ယူကရိန်းစစ်ပွဲမှာ အောင်ပွဲရပြီလို့ 'ပူတင်' ဘယ်တော့မှ ပြောနိုင်မှာမဟုတ်ဘူး - နိုဘယ်လ်ဆုရှင် မူရာတော့ဗ်
စတိဗ် ရိုဇင်ဘတ်
ဘီဘီစီ ရုရှား အယ်ဒီတာ

ဓာတ်ပုံ ရင်းမြစ်, Europa Press via Getty Images
မော်စကိုမှာ နိုဗာယာ ဂဇီတာ (Novaya Gazeta) သတင်းစာတိုက်က စင်္ကြံတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ ရုံးတစ်ခုလုံးမှာ လူသူကင်းမဲ့နေသလို ခံစားရပါတယ်။
"သတင်းစာ ဆိုတာမရှိတော့ပါဘူး" လို့ သတင်းစာရဲ့ အယ်ဒီတာချုပ် ဒီမစ်ထရီ မူရာတော့ဗ် က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
မူရာတော့ဗ် ဟာ နိုဗာယာ ဂဇီတာ သတင်းစာကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီသတင်းစာဟာ ရုရှားနိုင်ငံမှာ အာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ဖော်ထုတ်တဲ့ လွတ်လပ်တဲ့ သတင်းစာပညာရဲ့ အထင်ကရ သတင်းစာတစ်စောင် ဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဆင့်မြင့်အရာရှိတွေကြား အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ မစ္စတာ မူရာတော့ဗ်ဟာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းခဲ့မှု" အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့ပါတယ်။
နိုဘယ်လ်ဆုကော်မတီက နိုဗာယာ ဂဇီတာ သတင်းစာ ရဲ့ သတင်းထောက် ၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲမှာ ချက်ချ်ညာစစ်ပွဲနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဖော်ထုတ်ရေးသားခဲ့တဲ့ အန်နာ ပိုလစ်ကော့ဗ်စကာယာလည်း ပါဝင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါဟာ ရဲရဲဝံ့ဝံ့ သတ္တိရှိစွာ သတင်းဖော်ထုတ်ရေးသားမှုအတွက် အသိအမှတ်ပြုမှု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို ဂုဏ်ပြုမှုက သတင်းစာကိုတော့ အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ပူတင်က အမိန့်ထုတ်ပြိး သတင်းစာတိုက် အားလုံးကို ပြည်သူပိုင်သိမ်းလိုက်တယ်" လို့ မစ္စတာ မူရာတော့ဗ် က ရှင်းပြပါတယ်။ "သတင်းဌာန မှတ်ပုံတင်ကိုလည်း ဖျက်သိမ်းလိုက်တယ်။"
နိုဗာယာ ဂဇီတာ ဟာ အွန်လိုင်းပေါ်မှာတော့ ဆက်လက်ရှိနေပါသေးတယ်။ ဒါပေမဲ့ အခြေအနေက မလွယ်ပါဘူး။ ရုရှားအာဏာပိုင်တွေက သူတို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ပြည်ပကနေ ဝင်ကြည့်တာ ဒါမှမဟုတ် ကန့်သတ်ချက်တွေကို ကျော်လွှားဖို့ အသုံးပြုတဲ့ VPN (Virtual Private Network) တွေကတစ်ဆင့်သာ ဝင်ရောက်ကြည့်ရှုနိုင်ပါတော့တယ်။
သတင်းစာရဲ့ အခက်အခဲတွေက ရုရှားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အာဏာပိုင်တွေရဲ့ ဖိနှိပ်ချိုးနှိမ်မှုတွေကို ထင်ဟပ်နေပါတယ်။ အထူးသဖြင့် ကရင်မလင်က ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ဒီဖိနှိပ်မှုတွေ ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။
