ရန်ကုန်နဲ့ ငလျင်အန္တရာယ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
တိုက်ခန်းက တရိပ်ရိပ်လှုပ်နေသလို တစ်ပေအကွာလောက်သာခြားတဲ့ ဘေးတိုက်ကလည်း တအိအိနဲ့ ရမ်းနေတဲ့အသံတွေကြားတော့ ငလျင်လှုပ်နေတယ်ဆိုတဲ့အသိက ဘာလုပ်ရမှန်းမသိဘဲ မမြတ်တစ်ယောက် ထူပူနေခဲ့ပါတယ်။
"လှဲနေရင်းမှ ငလျင်လှုပ်လာတာဆိုတော့ ဒီအတိုင်းပဲ မျက်နှာကြက်ကို ကြည့်နေလိုက်တယ်။ ပုခက်လွှဲနေသလိုပဲ၊ ကြောက်ပေမဲ့ နေရာကတောင် မထဖြစ်ဘူး"လို့ ရန်ကုန်မှာ ငလျင်လှုပ်ခတ်တာကို မကြာခဏကြုံနေရတဲ့မမြတ်က ပြောပါတယ်။
သူနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ၇ ထပ်တိုက်ဟာ သက်တမ်းအရ နှစ် ၃၀ ကျော်နေပါပြီ။ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မမြတ်ဟာ သူ့ထက် အသက်ကြီးနေတဲ့တိုက်မှာ နေတာပါ။
ရန်ကုန်မြို့မှာ ထူထပ်တဲ့လူနေထိုင်မှု၊ ကပ်လျက်ဆောက်ထားတဲ့အထပ်မြင့်တိုက်ခန်းတွေ၊ ဟောင်းနေတဲ့အထပ်မြင့်အဆောက်အဦတွေ၊ ယိုယွင်းနေတဲ့အရေးပေါ် လှေကားတွေ ဆက်ရှိနေပါတယ်။
ဒီလိုအခြေအနေတွေ ရှိနေတဲ့ ရန်ကုန်မြို့နဲ့ ၁၅ ကီလိုမီတာ အကွာမှာစစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရှိနေတာပါ။
စစ်ကိုင်းပြတ်ရွေ့ကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။
ရန်ကုန်ဝန်းကျင်မှာ ဘယ်ငလျင်ကြောတွေရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူဦးရေ ၇ သန်းရှိတဲ့ မြန်မာနိုင်ငံရဲ့ လူနေအထူထပ်ဆုံး ရန်ကုန်မြို့ကို တိုက်ရိုက်ဖြတ်သွားတဲ့ ငလျင်ပြတ်ရွေ့ မရှိပေမဲ့ မြို့ဝန်းကျင်ကို ဖြတ်သန်းသွားတဲ့ငလျင်ပြတ်ရွေ့ကြောတွေ ရှိပါတယ်။
အဲဒါတွေကတော့
- တိုက်ကြီးပြတ်ရွေ့
- ဒေးဒရဲပြတ်ရွေ့နဲ့
- စစ်ကိုင်းပြတ်ရွေ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပဲခူး-သုံးခွ ပင်လယ်ဝအထိရှိတဲ့ ပြတ်ရွေ့တွေ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တိုက်ကြီးပြတ်ရွေ့ဟာ ရန်ကုန်မြို့အနောက်မြောက်ဘက်မှာရှိပြီး ရစ်ချ်တာစကေး ၃ နဲ့ ၄ ဝန်းကျင် ငလျင်တွေ မကြာခဏ လှုပ်လေ့ရှိပေမယ့် ရန်ကုန်က ငလျင်လှုပ်တာ သိရုံလောက်သာ ရှိပါတယ်။
ဧရာဝတီတိုင်းထဲက ဒေးဒရဲပြတ်ရွေ့ကတော့ ကော့မှူး၊ ကွမ်းခြံကုန်းတွေမှာ ရစ်ချ်တာစကေး ၆ အထိ လှုပ်ခဲ့ဖူးလို့ ရန်ကုန်ကို သက်ရောက်မှု အလယ်အလတ်ရှိနိုင်ပေမဲ့ ဒီပြတ်ရွေ့နဲ့ ပတ်သက်လို့ ငလျင်ပညာရှင်တွေ လေ့လာတာ နည်းသေးပါတယ်။
