ရုရှားစစ်သားစုဆောင်းရေးတပ်ထဲက လွတ်မြောက်လာတဲ့ မြန်မာလုပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်မှုထမ်းနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာက လူငယ်တွေ ပြည်ပထွက်ခွာဖို့ ရရာနည်းလမ်းနဲ့ ကြိုးပမ်းကြချိန်မှာ နေပြည်တော်နဲ့ ဆက်ဆံရေးနီးကပ်တဲ့ ရုရှားနိုင်ငံကလည်း ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။
၂၀၂၆ ခုနှစ်အောက်တိုဘာလဆန်းပိုင်းမှာတော့ မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ ခုကနေ စေလွှတ်လိုက်တဲ့ လုပ်သား ၁၉ ဦးဟာ ရုရှားစုဆောင်းရေးတပ်ထဲကို လှည့်ဖျားခေါ်ဆောင်ခံခဲ့ရပါတယ်။
နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ မတ်လကတည်းက ရုရှားကို မြန်မာက လုပ်သားတွေ ရွေးချယ်စေလွှတ်နေခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာဖြစ်စဉ်ကတော့ နှစ်နိုင်ငံဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက်နဲ့မဟုတ်ဘဲ နှစ်နိုင်ငံအေဂျင်စီချင်း ညှိနှိုင်းလုပ်ဆောင်မှုကနေ မြန်မာလုပ်သားတွေ လှည့်ဖျားခေါ်ဆောင်ခံရတာလို့ နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲ ဘယ်လိုစုဆောင်းခံခဲ့ရလဲ။ စုဆောင်းရေးတပ်ထဲကနေ မြန်မာလုပ်သားတွေ ဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတာကို အေဂျင်စီအပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
ရုရှားတပ်ထဲ ဘယ်လိုရောက်

ဓာတ်ပုံ ရင်းမြစ်, SCREENGRAB
မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ ခုဟာ ရုရှားမှာအလုပ်လုပ်ဖို့ဆိုပြီး မြန်မာလုပ်သား ၁၉ ဦးကို ထိုင်းနိုင်ငံ၊ တာချီလိတ်လမ်းကြောင်းကတဆင့် ရုရှားနိုင်ငံကို စေလွှတ်ခဲ့တယ်လို့ အေဂျင်စီတချို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာလုပ်သားတွေ ရုရှားနိုင်ငံဘက်ရောက်တဲ့အချိန် ရုရှားဘက်က အေဂျင်စီ ၂ ခုက စောင့်ကြိုပြီး ရုရှားစစ်သားစုဆောင်းရေးတပ်ထဲ ခေါ်ဆောင်သွားခဲ့တာလို့ ဒီဖြစ်စဉ်ကိုသိထားသူတစ်ဦးက ဆိုပါတယ်။
မြန်မာလုပ်သားတွေဟာ စုဆောင်းရေးတပ်ထဲရောက်သွားတဲ့အခြေအနေကို ကနဦးပိုင်းမှာ မရိပ်စားမိခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အလုပ်အတွက် စာချုပ်မှာလက်မှတ်ရေးထိုးဖို့ စာချုပ်ကိုဘာသာပြန်လိုက်တဲ့အချိန်မှ စာချုပ်ထဲမှာ စစ်မှုထမ်းရမယ့်အချက်ပါလာတာကို မြန်မာလုပ်သားတွေဘက်က သိရှိခဲ့ရတာဖြစ်ပါတယ်။
"သဘောတူညီချက်ထဲမှာ စစ်မှုထမ်းရမယ်လို့မှ မပါတာ၊ အဲဒီတော့မှ မော်စကိုက မြန်မာသံရုံးကို လှမ်းအကြောင်းကြားခဲ့ကြတာ"လို့ သူက ပြောပါတယ်။
အဲဒီနောက် မော်စကိုအခြေစိုက် မြန်မာသံရုံးကနေ ရုရှားစစ်သားစုဆောင်းရေးတပ်ထဲ ရောက်နေတဲ့ မြန်မာလုပ်သား ၁၉ ဦးကို လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ရုရှားအာဏာပိုင်တွေကလည်း မြန်မာလုပ်သားတွေကို သံရုံးဘက်ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
အောက်တိုဘာ တတိယပတ်မှာတော့ မြန်မာလုပ်သား ၁၉ ဦးဟာ ရုရှားကနေ ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်လို့ အေဂျင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရန်ကုန်လေဆိပ်ရောက်ရောက်ချင်းမှာပဲ မြန်မာက အာဏာပိုင်တွေက မြန်မာလုပ်သားတွေကို သူတို့ရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားဖုန်းပြောဆိုမှုလုပ်စေခဲ့တယ်လို့ အလုပ်သမားတချို့နဲ့ နီးစပ်သူတစ်ဦးက ဖွင့်ပြောပါတယ်။
