မေလ ၁၇ ရက် သတင်းအနှစ်ချုပ် - တရုတ်ထိပ်တန်းအထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment မြန်မာနိုင်ငံက ထွက်ခွာမယ်

Wuhan Kingsrich Garment ကုမ္ပဏီရဲ့ မြန်မာကုမ္ပဏီခွဲ

ဓာတ်ပုံ ရင်းမြစ်, Wuhan Kingsrich Garment

ဓာတ်ပုံ ပုံစာ, Wuhan Kingsrich Garment ကုမ္ပဏီရဲ့ မြန်မာကုမ္ပဏီခွဲ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

H&M အပါအဝင် ကမ္ဘာ့ကျော်အဝတ်အထည်အမှတ်တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ တရုတ်အထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment က ပြင်ပဈေးကွက်အခြေအနေအပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံကနေ အပြီးသတ်ထွက်ခွာတော့မယ်လို့ အလုပ်သမားတွေကို အသိပေးလိုက်ပါတယ်။

ဒီကုမ္ပဏီဟာ ဇွန်လကုန်မှာ အပြီးသတ် ထွက်ခွာမှာဖြစ်လို့ အလုပ်သမားတွေကို တစ်လ ကြိုတင် အသိပေးခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွေကို ပြန်လည်သုံးသပ်မှု၊ ပြင်ပဈေးကွက်အခြေအနေတွေ အပြောင်းအလဲကြောင့် စီမံခန့်ခွဲမှုအဖွဲ့က သေချာစွာ စနစ်တကျ သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီရပ်ဆိုင်းမှုအကြောင့် အဲဒီစက်ရုံမှာ လုပ်ကိုင်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်ရတော့မယ့် အခြေအနေပါ။ ဝန်ထမ်းတွေကိုတေ ဥပဒေနဲ့အညီ လုပ်သက်အလိုက် လျော်ကြေးပေးသွားမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

Wuhan Kingsrich Garment ကုမ္ပဏီဟာ ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်ထိပ်တန်းအထည်ချုပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှာ လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။

အခုတော့ ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပေမဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက စက်ရုံမှာလည်း အလုပ်လျှောက်နိုင်ကြောင်း ကုမ္ပဏီဘက်က ဝန်ထမ်းတွေကို ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ H&M၊ Marks & Spencer၊ Inditex နဲ့ Primark ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက မှာယူမှုတွေ ဆက်တိုက် ရပ်ဆိုင်းခဲ့တာပါ။

ဒီလိုရပ်ဆိုင်းမှုတွေရဲ့နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အထည်ချုပ်ကုမ္ပဏီတွေကို အထည်အမှာစာရရှိမှုတွေလျော့ကျလာပြီး လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့လာကြတယ်လို့ လုပ်ငန်းရှင်တွေဘက်က အစောပိုင်း ကတည်းက ပြောထားပါတယ်။

၂၀၂၃ ခုနှစ်မှာ ကမ္ဘာကျော်အဝတ်အထည် အမှတ်တံဆိပ် H&M က မြန်မာနိုင်ငံမှာ စံချိန်စံညွှန်းတွေနဲ့ အညီ အဝတ်အထည်တွေ ထုတ်လုပ်ဖို့ ပိုပြီး ခက်လာတယ်လို့ဆိုတာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။

အခုရပ်ဆိုင်းလိုက်တဲ့ Wuhan Kingsrich Garment အထည်ချုပ်ကုမ္ပဏီဟာလည်း H&M အတွက် အဓိက တင်ပို့နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။