စစ်ကိုင်းပြတ်ရွေ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပဲခူး-သုံးခွ ပင်လယ်ဝအထိရှိတဲ့ ပြတ်ရွေ့က ရန်ကုန်ကို အဓိကအန္တရာယ်ပေးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးလည်းဖြစ်၊ မြေငလျင်ပညာရှင်လည်းဖြစ်တဲ့ ဦးစိုးသူရထွန်းက ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ၁၉၃၀ မှာ ရစ်ချ်စကေး ၇ ဒသမ ၃ ပမာဏနဲ့ လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ဆက်စပ်ဖိအားကြောင့် ဖြစ်လာတဲ့ ငလျင်ပြတ်ရွေ့တစ်ခု ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
ပဲခူးငလျင်ကြောင့် ပဲခူးနဲ့ ရန်ကုန်မှာ လူ ၅၅၀ ကျော် သေဆုံးခဲ့ရတယ်လို့ ငလျင်မှတ်တမ်းတွေအရ သိရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်က သုတေသနပြု လေ့လာချက်အရ နှစ်ပေါင်း ၁၅၀ မှာ တစ်ကြိမ်လှုပ်မယ်လို့ ခန့်မှန်းထားတယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီငလျင်လှုပ်ခတ်ပြီးချိန်နဲ့ လက်ရှိကာလ ခြားနားကြည့်ရင် ၉၅ နှစ်ကျော်သွားပါပြီ။ ပဲခူးဘက်က စတဲ့ငလျင်ဖြစ်ပေမယ့် ရန်ကုန်မှာလည်း လှုပ်ခတ်နိုင်တယ်လို့ မြေငလျင်ပညာရှင်တွေက သတိပေးပါတယ်။
"ဒါပေမဲ့လည်း အဲဒီနှစ်ကာလဆိုတာက ၇ ဒသမ ၃ ပမာဏလှုပ်နိုင်တာကို ဆိုလိုတာပေါ့နော်။ ဒါပေမဲ့ ဒီနေ့လှုပ်မယ်ဆိုရင်လည်း လှုပ်နိုင်တယ်။ လှုပ်မယ်ဆိုရင်တော့ ပမာဏ ၇ မကျော်တဲ့ ၆ ဒသမ ၈ ဆိုတဲ့ ပမာဏမျိုး လှုပ်နိုင်တာပေါ့နော်။ တကယ်လို့ နောက်ထပ် နှစ် ၁၀၀ ကျော်၊ ၁၁၀ လောက် ဖြစ်သွားပြီဆိုရင်တော့ ပမာဏ ၇ ကျော်သွားနိုင်တယ်"လို့ ဦးစိုးသူရထွန်းက ခန့်မှန်းတွက်ချက်ပြပါတယ်။
သဘောကတော့ "fault" လို့ခေါ်တဲ့ မြေပြင်အောက် ကျောက်လွှာကြားမှာ ဖိအား (stress) တွေ တဖြည်းဖြည်း စုပုံလာတာကြောင့်ဖြစ်ပါတယ်။ Plate Tectonics (ကမ္ဘာမြေကြီးရဲ့အပေါ်ယံကျောက်လွှာ)အရ ကမ္ဘာမြေကြီးရဲ့ tectonic plates တွေက အမြဲရွေ့နေပါတယ်။ ဒါပေမဲ့ ကျောက်လွှာတချို့မှာ "ပွတ်တိုက်အား" ကြောင့် အားတွေ စုပုံလာတယ်။
အဲဒီအားတွေကို မခံနိုင်တော့တဲ့အချိန်မှာ ရုတ်တရက် ပြတ်ရွေ့ပြီး ငလျင်လှုပ်တာပါ။ အဲဒါကြောင့်မလှုပ်ရှားတဲ့အချိန်ကြာလာလေ လှုပ်တဲ့အချိန်မှာ စုပုံထားတဲ့ပြင်းအားတွေကြောင့် ငလျင်ပမာဏပိုကြီးမှုဖြစ်နိုင်တာလို့ ယေဘူယျနားလည်နိုင်ပါတယ်။
ငလျင်ပြင်းတချက်မှာ ထိခိုက်မှု မြင့်နိုင်တဲ့ရန်ကုန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ပြင်အားပမာဏအလိုက် ပျက်စီးဆုံးရှုံးထိခိုက်မှုတွေရဲ့အတိုင်းအဆတွေကွာခြားချက်ရှိပါတယ်။
