တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာ့ကျွန်းကို တရားမဝင်တင်သွင်းခဲ့တယ်လို့ UK ဇိမ်ခံသင်္ဘောကုမ္ပဏီဝန်ခံ

မြန်မာ့ကျွန်းကို တရားမဝင်တင်သွင်းခဲ့တယ်လို့ UK ဇိမ်ခံသင်္ဘောကုမ္ပဏီဝန်ခံ တဲ့ သတင်းအပါအဝင် မေလ ၁၈ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

အမေရိကန်ပြည်ထောင်စုကို တင်သွင်းလာတဲ့ ဇိမ်ခံရွက်လှေသင်္ဘောတွေ မှာ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ ကျွန်းတွေအသုံးပြုခဲ့တယ်လို့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker International Limited က ဝန်ခံ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ့ကျွန်းကို တရားမဝင်တင်သွင်းခဲ့တယ်လို့ UK ဇိမ်ခံသင်္ဘောကုမ္ပဏီဝန်ခံ - အမေရိကန်တရားရေး

    မြန်မာ့ကျွန်းကို တင်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ့ကျွန်းကို တင်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker (ပုံဟောင်း)

    အမေရိကန်ပြည်ထောင်စုကို တင်သွင်းလာတဲ့ ဇိမ်ခံရွက်လှေသင်္ဘောတွေမှာ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ ကျွန်းတွေ အသုံးပြုခဲ့တယ်လို့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker International Limited က ဝန်ခံလိုက်တယ်ဆိုပြီး အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။

    ယူကေအခြေစိုက် Sunseeker International ကုမ္ပဏီနဲ့ သူ့ရဲ့အမေရိကန်လုပ်ငန်းခွဲ Sunseeker U.S Sales တို့က အခုလိုဝန်ခံခဲ့တာလို့ အမေရိကန်တရားရေးဌာနက မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

    သင်္ဘောရဲ့ လေသာဆောင်မှာတပ်မယ့် ကျွန်းတံခါးနဲ့ ကျန်အစိတ်အပိုင်းတွေမှာ အသုံးပြုမယ့် ကျွန်းတွေဟာ မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ကျွန်းတွေဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

    သင်္ဘောမှာ အသုံးပြုမယ့် မြန်မာ့ကျွန်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာ အမေရိကန်‌ဒေါ်လာ ၄ သန်း‌ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ တရားမဝင်ကျွန်းတင်သွင်းမှုကို တားမြစ်ထားတဲ့ Lucey Act ဥပဒေထဲက ချိုးဖောက်မှု နှစ်ခုကို ကျူးလွန်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။

    အမေရိကန်တရားရေးဌာနကတော့ Sunseeker ကုမ္ပဏီကို ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ သတ်မှတ်လိုက်ပြီး ဥပဒေကို လိုက်နာရမယ်လို့ ဆိုပါတယ်။ ဩဂုတ် ၂၀ ရက်နေ့မှာတော့ ဒီကုမ္ပဏီကို အပြီးသတ်အမိန့်ချမှတ်မှာဖြစ်ပါတယ်။

    Sunseeker ကုမ္ပဏီဟာ ယူကေနိုင်ငံမှာ သင်္ဘောတွေ တည်ဆောက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာကို ဖြန့်ဖြူးရောင်းချတာပါ။

    ဒီကုမ္ပဏီဟာ အခုလိုမျိုး ကျွန်းတွေကို တရားမဝင်တင်သွင်းလို့ ၂၀၂၃ ခုနှစ်က ယူကေမှာ အရေးယူခံခဲ့ရဖူးပါတယ်။ အခုအမေရိကန်ကို တင်ပို့ခဲ့တဲ့ကျွန်းတွေဟာ ယူကေမှာ အရေးယူခံခဲ့ရတဲ့ကျွန်းတွေဖြစ်တယ်လို့ အမေရိကန်တရားရေးက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်၊ ယူကေ၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေက ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

  2. မင်္ဂလာပါ။ မေလ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။