"ထင်မြင်ချက်သဘောထားပြောသူတွေကို 'နိုင်ငံခြားသူလျို ၊ 'အစွန်းရောက်သမား' ဒါမှမဟုတ် 'အကြမ်းဖက်သမား' တွေအဖြစ် အကြိမ်ကြိမ် တံဆိပ်ကပ်ခဲ့ကြတယ်။ ဒီလိုလူ ရာနဲ့ချီရှိပါတယ်"လို့ မူရာတော့ဗ် ကပြောပါတယ်။
"အရေအတွက် ကိန်းဂဏန်းတွေကတော့ အမျိုးမျိုးကွဲနိုင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံး ခန့်မှန်းတွက်ချက်မယ်ဆိုရင် ရုရှားရဲ့ 'အထူးစစ်ဆင်ရေး' (ယူကရိန်းမှာ) စတင်ခဲ့ချိန်ကတည်းက လက်ရှိအစိုးရမူဝါဒကို ဆန့်ကျင်ပြောဆိုတာကြောင့်ဆိုပြီး လူ ၁,၅၀၀ လောက် ထောင်ကျနေကြပါတယ်။ ဒါဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကေဂျီဘီ (KGB ) လက်ထက် ရက်စက်ကြမ်းကြုတ်တဲ့ကာလထက်တောင် သုံးဆပိုများပါတယ်။"
၁၉၇၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံမိန့်ခွန်းမှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်သူ အန်ဒရေ ဆာခါရော့ဗ် က ဆိုဗီယက်ပြည်ထောင်စု အတွင်း သူသိရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ရဲ့ အမည်တွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
နောက် ၁၀ နှစ် အကြာမှာတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဆိုဗီယက်ပြည်ထောင်စု အတွင်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကရင်မလင်က ၂၀၂၂ ခုနှစ်မှာ ခပ်မြန်မြန်နဲ့ အောင်မြင်မယ့် "စစ်ဆင်ရေး" လို့ ယူဆထားခဲ့တဲ့ ယူကရိန်း စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှုအများဆုံး ပဋိပက္ခ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေတဲ့ သမ္မတ ပူတင်ကတော့ ရုရှားအနေနဲ့ အောင်ပွဲရမယ်လို့ ဆက်ပြီး မှန်းဆနေပါတယ်။
"အောင်ပွဲဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး" လို့ မူရာတော့ဗ် က ပြန်လည်တုံ့ပြန်ပါတယ်။
"ဘာကြောင့်လဲဆိုတော့ ငါးနှစ်နီးပါးကြာ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲဟာ ဘယ်လိုပဲ အဆုံးသတ်သွားပါစေ၊ ဒါကို အောင်ပွဲလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။"
"ဆလာဗစ်နိုင်ငံနှစ်နိုင်ငံကြား စစ်ပွဲမှာ လူပေါင်း တစ်သန်းကျော် ဒုက္ခဆိုက်သေဆုံးခဲ့ရတာကို အောင်ပွဲလို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ။
"ယူကရိန်းက အခြေအနေကို ကျွန်တော့်အမြင်ပြောရရင် သူတို့ ဖျက်ဆီးနိုင်တယ်၊ ဒါပေမဲ့ သိမ်းပိုက်လို့ မရနိုင်ဘူး၊ ဘာကို ဖျက်ဆီးတာလဲဆိုတော့ စစ်ပွဲကို ဆက်လက်အရှိန်မြှင့်ပြီး နောက်ဆုံး နျူကလီးယားလက်နက် အသုံးပြုတဲ့အဆင့်အထိ ရောက်သွားနိုင်တာကို ဆိုလိုတာပါ။"
ရုရှားခေါင်းဆောင်က ဒီစစ်ပွဲမှာ နျူကလီးယား လက်နက်တွေ သုံးလာမယ်လို့ သူတကယ် ယုံကြည် နေပါလား။
