ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး အီရန်က ထရမ့်ကို တောင်းဆိုတဲ့ ၆ ချက်

A graphic depicting image of a ship with a background consisting of Iran and USA flags

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းစီမံခန့်ခွဲမှု အစီအမံသစ်တစ်ရပ်ရဖို့ ဆွေးနွေးနေမှုတွေဟာ 'အခြေအနေကောင်း'နေပြီလို့ အီရန်နဲ့ အိုမန်နှစ်နိုင်ငံစလုံးက ပြောနေခဲ့ကြတာပါ။ ဒီဆွေးနွေးမှုတွေက တိုးတက်မှုအဆင့်တစ်ခုဆီ ရောက်နေပြီလို့ ပြောခဲ့ကြသလို သင်္ဘောအသွားအလာတွေ ပြန်စတင်နိုင်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေက ဆွေးနွေးမှုတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့်လမ်းကြောင်းသစ်တစ်ခု ဖော်ဆောင်ဖို့ အဓိကထားခဲ့ကြပြီး အဲဒီလမ်းကြောင်းကို အီရန်နဲ့ အိုမန်တို့က ပူးတွဲတာဝန်ယူဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘောတူညီမှုရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာချိန်မှာပဲ အရေးပါတဲ့ ဒီရေလမ်းကြောင်းကို ပြန်မဖွင့်ခင် အမေရိကန်ဘက်က သဘောတူရမယ်ဆိုတဲ့ တောင်းဆိုချက်အချို့ကို အီရန်ဘက်ကနေ လူသိရှင်ကြား ထုတ်ပြောလိုက်ပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲက အများအပြားဟာ ဇွန် ၁၇ ရက်က အီရန်နဲ့ အမေရိကန်ကြား သဘောတူထားတဲ့ နားလည်မှုစာချွန်လွှာ(MoU)ထဲမှာ ပါဝင်တဲ့ အချက်တွေထက် ကျော်လွန်နေပါတယ်။

တချို့အချက်တွေကတော့ အရင်ကတည်းက အီရန်ဘက်က တောင်းဆိုခဲ့တဲ့ အချက်တွေကို ထပ်မံဖော်ပြထားပြီး အခုအချက်တွေကို တောင်းဆိုတဲ့အခါ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ပါ ချိတ်ဆက်လာပါတယ်။

ဒါဆို အီရန် တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲ။ အမေရိကန်ဘက်က အဲဒီအချက်တွေကို လိုက်လျောပေးနိုင်သလား။

ဟော်မုဇ်ရေလက်ကြားကို အပေါ်စီးမှ မြင်ရတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRIB က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အီရန် ဗဟိုအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးဟောင်းလည်းဖြစ်၊ လက်ရှိ အီရန်ဘာသာရေးခေါင်းဆောင်ရဲ့ အကြံပေးလည်း ဖြစ်တဲ့ မိုဟာမက် ဘာဂါ ဇိုလ်ဂါဒါ က အမေရိကန်အနေနဲ့ သူ့ရဲ့ အပြုအမူတွေကို "ပြင်ဆင်" ပြီး ဒီတောင်းဆိုချက်တွေကို လိုက်နာရမယ်လို့ သတိပေးထားပါတယ်။ အီရန်ပြောတဲ့ အဲဒီ "အပြုအမူ ပြင်ဆင်ချက်" ၆ ချက်ကတော့ -

၁။ အီရန်ကို ဘယ်လိုစကားလုံးနဲ့မှ ခြိမ်းခြောက်ခြင်း၊ ဒါမှမဟုတ် နဲ့ အီရန်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာတွေကို စော်ကားခြင်း မပြုလုပ်ရန်။

၂။ အီရန်နဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်နဲ့ အီရတ်တို့အပေါ် စစ်ပွဲနဲ့ ကျူးကျော်မှုတွေကို အပြီးတိုင် ရပ်တန့်ရန်။

၃။ ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီး အီရန်ပတ်ဝန်းကျင်က အမေရိကန်ရေတပ်နဲ့ လေတပ်တွေကို ပြန်လည်ရုပ်သိမ်းရန်။

၄။ အီရန်အပေါ် ကျူးကျော်စစ်ပွဲနှစ်ကြိမ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးအပြည့်အဝ ပေးရန်။

၅။ အီရန်ပြည်သူတွေအပေါ် ချမှတ်ထားတဲ့ "ရက်စက်ပြီး တရားမဝင်တဲ့" ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းရန်။

၆။ ထိန်းချုပ်ခံထားရတဲ့ အီရန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခြွင်းချက်မရှိ ပြန်ဖွင့်ပေးရန်။

မိုးကုပ်စက်ဝိုင်းအနီး ရေပြင်မှာ သင်္ဘောတစ်စင်း ဖြတ်သန်းခုတ်မောင်းနေမှု

ဓာတ်ပုံ ရင်းမြစ်, Elke Scholiers/Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရေလက်ကြားပြန်မဖွင့်ခင် သဘောတူရမယ်ဆိုတဲ့ အီရန်ရဲ့ တောင်းဆိုချက် ၆ ချက်ဟာ အရင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပိုပြီးကျယ်ပြန့်စေပါတယ်။

ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်းရေးရာ သုံးသပ်သူ ဆီဘက်စ်ရှန် အပ်ရှာ က ဒီအခြေအနေဟာ အီရန်ဘက်က သူတို့ရပ်တည်ချက် ပိုတင်းမာတဲ့အကြောင်း ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

သူက "ဒီအချက်တွေဟာ နားလည်မှုစာချွန်လွှာ (MoU) ရဲ့ မူဘောင်သဘောတူညီချက်ထဲမှာ အရင်ကတည်းက ပါဝင်ခဲ့တဲ့ အချက်တွေပါ။ ဒါပေမဲ့ အခု ထုတ်ပြန်လာတဲ့ အချိန်နဲ့ အကောင်အထည်ဖော်မယ့် နည်းလမ်းကတော့ အရင်နဲ့ အတော်လေးကွာခြားပါတယ်" လို့ ပြောပါတယ်။

သူ့အဆိုအရ ဟော်မုဇ်ရေလက်ကြားဟာ လက်ရှိအချိန်အထိ အဓိကအားဖြင့် ပိတ်ထားဆဲဖြစ်တာကြောင့် အီရန်ဘက်က သူတို့မှာ အသာစီးရနေတယ်လို့ ယူဆနေနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့ Quincy Institute ရဲ့ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ထရီတာ ပါစီ ကတော့ ဘီဘီစီကမ္ဘာတလွှားရဲ့ Weekend အစီအစဉ်ကို ပြောရာမှာ အီရန်ကိုယ်တိုင်လည်း ဒီရပ်တည်ချက်တွေဟာ ချဲ့ကားထားတာဖြစ်တယ်ဆိုတာ သိရှိနိုင်ပြီး နောက်ပိုင်းမှာ ဒီတောင်းဆိုချက်တွေကနေ ပြန်လည်လျှော့ပေါ့လာနိုင်တယ် လို့ ကောက်ချက်ချပါတယ်။

သူက "လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတဲ့အချက်တွေဟာ ဆွေးနွေးပွဲစားပွဲပေါ်မှာ အမှန်တကယ် ဆွေးနွေးနေတဲ့အချက်တွေနဲ့ တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်" လို့ ဆိုပါတယ်။

USS Boxer ကုန်းရေ နှစ်မျိုးသုံး တိုက်ခိုက်ရေးသင်္ဘောပေါ်က အမေရိကန် စစ်သည်တွေ အမေရိကန် တိုက်လေယာဉ်တစ်စင်း ပျံသန်းနေတာကို ကြည့်ရှုနေတဲ့ မှတ်တမ်းဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, US Central Command / X

ပါစီကတော့ ဒါဟာ ဆွေးနွေးရေး နည်းဗျူဟာတစ်ရပ် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

သူက "အီရန်ဘက်က ဒီလုပ်ငန်းစဉ်ကို တမင်ရှည်ကြာအောင် လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။ အီရန်အစိုးရအတွင်းက တင်းမာတဲ့သဘောထားရှိသူ အများအပြားက ဇွန်လတုန်းက အီရန်ဟာ MoU ကို သဘောတူခဲ့တာက သိပ်မြန်လွန်းတယ်လို့ ယူဆနေကြတယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် အဲဒီသဘောတူညီချက်ဟာ ရက်ပိုင်းအတွင်းပဲ ပျက်ပြယ်သွားခဲ့ပြီး လက်မှတ်ရေးထိုးပြီး ရက်အနည်းငယ်အကြာမှာပဲ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

အီရန်နိုင်ငံအတွင်းမှာ အဲဒီဆွေးနွေးမှုတွေကို ပိုကြာအောင် ဆွဲထားခဲ့မယ်ဆိုရင် ရေနံဈေးတွေ ပိုတက်လာပြီး ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှု ပိုများလာနိုင်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ ဒီလောက်မြန်မြန် လုပ်ခဲ့နိုင်မှာမဟုတ်ဘူးလို့ ယူဆသူတွေရှိတယ်လို့ ပါစီက ပြောပါတယ်။

သူ့အဆိုအရ ဒီလို "အမှားမျိုးကို အီရန်ဘက်က နောက်တစ်ကြိမ် ထပ်မလုပ်ချင်တော့ဘူး" လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအခြေအနေတွေကြားကပဲ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တစ်ရပ် ရရှိဖို့ ရက်ပိုင်းသာ လိုတော့မယ်လို့ ပါစီ က ခန့်မှန်းထားပါတယ်။

သင်္ဘောတွေပေါ်မှာ စောင့်ဆိုင်းနေသူတွေနဲ့ ရေနံဈေးနှုန်း စောင့်ကြည့်နေသူတွေကတော့ သူ့ရဲ့ ခန့်မှန်းချက် မှန်ကန်လာဖို့ မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။