် သရက်ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပင်လယ်ရေကြောင်းက ပို့နိုင်တဲ့ သရက်ပမာဏက တန်ချိန် ၁၀၀ လောက်ပဲရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းအရ သိရှိရပါတယ်။

ကုန်သွယ်မှုပမာဏကြီးတဲ့ စိန်တလုံးသရက်အပါအဝင် သရက်သီးနှံတွေ တရုတ်ကို တင်ပို့မှုကျဆင်းသွားစေတဲ့ အဓိက အချက် ၅ ချက်ထက်မနည်းရှိပါတယ်။

  • ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးကန့်သတ်မှု
  • ၂၀၂၁ နောက်ပိုင်းမြန်မာရဲ့ စစ်ရေးမတည်ငြိမ်မှု
  • ၁၀၂၇ စစ်ဆင်ရေးအပြီး မူဆယ်-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားမှု
  • မိုင်းလားလမ်းကြောင်းကို ပြောင်းလဲသုံးရမှုမှာ ကုန်ကျစရိတ်မြင့်တက်မှုနဲ့ လမ်းပိုင်းရှည်မှု
  • ပို့ကုန်ရငွေအပေါ် တင်းကျပ်မှု

မြန်မာ့စိန်တလုံးသရက် တင်ပို့မှု ကျဆင်းလာတာဟာ ဝယ်လိုအားကျဆင်းလို့ မဟုတ်ဘဲ တရုတ်ဈေးကွက်အထိ ရောက်ရှိနိုင်ရေး ကုန်သွယ်မှု ကွင်းဆက်ပြတ်တောက်တာနဲ့ ပိုသက်ဆိုင်တယ်လို့ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စိန်တလုံးသရက်ကို အဓိကစိုက်ပျိုးတဲ့ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ တရုတ်က ယူနန်ပြည်နယ်ကို တင်ပို့ရာမှာ မူဆယ်–တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို နှစ်ပေါင်းများစွာ အဓိကအားထားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်း ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးအပြီး မူဆယ်–တရုတ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရပ်တန့်သွားချိန်မှာတော့ စိန်တလုံးတင်ပို့မှုဟာ အကြီးမားဆုံးထိုးနှက်ချက်ကို ကြုံနေရပါတယ်။

သစ်သီးကုန်သည်တွေဟာ ရှမ်း(မြောက်) လမ်းကြောင်းကနေ ရှမ်း(အရှေ့) မိုင်းလားလမ်းကြောင်းကို ပြောင်းလဲအသုံးပြုပြီး တရုတ်ဘက်ကို ပို့နေပေမဲ့ ခရီးအကွာအဝေး ပိုရှည်တာနဲ့အမျှ သယ်ယူပို့ဆောင်ရေးစရိတ်လည်း သိသိသာသာ မြင့်တက်လာပါတယ်။

"မူဆယ်ကနေဆိုရင် နှစ်ရက်နဲ့ ရောက်တယ်။ မိုင်းလားဘက်က အနည်းဆုံး ငါးရက်ကြာတယ်။ အရင်က ကားခ သိန်း ၅၀ လောက်ပဲ ကုန်တဲ့ခရီးက အခု နှစ်ဆနီးပါး သိန်း ၈၀/၁၀၀ ဖြစ်သွားတယ်။ အရင်လို သွင်းကုန်လည်း ဟိုဘက်ကနေ ပြန်မတင်လာနိုင်တော့ အသွားအပြန်ကားခကိုပါ ကျခံနေရတယ်" လို့ မူဆယ်အခြေစိုက် သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

သရက်ဟာ အလွယ်တကူ ပျက်စီးနိုင်တဲ့သစ်သီးဖြစ်တာကြောင့် သယ်ယူချိန် ကြာမြင့်လာတာဟာ ကုန်ကျစရိတ်တက်ရုံတင်မက အရည်အသွေးကိုပါ ထိခိုက်စေလာပါတယ်။

"လမ်းကြောင်းရှည်တော့ အသီးက မခံဘူး။ တရုတ်ဘက်ရောက်တဲ့အခါ အရည်အသွေးကို မေးခွန်းထုတ်ခံရတာတွေ ပိုများလာတယ်။ ဒီလိုဆက်ဖြစ်နေရင် ရှိပြီးသားဈေးကွက်တောင် ဆုံးရှုံးနိုင်တယ်" လို့ မူဆယ်မြို့က သစ်သီးကုန်သည် နောက်တစ်ဦးက ပြောပါတယ်။

ဒေသတွင်းပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ

နိုင်ငံတွင်း စစ်ရေးပဋိပက္ခနဲ့ ကုန်သွယ်ရေးအခက်အခဲတွေ၊ တရုတ်ကိုယ်တိုင် စိန်တလုံးမျိုး စိုက်ပျိုးထုတ်လုပ်လာမှုနဲ့ အတူ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့လို ဒေသတွင်းပြိုင်ဘက်နိုင်ငံတွေကလည်း စျေးကွက်ထဲ အလုအယက်တိုးဝင်လာနေကြတာက အဓိကစိန်ခေါ်မှုတွေဖြစ်လာနေပါတယ်။