" နိုင်ငံရေး ကျွမ်းကျင်သူတွေဆိုပြီး 'ပူတင်က ဒါကိုတွေးနေတာ' 'ပူတင်က ဒါကို ကြောက်နေတာ' စသဖြင့် ပြောနေကြတဲ့သူတွေက လျှောက်ပြောနေကြတဲ့ သူတွေပါ" လို့ ဒီမစ်ထရီ မူရာတော့ဗ်က ဆိုပါတယ်။ "ဒါဟာ ဗေဒင်ဟောတာနဲ့ အတူတူပါပဲ။ ဗလာဒီမာ ပူတင်ရဲ့ ခေါင်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျွန်တော်လည်း မသိပါဘူး။"
"ကျွန်တော်ကတော့ သတင်းစာဆရာတစ်ယောက်အနေနဲ့ပဲ အခြေအနေတွေကို မြင်ပါတယ်။ ဒေတာအချက်အလက်အကြီးစားတွေကို လေ့လာပါတယ်။ ဒီနှစ်အစကတည်းက နျူကလီးယားလက်နက် အသုံးပြုဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ အကြိမ် ၅၀၀ ကျော် ရှိခဲ့ပါတယ်။
ခပ်ပေါ့ပေါ့သူတွေက ပြောနေကြတာဆိုရင် ကျွန်တော် ဂရုမထားပါဘူး။ ဒါပေမဲ့ နိုင်ငံပိုင်ရုပ်သံကနေ ဒီအကြောင်းကို ဆွေးနွေးပြောဆိုတာတွေ ကြားရ၊မြင်ရပါတယ်။ ပြီးတော့ နိုင်ငံပိုင်အဖွဲ့အစည်းက ကျင်းပတဲ့ စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်မှာလည်း ဟောပြောသူတစ်ဦးက နျူကလီးယားလက်နက် အသုံးပြုတာဟာ အကျိုးရှိတယ်၊ ပိုပြီး ကောင်းမယ်လို့တောင် ထောက်ခံပြောဆိုနေကြပါတယ်။"
သမ္မတ ပူတင်က ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကို အလုံးအရင်းနဲ့ ဝင်ရောက် တော့မယ်လို့ ကြေညာစဉ်မှာ "ရုရှားရဲ့ လုံခြုံရေးကို စိတ်ချရအောင်အတွက်" လို့ ပြောခဲ့ပါတယ်။
"အဲဒီ ကတည်းက ရုရှားမှာ လုံခြုံရေးက တိုးတက်လာသလား - ကျွန်တော့်ကို ဖြေပေးပါ" လို့ ဒီမစ်ထရီ မူရာတော့ဗ် က မေးခွန်းထုတ်ပါတယ်။ "ယူကရိန်း ဒရုန်းတွေက အခုဆိုရင် (ရုရှားရဲ့ အကြီးဆုံး အွန်လိုင်း ရောင်းဝယ်ရေး ကုမ္ပဏီ) ဝိုင်းလ် ဘယ်ရီက ကုန်လှောင်ရုံတွေကို တိုက်ခိုက်နေပြီ၊ ဓာတ်ဆီ အကျပ်အတည်းဆိုက်နေတယ်၊ မိုဘိုင်းဖုန်း အင်တာနက်တွေ ပြတ်တောက်ကုန်တယ်၊ နိုင်ငံရေး အကျဉ်းသားတွေများလာတယ်၊ ဆိုတော့ ဒါက လုံခြုရေး မြင့်တက်လာတာလား၊ ကျလာတာလား။"
ပြည်တွင်းက လူထုစစ်တမ်းတွေမှာ ဗလာဒီမီယာ ပူတင်ကို လက်ခံတဲ့ နှုန်းက ကျဆင်းလာပေမဲ့လည်း ရုရှား သမ္မတဟာ အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဦးမှာလို့ မစ္စတာ မုရတော့ဗ်က ယုံကြည်ပါတယ်။
"အီလစ်(အာဏာရအထက်တန်းလွှာ)တွေ ကြားမှာ ကွဲနေပြီ၊ အတွင်းကြိတ် ကြံစည်လုပ်ကိုင်နေတာတွေ ရှိတယ် စတဲ့ ဇာတ်လမ်းတွေကို ကျွန်တော် မယုံပါဘူး၊ ဒီလို ပြောရတာ ဆောရီးပါ၊ ဒီနိုင်ငံကို မောင်းနှင်နေတာက ဗလာဒီမီယာ ပူတင်ပါ၊ သူတို့ အီလစ်တွေက သူ့ကို ကြောက်ကြပါတယ်။"
"ဒီလို အကြောက်တရားဖြစ်အောင် အားဖြည့်ပေးတာက ပူတင်ရဲ့ အဓိကထောက်ခံအားပေးတဲ့ အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလုံခြုံရေးဌာန (FSB) က နည်းလမ်းမျိုးစုံနဲ့ ပိုမိုခိုင်မာအောင် လုပ်ပေးနေပါတယ်။" ပူတင်ရဲ့ အဓိကထောက်ခံအားပေးတဲ့ အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလုံခြုံရေးဌာန (FSB) က နည်းလမ်းမျိုးစုံနဲ့ ပိုမိုခိုင်မာအောင် လုပ်ပေးနေပါတယ်။"
