ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ‘‘FREE HER’’ လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ်အဲရစ် စတင်
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ''FREE HER'' လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ် အဲရစ်က စတင်လိုက်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုတိုက်တွန်းလှုံ့ဆော်မှု နောက်တစ်ဆင့်ဖြစ်တယ်လို့ ကင်မ်က ထုတ်ပြန်ချက်မှာပြောထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားပထမဆုံး အကြိမ်အနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) က ကိုယ်စားလှယ်နဲ့ သြဂုတ် ၃ ရက်က တွေ့ဆုံမှု အပြီးမှာ အခုလှုပ်ရှားမှုကို ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
ICRC နဲ့ ပေးတွေ့လို့ သူ့ မိခင်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း အတည်ပြုနိုင်ပေမဲ့ ဘယ်မှာရှိနေလဲဆိုတာ မသိရသလို မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရဖြစ်နေဆဲလို့ သားဖြစ်သူ ကင်မ်က ထောက်ပြပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိနေပြီဖြစ်သလို မိသားစုနဲ့ တွေ့ခွင့်မရတာလည်း ၅ နှစ်ကျော်လာပြီဖြစ်ပါတယ်။
“ICRC က သွားတွေ့နိုင်တာ အရေးပါတဲ့အဆင့်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေဟာ မလွတ်မြောက်သေးသလို ကျွန်တော်တို့ မိသားစုဟာ ပုံမှန်ဆက်သွယ်လို့လည်း မရသေးပါဘူး။ ကျွန်တော် မေမေ့ကို တွေ့ချင်ပြီး သူနေကောင်းလား၊ ဘယ်လိုနေလဲဆိုတာကို သိချင်ပါတယ်။ ကျွန်တော့် အမေကို လွှတ်ပေးစေချင်ပါတယ်” လို့ ကင်မ်က ပြောပါတယ်။
“ကျွန်တော် ငယ်စဉ်တုန်းကလည်း မေမေက အိမ်အကျယ်ချုပ်ကျတာကို နေခဲ့ရပြီးပြီ။ ဆယ်စုနှစ်တွေအကြာမှာ ကျွန်တော်တို့ ဒီလိုအခြေအနေ ပြန်ကြုံရလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ပါဘူး။ ကျွန်တော့် အမေကို မြင်တွေ့ချင်ပါတယ်။ ကျန်နေသေးတဲ့အချိန်မှာ ကျွန်တော်တို့ မိသားစု အတူရှိနေချင်ပါတယ်” လို့လည်း သူက ပြောပါတယ်။
သားဖြစ်သူ ကင်မ်ရဲ့အခုတောင်းဆိုလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် အခြေအနေကို ကမ္ဘာက မမေ့ဖို့ ရည်ရွယ်သလို မြန်မာမှာ တရားမဲ့ထိန်းသိမ်းခံထားရသူတွေအားလုံးရဲ့ လွတ်လပ်မှုနဲ့ ရပိုင်ခွင့်တွေအတွက် တပါတည်းတောင်းဆိုချက်လို့ ပြောထားပါတယ်။