ယူနန်အစိုးရဟာ အာဆီယံဒေသက သစ်သီးဝလံတွေကို တရုတ်ဈေးကွက်ထဲ အချိန်တိုအတွင်း ဖြန့်ဖြူးနိုင်ဖို့ အအေးခန်းသိုလှောင်ရေး၊ ထုပ်ပိုးရေးစင်တာ၊ နယ်စပ်ကုန်သွယ်ရေးစင်တာနဲ့ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကို တိုးချဲ့တည်ဆောက်နေပါတယ်။

အဲဒီအခြေခံအဆောက်အအုံတွေ တိုးတက်လာတာနဲ့အမျှ ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က သရက်အပါအဝင် ဒေသထွက်သစ်သီးတွေဟာ ယူနန်၊ ကွမ်ရှီးနဲ့ တရုတ်မြို့ကြီးတွေက လက်ကားဈေးကွက်တွေ၊ စူပါမားကက်တွေနဲ့ ခေတ်မီလက်လီရောင်းချရေးကွန်ရက်တွေထဲမှာ နေရာပိုယူလာနေပါတယ်။

အထူးသဖြင့် ဗီယက်နမ်ဟာ တရုတ်နဲ့ ပို့ဆောင်ရေးစနစ် ပိုကောင်းလာတာကြောင့် ပို့ဆောင်ချိန်၊ ကုန်ကျစရိတ်နဲ့ ဈေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်လာတယ်လို့ တရုတ်ဈေးကွက်ကို လေ့လာတဲ့ မြန်မာသစ်သီးကုန်သည်တချို့က ထောက်ပြပါတယ်။

မြန်မာမှာစစ်အာဏာမသိမ်းခင် ၂၀၁၈၊ ၂၀၁၉ ခုနှစ် ကာလတွေမှာ မြန်မ့ာစိန်တလုံးကို အရှေ့တောင်အာရှဒေသမှာ မလေးရှားနဲ့စင်ကာပူကို ပို့ခဲ့သလို ဂျာမဏီအထိလည်း ပို့နိုင်ခဲ့တဲ့ အခြေအနေရှိပါတယ်။

အခုနောက်ပိုင်းနှစ်တွေမှာ ကြုံလာရတဲ့ အပြောင်းအလဲတွေကြားမှာ မြန်မာ့စိန်တလုံးရဲ့ အားသာချက်က ပျောက်မသွားသေးပါဘူး။

စိန်တလုံးသရက်ရဲ့အရသာ၊ အနံ့နဲ့ အသားအရည်က တရုတ်စားသုံးသူတွေကြားမှာ နာမည်ကောင်း ဆက်ရှိနေဆဲဖြစ်သလို ဧပြီလကနေ ဇွန်လအထိ တရုတ်ပြည်တွင်း သရက် မပေါများသေးတဲ့ကာလကို ဖြည့်ဆည်းပေးနိုင်တာကလည်း မြန်မာဘက်ရဲ့အားသာချက်တစ်ခု ဖြစ်နေဆဲပါ။

ဒါပေမယ့် ဈေးကွက်ယှဉ်ပြိုင်မှုက ပြောင်းလဲလာနေပါတယ်။

တစ်ချိန်က တရုတ်စားသုံးသူတွေကြား "သရက်ဘုရင်" အဖြစ် လူသိများခဲ့တဲ့ မြန်မာ့စိန်တလုံးသရက်ဟာ အခုတော့ အရသာတစ်ခုတည်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့အနေအထားကို ကျော်လွန်လာပါပြီ။

ဒါကြောင့် မြန်မာ့စိန်တလုံးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်အချက်က အရသာနဲ့ အရည်အသွေးတစ်ခုတည်း မဟုတ်တော့ဘူးလို့ ကုန်သည်တချို့ ရှုမြင်လာပါတယ်။

''ကိုယ့်ဘက်က ပြဿနာတွေကို အားစိုက်ရှင်းရင် အန္တရာယ်မရှိပေမဲ့ အားမစိုက်တော့ရင် အန္တရာယ်ရှိတယ်'' လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင် က ပြောပါတယ်။

သွင်းအားစုစရိတ်မြင့်တက်မှုက အသီးအရည်အသွေးထိခိုက်

တစ်ဖက်မှာလည်း သရက်စိုက်ဒေသအများစုမှာ စစ်ရေးတင်းမာမှုတွေနဲ့အတူ မြေသြဇာ၊ ပိုးသတ်ဆေး၊ ထုပ်ပိုးပစ္စည်းနဲ့ အလုပ်သမားစရိတ်တွေ မြင့်တက်လာတာကြောင့် စိုက်ပျိုးစရိတ်တွေက သိသိသာသာ တက်လာပါတယ်။