သူ့ကိုယ်ပိုင်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်ပေမယ့် အနောက်နိုင်ငံတွေအပေါ်မှာတော့ အထင်အမြင်လွဲမှားမှု မရှိပါဘူး။
"ပူတင်က ဥရောပခေါင်းဆောင်တွေရဲ့ တကယ့်တန်ဖိုးကို ကောင်းကောင်းသိပါတယ်။ တစ်ဖက်က သူ့ကို လူ့အခွင့်အရေးအကြောင်း ပြောကြတယ်။ ဒါကိုကြားရင် သူက အကျယ်ကြီး ရယ်မောပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က လူ့အခွင့်အရေးအကြောင်း ပြောနေကြပေမယ့် တစ်ဖက်ကတော့ ရုရှားနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စိန်နဲ့ တခြားကုန်ပစ္စည်းတွေ ရောင်းဝယ်ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာ၊ အရင်က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပူတင်ကို ဥရောပတန်ဖိုးတွေ၊ ဒီမိုကရေစီတန်ဖိုးတွေအကြောင်း ပြောတဲ့အခါ သူက တကယ်ကို အကျယ်ကြီး ရယ်ပါတယ်။ သူ့ကို ဒီတန်ဖိုးတွေ ဟောပြောခဲ့တဲ့ လူတွေရဲ့ တကယ့်တန်ဖိုးကို သူသိထားလို့ပါ။"
ရုရှားနိုင်ငံမှာ မစ္စတာ မူရာတော့ဗ်ကို "နိုင်ငံခြားသူလျို (foreign agent)" အဖြစ် သတ်မှတ်ထားပါတယ်။ ဒီအမည်တပ်သတ်မှတ်မှုကို ကရင်မလင်အစိုးရကို ဝေဖန်သူတွေကို ဖိနှိပ်အရေးယူရာမှာ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။
"နိုင်ငံခြားသူလျို " အဖြစ် သတ်မှတ်ခံရသူတွေဟာ အခွင့်အရေးအချို့ ကန့်သတ်ခံရပါတယ်။ ဥပမာ သင်ကြားပို့ချခွင့်၊ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့် ပိတ်ပင်ခံရပြီး၊ သူတို့ပိုင် တိုက်ခန်းကို ရောင်းချခဲ့ရင်တောင် အဲဒီကနေ ရရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် မရနိုင်ပါဘူး။
ဒီလို "နိုင်ငံခြားသူလျို" ဆိုတဲ့ အမည်တပ်မှုဟာ အရှက်ကွဲပြီး လူမှုအသိုင်းအဝိုင်းအတွင်းမှာ "ကိုယ့်အတွင်းက ရန်သူ" တစ်ယောက်ရှိနေသလို ခံစားချက်မျိုး ဖြစ်ပေါ်စေဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသတင်းစာဆရာကတော့ သူကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ဖိအားတွေအကြောင်း အာရုံစိုက်ပြောဆိုဖို့ တွန့်ဆုတ်နေပြီး၊ ထောင်ကျနေတဲ့ သူ့ရဲဘော် ရဲဖက် တွေရဲ့ အခက်အခဲတွေကိုသာ ပိုပြီး အလေးပေးပြောဆိုပါတယ်။
"ကျွန်တော်က အခု ဘာကို အစိုးရိမ်ဆုံးလဲ ဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက နယ်မြေကို သိမ်းယူတဲ့အပေါ် ပထမဆုံး ထောက်ပြဝေဖန်တဲ့ သူတွေ နိုင်ငံရေး အကျဉ်းသားဖြစ်နေတာကို ဒီကမ္ဘာက တစ်ဦးတစ်ယောက်ကမှ စိတ်မဝင်စားကြတာကိုပါ။"

သူက ဖိုင်တွဲတစ်ခုကို ဖွင့်ပြီး ဓာတ်ပုံတွေ အများအပြားကို ထုတ်ယူပြပါတယ်။
ဓာတ်ပုံတစ်ပုံမှာတော့ သတင်းစာဆရာ ၄ ဦးဖြစ်တဲ့ အန်တိုနီနာ ဖာဗော်စကာယာ၊ ကွန်စတန်တင် ဂါဘော့ဗ်၊ ဆာဂေး ကာရေလင် နဲ့ အာတျောမ် ခရိဂါ် တို့ကို တွေ့ရပါတယ်။ သူတို့ဟာ အစွန်းရောက်ဝါဒနဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။