အရင်က မြန်မာမှာ ငလျင်ပြင်းအားကို ရစ်ခ်ျတာစကေးနဲ့ တိုင်းတာတွက်ချက်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပညာရှင်တွေက ပိုတိကျတဲ့ငလျင်ပြင်းအားကို မဂ္ဂနီကျူနဲ့ တိုင်းတာတွက်ချက်လာပါတယ်။
မဂ္ဂနီကျူ ၁ - ၄ ဒသမ ၉ အထိ ငလျင်တွေကို အင်အားနည်းငယ်လှုပ်ခတ်တဲ့ငလျင်တွေအဖြစ် သတ်မှတ်ကြပြီး ပျက်စီးမှု နည်းပါးတတ်ပါတယ်။
မဂ္ဂနီကျူ ၅ - ၅ ဒသမ ၉ အထိ ငလျင်တွေမှာ ပြင်းအား အသင့်အတင့်ရှိပြီး အဆောက်အဦအချို့မှာ ထိခိုက်ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်နိုင်ပါတယ်။
မဂ္ဂနီကျူ ၆ - ၆ ဒသမ ၉ အထိ ငလျင်တွေကို အင်အားပြင်း ငလျင်တွေအဖြစ် သတ်မှတ်ကြပြီး လူနေအဆောက်အဦတွေနဲ့ အခြေခံအဆောက်အဦတွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မဂ္ဂနီကျူ ၇ နဲ့အထက် ငလျင်တွေကို အင်အားအလွန်ပြင်းတဲ့ငလျင်တွေအဖြစ် သတ်မှတ်ကြပြီး ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က မြန်မာမှာ လှုပ်ခဲ့တဲ့အင်အား မဂ္ဂနီကျူ ၇ ဒသမ ၇ အဆင့်ရှိပြီး စစ်ကိုင်းပြတ်ရွေ့က လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ငလျင်ကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။ မြန်မာကျပ်ငွေ ဘီလျံ ၇၉၇၉ ကျော် ဆုံးရှုံးခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
"ငလျင်လှုပ်လို့ လူသေတာ မဟုတ်ဘူး။ ငလျင်ကြောင့် အဆောက်အဦ ပြိုကျလို့ ပိမိပြီး သေဆုံးတာတွေဖြစ်တာ၊ ဒီတော့ အဆောက်အဦတွေ ခိုင်ခံ့ဖို့လိုတယ်" လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် သူ မကွယ်လွန်ခင် ၂၀၁၅ ခုနှစ်တုန်းက ဟောပြောပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကလည်း ဦးထွန်းလွင်ရဲ့ ပြောဆိုချက်တွေ မှန်တဲ့အကြောင်း လက်တွေ့ပြခဲ့ပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်ဘက်က ငလျင်သင့်အခြေအနေတွေကို မြင်တွေ့ခဲ့ရတဲ့ ရန်ကုန်ဒေသခံတွေနဲ့အတူ ငလျင်ပညာရှင်တွေကလည်း စိုးထိတ်မှုတွေ ရှိနေတာပါ။
"စိတ်ပူတာကတော့ ၁,၉၉၀ နဲ့ ၂,၀၀၀ ပြည့်နှစ်ကြားက အဆောက်အဦတွေကိုတော့ စိတ်ပူတယ်။ ငလျင်ဒဏ်ခံနိုင်ပါ့မလား စိုးရိမ်မိတယ်" လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