အဲဒီနောက် စစ်ဆေးမေးမြန်းဖို့ဆိုပြီး ကားနဲ့ တင်ခေါ်သွားပြီး ရက်ပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့တယ် လို့ သူကဆိုပါတယ်။
မြန်မာကနေ စေလွှတ်လိုက်တဲ့ လုပ်သားတွေ ရုရှားစစ်တပ်ထဲ ရောက်ခဲ့ရတဲ့ ဒီဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။
၂၀၂၅ ခုနှစ်တုန်းကလည်း မြန်မာဘက်က အေဂျင်စီကနေ စေလွှတ်လိုက်တဲ့ လုပ်သားတချို့ ရုရှားရှေ့တန်းတပ်တစ်ခုကို ရောက်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
"ရှေ့တန်းတပ်တစ်ခုက စားဖိုဆောင်ထဲမှာ ၃ လကြာလုပ်ခဲ့ရတယ်" လို့ သူသိထားရတဲ့အကြောင်းကို ဖွင့်ပြောပါတယ်။
ဗီဇာတင်းကျပ်မှုတွေ မရှိတဲ့ ရုရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်နဲ့ ဆက်ဆံရေးနီးကပ်တဲ့ ရုရှားဟာ မြန်မာနိုင်ငံသားတွေအပေါ် ဗီဇာတင်းကျပ်မှုတွေကို ဖြေလျှော့ပေးထားပါတယ်။
တိုက်ရိုက်လေကြောင်းလိုင်းတွေပြေးဆွဲတာအပြင် စီးပွားရေးနဲ့ အလုပ်အကိုင်၊ အလည်အပတ်ဗီဇာတွေကို တခြားနိုင်ငံတွေထက် လျှောက်ထားရပိုလွယ်ကူအောင် လမ်းကြောင်းဖွင့်ပေးထားတယ်လို့ မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့က ပြောပါတယ်။
အနောက်နိုင်ငံတွေအပါအဝင် နိုင်ငံအများစုက မြန်မာနိုင်ငံသားတွေကို အလုပ်နဲ့အလည်အပတ်ဗီဇာတွေတင်းကျပ်ထားချိန်မှာ ရုရှားနိုင်ငံကတော့ စီးပွားရေးနဲ့ အလုပ်အကိုင်အပါအဝင် ဗီဇာအမျိုးမျိုးကို လျှောက်ထားရလွယ်ကူအောင် ဖွင့်ထားပေးတာတွေ့ရပါတယ်။
ရုရှားကိုလုပ်သားစေလွှတ်ရာမှာလည်း အစိုးရချင်း တရားဝင်နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးထားတာမဟုတ်ဘဲ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်ကနေ နှစ်နိုင်ငံအေဂျင်စီအချင်းချင်း ချိတ်ဆက်စေလွှတ်ကြတဲ့ပုံစံဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ဆေးမှုတွေတင်းကျပ်တဲ့ MOU စနစ်နဲ့ မဟုတ်တာကြောင့် စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို လုပ်သားစေလွှတ်တဲ့အခါ စာချုပ်ပါအချက်တွေကို အလွဲသုံးချုပ်ဆိုတာတွေ၊ တာဝန်ယူဖြေရှင်းမှုမရှိတာတွေက မြန်မာလုပ်သားတွေအတွက် အန္တရာယ်ကြီးတယ်လို့ သူက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံသားသိန်းချီ စစ်မှုထမ်းနေရခြင်း၊ လူငယ်တွေပြည်ပကို တိမ်းရှောင်သွားတဲ့အခြေအနေတွေကြောင့် ရုရှားက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ စက်ရုံကဏ္ဍတွေမှာ လုပ်အားလိုအပ်ချက်တွေမြင့်တက်နေတာဖြစ်ပါတယ်။
အလားတူ စစ်ဖြစ်နေတာကြောင့် ရုရှားကို လုပ်သားဝင်ရောက်မှု ကျဆင်းလာနေတဲ့အတွက် ရုရှားဘက်ကလည်း အာရှနိုင်ငံတွေမှာ လုပ်သားရှာတဲ့ ဈေးကွက်တွေ ချဲ့ထွင်လာတယ်လို့ မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ဆိုပါတယ်။
ဒါ့အပြင် ရုရှားကို အလုပ်လုပ်ဖို့ သွားရောက်တဲ့ အိန္ဒိယနိုင်ငံသားတချို့လည်း ရုရှားတပ်ထဲ အဓမ္မစုဆောင်းခံရပြီး စစ်ပွဲတွင်းမှာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။
တစ်ဖက် မြန်မာက လူငယ်တွေအများစုရွေးချယ်ကြတဲ့ အိမ်နီးချင်းထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာလည်း တရားမဝင် ဝင်ရောက်မှုတွေကို အရှိန်အဟုန်မြှင့်ဖမ်းဆီးလာပါတယ်။
အလားတူ ဘာသာစကားစာမေးပွဲအထူးဖြေဆိုဖို့မလိုဘဲ အချိန်တိုအတွင်း ပြည်ပပမှာ အလုပ်လုပ်ငွေရှာနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေက နိုင်ငံထဲက လူငယ်တွေအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်လာစေတယ်လို့ မြန်မာက အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးက ထောက်ပြပါတယ်။