သူတို့ကို သေဆုံးပြီးဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီ ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အလက်ဆီ ဂိုရီနော့ဗ် ရဲ့ ဓာတ်ပုံတစ်ပုံလည်း ပါပါတယ်။ သူဟာ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ပြောဆိုခဲ့ပြီးနောက် ရုရှားစစ်တပ်နဲ့ ပတ်သက်တဲ့ "သိလျက်နဲ့ မဟုတ်မမှန်သတင်းတွေကိုရည်ရွယ်ချက်ရှိရှိဖြန့်ဝေမှု" နဲ့ ထောင်ကျခံနေရတဲ့ မြို့နယ်ကောင်စီဝင်တစ်ဦး ဖြစ်ပါတယ်။
"ဒီတစ်ယောက်က သိပ်တော်တဲ့ စန္ဒယား ဆရာ ပါဗယ် ကုရှ်နာပါ ... ရာ့ခ်မာနီနော့ဖ် (Rachmaninoff)တို့ ရှူးဘတ် (Schubert) တို့ရဲ့ ဂန္တဝင် တေးသွားတွေကို တီးခတ်နိုင်တဲ့ ဂီတပညာရှင်။"
ဒီ ဂီတပညာရှင်ဟာ စစ်ဆန့်ကျင်ရေး ဗီဒီယိုတွေကို အွန်လိုင်းမှာ တင်ပြီးတဲ့နောက် အဖမ်းခံခဲ့ရပါတယ်။ မူရာတော့ဗ် က နောက်ထပ် ဗီဒီယို တခုကို ပြပါတယ်။
"အခေါင်းထဲက လူက သူပဲ။" ပါဗယ် ကွတ်ရှ်နာဟာ တရားရုံးမရောက်ခင် အချုပ်ထဲမှာပဲ အစာငတ်ခံ ဆန္ဒပြပြီး ကွယ်လွန်ခဲ့ပါတယ်။ သူ့အသက်က ၃၉ နှစ်ပါ။
ဓာတ်ပုံတွေ၊ ထောင် ဇာတ်လမ်းတွေက အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ လူပုဂ္ဂိုလ်တွေ ကြုံရမယ့်ဘေးတွေ ကို မီးမောင်းထိုးပြနေပါတယ်။ အာဏာပိုင်တွေနဲ့ စစ်ပွဲကို လူသိရှင်ကြား ဝေဖန်ရင် တွေ့ရမယ့် အန္တရာယ်တွေကိုလည်း သတိပေးနေပါတယ်။
"နိုဘယ်လ်ဆုရှင် တယောက်ဖြစ်တာက အနည်းဆုံးတော့ တချို့အကာအကွယ်ကို ရနေတယ်လို့ ဆိုနိုင်လား" လို့ ကျွန်တော် သူ့ကို မေးပါတယ်။
"ဒါက ကျွန်တော့်ကို မေးရမယ့် မေးခွန်း မဟုတ်ပါဘူး" လို့ မစ္စတာ မူရာတော့ဗ်က ပြန်ဖြေရင်း "ခင်ဗျား အခွင့်အခါ ရရင် ဒီ အမေးကို အာဏာပိုင်တွေကို မေးကြည့်ပါဗျ။"
နောက်ထပ် ဓာတ်ပုံ တစ်ပုံ ရှိပါတယ်၊ ဒါက ဧပြီလထဲမှာ ရိုက်ထားတာပါ။
"သူက သတင်းစာတိုက်ရဲ့ ရှေ့နေ (အမျိုးသမီး)ပါ၊ သူက တိုက်ထဲကို ဝင်ဖို့ စောင့်နေတယ်။ ရဲတွေက သတင်းစာတိုက်ထဲက ကျွန်တော်တို့ ရုံးခန်းကို ရှာနေကြပြီ၊ ၁၃ နာရီလောက်ကြာတယ်၊ ရဲတွေက ရှေ့နေတွေကို တိုက်ထဲ ဝင်ခွင့်မပေးသေးဘူး၊ ကျွန်တော်တို့ စီမံခန့်ခွဲမှု ဒါရိုက်တာ အိုလက် ရိုဒူဂင် တယောက် အခု အိမ်မှာ အကျဉ်းချခံထားရတယ်။"
အာဏာပိုင်တွေကို ဝေဖန်ရင် ရုရှားမှာ ဒါတွေ ကြုံရမှာပါ။ ဒါပေမဲ့လည်း မျှော်လင့်စရာ အခါကောင်းတွေ ရှိပါတယ်။
"နှုတ်ဆိတ်နေရတဲ့ ကာလကို ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်တာကို လူအများအပြားက ထောက်ခံကြပါတယ်။ မော်စကိုက လမ်းတွေပေါ်မှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်ဟာ လူတွေရဲ့ ကျေးဇူးတင်စကားတွေကိုပဲ ကြားနေရပါတယ်။ သူတို့က တိတ်တိတ်လေး လာပြောကြတာပါ။ ဒါပေမဲ့ လူတွေရဲ့ အမြင်က သိပ်ကို အရေးပါပါတယ်။"
