လူမှုရေး စကားပုံလို တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ တဲပေါ်ကနေ တိုက်ပေါ်တင် ဆိုတဲ့စကားနဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်ကြားမှာ ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်တွင်ကျယ်ခဲ့တာပါ။
၁၉၉၀-၉၁ ခုနှစ်ကနေ ၂၀၀၀-၂၀၀၁ ခုနှစ်အတွင်း အထပ်မြင့်ကန်ထရိုက်တက် အဆောက်အဦပေါင်း ၃၀၂ ခု ရှိခဲ့တယ်လို့ ၂၀၁၀ ပြည့်နှစ် စာရင်းအင်းအနှစ်ချုပ်ကနေ သိရပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးလို့ စစ်အစိုးရတက်လာချိန်မှာ ရန်ကုန်မှာ လူဦးရေများလာတာကြောင့် အထပ်မြင့်တိုက်တွေ ဆောက်လုပ်လာကြတာပါ။
အောက်ခြေ ဖောင်ဒေးရှင်း သေချာမတူးတာတွေ၊ တိုင်တွေမှာ သုံးခဲ့တဲ့ ဘိလပ်မြေ၊ သံတွေ၊ အုတ်တွေရဲ့အရည်အသွေး နိမ့်တာတွေကို ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ လုပ်ခဲ့တာ ရှိနိုင်သလို လူနေထိုင်ခွင့် ခွင့်ပြုချက်တွေလည်း လွယ်လွယ်ကူကူ ရရှိတဲ့ခေတ်ကာလ ဖြစ်တာကြောင့်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
"အဲဒီကာလက ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ နားလည်မှုလည်း အားနည်းတယ်၊ အကျိုးအမြတ်လည်း အများကြီးရချင်တဲ့သူနဲ့ ကြုံရင်တော့ အရည်အသွေး ထိခိုက်နိုင်တာပေါ့။အပြိုင်အဆိုင် ဆောက်ကြချိန်မှာ ဈေးကို အနည်းဆုံး၊ အနိမ့်ဆုံးတွေပါ ပြိုင်ရချိန်မှာတော့ ဒါတွေ ကြုံရတာ ရှိနိုင်တယ်"လို့ ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
ပြီးခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင် လှုပ်ခတ်ပြီးနောက် ရန်ကုန်မှာရှိတဲ့အထပ်မြင့်အဆောက်အဦတချို့ကို အိမ်ရှင်တချို့က စစ်ဆေးပေးဖို့ အကူအညီတောင်းတာကြောင့် စစ်ဆေးတဲ့အခါ အဲဒီကာလက ဆောက်ခဲ့တဲ့အဆောက်အဦတွေလည်း ပါဝင်တယ်လို့ ငလျင်ကော်မတီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း ဆောက်ခဲ့တဲ့အဆောက်အဦတွေက အခုဆိုရင် သက်တမ်း ၂၅ နှစ်ကနေ ၃၅ နှစ် သက်တမ်း ရှိနေပါပြီ။
"အထပ်မြင့်အဆောက်အဦတစ်ခုရဲ့သက်တမ်းကို နှစ် ၅၀ လို့ အကြမ်းဖျင်း သတ်မှတ်ထားပေမယ့် ရန်ကုန်က ပင်လယ်နဲ့နီးတော့ ဆားဓာတ်ပါတဲ့လေကြောင့် အဆောက်အဦသံထည်တွေ သံချေးတက်ပြီး ဆွေးတာတွေရှိနိုင်တယ်။ ဒါကြောင့် သက်တမ်း ၂၅ နှစ်လောက်ရှိရင်တောင် စစ်ဆေးသင့်တာပေါ့" လို့ ဦးစောထွေးဇော်က ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဆောက်ခဲ့တဲ့အဆောက်အဦတွေကို သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေက စနစ်တကျ စစ်ဆေးပေးတာကြောင့် စိတ်ချရနိုင်မလားဆိုတာကလည်း အခိုင်အမာ တရားသေပြောလို့ မရသေးပါဘူး။