ဥပမာအနေနဲ့ပြောရရင် ဂျပန်နဲ့ ကိုရီးယားလိုနိုင်ငံတွေမှာတော့လုပ်သားခေါ် ဘာသာစကားကျွမ်းကျင်မှု၊ အသက်ကန့်သတ်ချက်နဲ့ စာမေးပွဲစနစ်တွေက တင်းကျပ်တာကြောင့် ပြည်တွင်းထဲက အမြန်ထွက်ခွာလိုသူတွေအတွက် အဟန့်အတားဖြစ်နေတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
အေဂျင်စီ ၃ ခု စစ်ကြောရေးရောက်

ဓာတ်ပုံ ရင်းမြစ်, Embassy of Myanmar - Moscow
အောက်တိုဘာနောက်ဆုံးပတ်မှာတော့ ရုရှားကို လုပ်သား ၁၉ ဦးစေလွှတ်ခဲ့တဲ့ မြန်မာက ပြည်ပအလုပ်အကိုင် အေဂျင်စီ ၃ ခု ကို နေပြည်တော်က အမှုဖွင့်တရားစွဲထားတယ်လို့ ဒီအခြေအနေကိုသိထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
Top 1၊ ဝဿန်ဦးနဲ့ မြတ်လင်းသစ် အေဂျင်စီ ၃ ခုရဲ့ တာဝန်ရှိသူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၆(ခ)နဲ့ အမှုဖွင့်ထားတာလို့ သတင်းရင်းမြစ်ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် အေဂျင်စီ ၃ ခုရဲ့ တာဝန်ရှိသူတွေကိုလည်း နေပြည်တော်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကွပ်ကဲမှုအောက်က စစ်ကြောရေးတစ်ခုမှာ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ဖမ်းဆီးထားတယ်လို့ သူက ဖြည့်ပြောပါတယ်။
အေဂျင်စီ ၃ ခုကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနကတေ့ာ မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲပို့ဆောင်ခံရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ အောက်တိုဘာ ၂၄ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။
သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ရုရှားရဲ့ အေဂျင်စီတချို့က မြန်မာက အေဂျင်စီတချို့ကို လုပ်သားစေလွှတ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၅,၀၀၀ (ကျပ်ငွေပြင်ပငွေလဲနှုန်း ကျပ်သိန်း၂၂၀ ဝန်းကျင်) နဲ့ အလုပ်အပ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
"အေဂျင်စီတွေဘက်ကလည်း သွားချင်တဲ့လုပ်သားတွေဆီက ကျပ်သိန်း ၁၅၀ ကနေ ၂၀၀ ကြားပြန်ယူပြီးပို့လိုက်တာ" လို့ သူသိထားရတဲ့အချက်ကိုရှင်းပြပါတယ်။
ဒီဖြစ်စဉ်မှာ ငွေကြေးပါဆုံးရှုံးခဲ့ရသလို အလုပ်လုပ်ခွင့်လည်းမရဘဲ ရုရှားစစ်တပ်ထဲ စုဆောင်းခံခဲ့ရတဲ့ မြန်မာလုပ်သား ၁၉ ဦးက နစ်နာမှုအကြီးဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။
အေဂျင်စီ ၃ ခု အမှုဖွင့်ခံထားရတဲ့ ပုဒ်မ ၃၈(ခ)ဆိုတာ ဂိုဏ်းဖွဲ့လူကုန်ကူးတာ၊ အဓမ္မခေါင်းပုံဖြတ်တာ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို ထုတ်ယူဖို့အတွက် စည်းရုံးပို့ဆောင်တာတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
နေပြည်တော်ဘက်က ဒီလိုအရေးယူမှုတွေရှိလာပေမဲ့ လုပ်သားလိုအပ်ချက်မြင့်နေတဲ့ ရုရှားဘက်က လုပ်သားရှာဖွေတဲ့ အကျိုးဆောင်(ပွဲစား)ကွန်ရက်တွေက မြန်မာအပါအဝင် အာရှနိုင်ငံတွေဘက်မှာ ဈေးကွက်ချဲ့ထွင်နေတုန်းဖြစ်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ပြောပါတယ်။
"ပွဲစားတွေပြောစကားအရ အချိန်တိုနဲ့ရောက်မယ်၊ လစာကောင်းတယ်ဆိုတဲ့ မက်လုံးတွေကိုယုံပြီးလိုက်သွားမိရင် စစ်မြေပြင်ရောက်ပြီး အသက်ပါဆုံးရှုံးရနိုင်တယ်" လို့ အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက သတိပေးပါတယ်။

