ကုန်သည်တွေကလည်း သယ်ယူပို့ဆောင်ရေးစရိတ် တိုးလာတာကို ရင်ဆိုင်နေရပြီး တောင်သူတွေအနေနဲ့တော့ မြင့်တက်လာတဲ့ကုန်ကျစရိတ်လျှော့ချဖို့ ကြိုးစားရင်းသီးနှံအရည်အသွေး ထိခိုက်လာတဲ့အခြေအနေတွေလည်း ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ စိန်တလုံးသရက်အချို့မှာ အသီးရိုးပုပ်ရောဂါ (stem-end rot) နဲ့ အသီးပေါ် အမည်းကွက်ရောဂါ (black spot) တွေ တွေ့ရှိခဲ့ပြီး အရည်အသွေးမပြည့်တဲ့ သရက်တွေဟာ တရုတ်ဈေးကွက်မှာ ဈေးကျခဲ့သလို ကုန်သည်အချို့က ကုန်ကျစရိတ်တောင် ပြန်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တစ်ချိန်က မြန်မာကနေ တရုတ်ကို သစ်သီးတင်ပို့တဲ့ ကုမ္ပဏီ ၃၀ လောက် ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ၁၀ ခု ဝန်းကျင်သာ ကျန်တော့တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။

မြန်မာ့မျိုးရင်းစိန်တလုံးထွက်ချိန်

မြန်မာ့စိန်တလုံးဟာ နိုင်ငံအလယ်ပိုင်း မန္တလေး (ကျောက်ဆည်၊ စဥ့်ကိုင်၊ မတ္တရာတကြော)၊နေပြည်တော်၊ စစ်ကိုင်းဒေသနဲ့ ရှမ်းတောင်ပိုင်း(ရပ်စောက်၊ ဆီဆိုင်၊ ပင်ဖြစ်၊ ပင်းတယ၊ တောင်တလုံးနဲ့ တောင်နီပအိုဝ်းဒေသ)က ထွက်ပါတယ်။ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက ကျောက်ဆည်မြို့၊ ဟံမြင့်မိုရ်ရွာဟာ စိန်တလုံးသရက်ရဲ့ မျိုးရင်းထွက်ဒေသဖြစ်ပါတယ်။

စိန်တလုံးသရက်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့အထိ ပျံ့နှံ့စိုက်ပျိုးနေကြပါတယ်။ ဒါပေမဲ့ ဒေသတိုင်းမှာစိုက်မရဘဲ စိန်တလုံး နှစ်သက်တဲ့ ရေမြေရာသီဥတုရှိမှ စိုက်လို့ရပါတယ်။

စိန်တလုံး သဘာဝက အပူပိုင်းဒေသကို နှစ်သက်ပေမဲ့ သရက်ပွင့်ချိန်မှာ ရာသီဥတုအေးနေမှ အသီးတင်ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုးချဲ့ စိုက်ပျိုးခဲ့ကြတာပါ။ လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စိန်တလုံး သရက်ထွက်ရှိမှုက အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသမတူလို့ အသီးထွက်ချိန်လည်း ကွဲပြားပါတယ်။

မန္တလေးတိုင်းမှာ ဧပြီလကုန်ကနေ ဇွန်လအထိ အသီးမှည့်တဲ့ကာလဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ဇွန်လကနေ စက်တင်ဘာလအထိဖြစ်ပါတယ်။ အထွက်အများဆုံး ဒေသနှစ်ခုရဲ့ ရင့်မှည့်ချိန်ကွာခြားတဲ့အတွက် စိန်တလုံးက မြန်မာကနေ ဧပြီလကုန်ကနေ စက်တင်ဘာလအထိ ထွက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။

''မူဆယ်- ကျင်စန်းကျော့- ဝမ်တိန်လမ်းကြောင်း ပြန်မပွင့်ရင် ကျွန်တော်တို့ဆီက သရက်အပါအဝင် သီးနှံသမားတွေ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူး။ အဲဒီလမ်းပြန်ပွင့်ဖို့ လိုတယ်'' လို့ သရက်ကို ကိုယ်တိုင်စိုက်ပျိုးတင်ပို့လုပ်ငန်းလုပ်သူ ကိုအောင်စိုးက ပြောပါတယ်။

အသိပေးချက် - ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့က သရက်စိုက်တောင်သူ ကိုအောင်စိုးရဲ့ အမည်ကို လုံခြုံရေးအရ အမည်လွှဲဖော်ပြထားတာဖြစ်ပြီး အချက်အလက်သစ်များထပ်မံဖြည့်စွက်ထားပါတယ်။