အကြောင်းကတော့ ဆောက်လုပ်ချိန်မှာ သုံးခဲ့တဲ့ကုန်ကြမ်းတွေရဲ့အရည်အသွေးကို စစ်ဆေးနိုင်မှု၊ သတ်မှတ်ထားတဲ့ဖောင်ဒေးရှင်းအတိုင်း လုပ် မလုပ်ဆိုတာကို စိစစ်နိုင်တဲ့ အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
"ဒါကတော့ ခေတ်တိုင်းမှာ ရှိခဲ့တာပါပဲ။ ကန်ထရိုက်တာတွေထဲမှာလည်း အမြတ်ကျန်ဖို့ပဲ တွက်ချက်တဲ့သူတွေရှိသလို နာမည်မပျက်အောင် သေချာလုပ်ပေးတဲ့သူတွေလည်း ရှိတာပဲ။ နည်းနည်းပါးပါး လိုအပ်ချက်ရှိရင် ငွေပေးလိုက်ရင် အဆင်ပြေသွားခဲ့တာတွေ များတယ်လေ။ အဲဒီကာလတွေက ဆောက်ခဲ့တဲ့ ၅ ထပ်တိုက် ၆ ထပ်တိုက်တွေဆိုလည်း စိတ်ပူရတာပါပဲ"လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
၂၀၀၃-၂၀၀၄ ခုနှစ်ကနေ ၂၀၀၉-၂၀၁၀ ခုနှစ်အထိဆိုရင် အဆောက်အဦပေါင်း ၁၅,၀၀၀ ကျော် ဆောက်ခဲ့တာကိုလည်း ၂၀၁၀ ပြည့်နှစ် စာရင်းအင်း အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။
ဟောင်းနေတဲ့အဆောက်အဦတွေ၊ အရည်အသွေးအာမခံချက် နည်းတဲ့အဆောက်အဦများတဲ့ ရန်ကုန်မြို့ဟာ စစ်ကိုင်းပြတ်ရွေ့ကနေ ငလျင် ပမာဏ ၇ လောက် လှုပ်ရင် အဆောက်အဦဟောင်းတွေ ထိခိုက်တာ၊ အဆောက်အဦသစ်မှာ နံရံတွေ အက်ကွဲတာဖြစ်နိုင်တယ်လို့ သတိပေးပါတယ်။
အဓိက သတိထားရမယ့်နေရာတွေက "လှိုင်မြစ်ကမ်းနဲ့ ပဲခူးမြစ်ကမ်း၊ ငမိုးရိမ်ချောင်းတို့ က နုန်းတင်မြေနုတွေများတော့ အဲဒီနေရာတွေက ခံရနိုင်တယ်၊ နိမ့်တဲ့အပိုင်းတွေက ထိခိုက်ပျက်စီးများနိုင်ခြေရှိတယ်"လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
ရန်ကုန်က အထပ်မြင့်တိုက်ခန်းတွေဟာ ငလျင်လှုပ်တိုင်း ရမ်းခါနေပြီး နံရံ အင်္ဂတေတွေ ကွာတာ၊ မျက်နှာကြက်တွေ အက်ကွဲ ကွာကျတာ၊ နံရံတွေ အက်ကြောင်းထင်တာတွေ ရှိနေပေမဲ့ ပြောင်းရွှေ့ဖို့လည်း မလွယ်ကူကြပါဘူး။
မြင့်မားနေတဲ့အိမ်ငှားခတွေ၊ အိမ်ရောင်းဈေးတွေဟာ သက်တမ်း ၂၀ ကျော် အထပ်မြင့်တိုက်ခန်းမှာနေကြသူတွေအတွက် လက်လှမ်းမမီတဲ့ကုန်ကျစရိတ်တွေ ဖြစ်နေတာပါ။
တိတ်ဆိတ်သွားတဲ့ NLD လက်ထက် ရန်ကုန်ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, UNDP
ငလျင်ဘေးဒဏ် ခံရနိုင်ခြေများပြီး အသက်ပေါင်းများစွာဆုံးရှုံးမှုကြုံတွေ့နိုင်တဲ့ ရန်ကုန်တိုင်းအတွက် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တာဝန်ယူချိန် ၂၀၁၉ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစီမံချက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲခဲ့တာပါ။
ရန်ကုန်မြို့ ဖွံ့ဖြိုးလာတာနဲ့အမျှ အခြေခံအဆောက်အအုံတွေမှာ ငလျင်ဘေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ ထည့်သွင်းထားတာ အားနည်းနေတာ၊ ပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့ရင် အရေးပေါ် တုံ့ပြန်နိုင်စွမ်းရည် နည်းတာ၊ ကြိုတင်သတိပေးစနစ် မရှိတာ၊ အသက်အိုးအိမ် ထိခိုက်နိုင်တာတွေ ကြုံနိုင်တယ်လို့ ဦးဖြိုးမင်းသိန်းက မိတ်ဆက်စကားရေးသားထားပါတယ်။
ငလျင်ဒဏ်အတွက် ကြိုတင်ပြင်ဆင်တာ၊ ငလျင်လှုပ်ပြီးချိန် တုံ့ပြန်ရေးဆောင်ရွက်တာ၊ သုံးစွဲမယ့် ရန်ပုံငွေကအစ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဆုံး ထည့်သွင်းရေးဆွဲထားတာပါ။
အတူဆောင်ရွက်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေမှာလည်း စစ်တပ်ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ လက်ရှိအချိန်မှာ အကောင်အထည်ဆက်ဖော်နေလားဆိုတာကို တိတိကျကျသိရတာမရှိပါဘူး။
ရန်ကုန်မှာငလျင်အတွက်ဘာတွေပြင်ဆင်ထားကြလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ သဘာဝဘေး မဟုတ်ပါဘူး။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းသာ လှုပ်ခတ်တဲ့ငလျင်ဟာ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေ ပျက်စီးနိုင်သလို ဘာမှန်းမသိလိုက်တဲ့အချိန်မှာဘဲ အသက်အန္တရာယ် ကြုံတွေ့နိုင်တဲ့သဘာဝဘေးဖြစ်ပါတယ်။
"တခုခုဆို သူများက ကိုယ့်လာကယ်ဖို့က နောက်ထား၊ ကိုယ့်ကိုယ်ကိုယ် အရင်ကယ်ရမယ်"လို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
အထပ်မြင့်တိုက်ခန်းတွေများတဲ့ သင်္ဃန်းကျွန်း၊ သာကေတက မြို့ခံတချို့ကတော့ အရေးကြီး စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေကို စုပြီး အိတ်တစ်လုံးထဲ စုထည့်ထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ညပိုင်းမှာ လှုပ်ခတ်သွားတဲ့ ၄ ဒသမ ၅ ရစ်ချ်တာစကေးရှိတဲ့ ငလျင်လှုပ်ခတ်ချိန်မှာတော့ အောက်ကို ဆင်းမပြေးခဲ့ကြပါဘူး။
အကြောင်းကတော့ သုံးပေ နဲ့ လေးပေ ဝန်းကျင်လောက်သာ ကျယ်ဝန်းတဲ့ တိုက်ခန်း အတက်အဆင်းလှေကားမှာ အခန်းတိုင်းက ထွက်လာမယ့် သူတွေနဲ့ ပြည့်ကျပ်နေမှာဖြစ်သလို တကယ်ဖြစ်ရင် ပြေးရင်ရော လွတ်ပါ့မလားဆိုတဲ့ ရှေ့မတိုးသာ နောက်မဆုတ်တာ အခြေအနေတွေ ရင်ဆိုင်ခဲ့ကြရတာပါ။
"အရေးပေါ်လှေကားဆိုတာလည်း ပန်းအိုးတွေ၊ ပစ္စည်းဟောင်းတွေ၊ အဝတ်စင်တွေနဲ့ ပြည့်နေတာ။ ပြီးတော့လည်း အဖြစ်ပဲ ပါတာ သံချေးတွေ တက်ပြီး သုံးမရဘူး။ အရေးပေါ်လှေကားကနေ ဆင်းလို့ရလို့ အောက်ရောက်ရင်လည်း နောက်ဖေးလမ်းတွေ ကျူးထားကြတော့ ထွက်ရမှာ မဟုတ်ဘူး" လို့ သာကေတမြို့နယ်က ၂၁ နှစ် သက်တမ်းရှိတဲ့အထပ်မြင့်တိုက်ခန်းမှာ နေထိုင်သူ မမိအေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်အားပြင်းတဲ့ငလျင်လှုပ်ချိန်မှာ ကိုယ့်အိမ်အဆောက်အဦ မပြိုရင်တောင် လှုပ်ခါတဲ့ဒဏ်ကြောင့် တံခါးကျည်းဘောင် ပြိုကျတာ၊ မီးဆိုင်းတွေ ပြုတ်ကျတာ၊ မျက်နှာကြက်တွေ ကျတာ၊ ဘီရိုတွေ လဲကျတဲ့အန္တရာယ်ကိုလည်း သတိထားဖို့ ဦးစိုးသူရထွန်းက သတိပေးပါတယ်။
"ငလျင်ကြီး တကယ်လှုပ်ကာမှ လှေကားတွေက ဆင်းပြေးတာ အန္တရာယ်များတယ်ပေါ့နော်။ ပြီးခဲ့တဲ့ ငလျင်ကြီးမှာ ဖြစ်သွားတာ မှတ်မိလိမ့်မယ်။ Sky Villa မှာ ပထမငလျင်လှုပ်လို့ ဆင်းပြေးတဲ့သူတွေက နောက်တစ်ခါ ငလျင်လှုပ်ချိန်မှာ အများကြီးထိခိုက်ခံရတာတွေ တွေ့ရတယ်" လို့ သူက ပြောပါတယ်။
ငလျင်ဘေးအန္တရာယ် ဘယ်လိုကြိုတင်ကာကွယ်ရမယ်၊ ငလျင်ဖြစ်ပြီးရင် ကယ်ဆယ်ရေးအတွက် ဘယ်ကိုအကူအညီတောင်းရမယ်၊ ဘယ်နေရာမှာ ယာယီစခန်းတွေဖွင့်မယ်ဆိုတာတွေ အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် နေပြည်တော်ဘက်က သတိပေးတာ မရှိသေးဘူးလို့လည်း ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ထားတဲ့ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေမှာတော့ အများပြည်သူပိုင်အဆောက်အအုံတွေမှာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းကမ်းတွေအတိုင်း ဆောက်လုပ်ဖို့ ထည့်သွင်းထားပါတယ်။
ဒါအပြင် ၉ ထပ်ကနေ ၁၂ ထပ်ရှိအဆောက်အဦတွေကိုလည်း ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီရင်တော့ ပြန်ပြင်ဆောက်တာ၊ ဖျက်သိမ်းတာတွေ လုပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ ရန်ကုန်မြို့ဟာ ငလျင်ဘေးအတွက် ကိုယ့်တပိုင်တနိုင်သာ ကြိုတင်ပြင်ဆင်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ကိုယ်တွေနေရတဲ့ အခြေအနေက လုံခြုံတယ်လို့ကို မခံစားရတာပါပဲ"လို့ မင်္ဂလာတောင်ညွန့် မြို့ခံ မမြတ်က လက်ရှိကြုံနေရတဲ့အခြေအနေကို ရင်ဖွင့်ခဲ့ပါတယ်။











