ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရဲ့ ရက် ၁၀၀

တိုက်ပုံဝတ်ထာတဲ့ဦးမင်းအောင်လှိုင်နဲ့ ယူနီဖောင်းဝတ်ထားတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်တပ်နောက်ခံနဲ့ သရုပ်ဖော်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images၊PPIB

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ ရက် ၁၀၀ ဟာ သူ့ဆရာ ဦးမင်းအောင်လှိုင်ရဲ့ လောင်းရိပ်အောက်မှာ ဆက်ရှိနေခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို သမ္မတရုံးတော်မှာ တစ်ပတ်ကို အနည်းဆုံး သုံးရက်တွေ့နေရတယ် လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ပြောပါတယ်။

"မနက်ဆို စရခချုပ်ဆီကနေ တပ်ချုပ်ကသတင်းစုဆောင်းတယ်။ ပြီးရင် တပ်ချုပ်က သမ္မတဆီ ဆက်တင်ပြတယ်" လို့ သမ္မတရုံးနဲ့ စစ်ရုံးရဲ့ ဆက်သွယ်မှုကို ဘီဘီစီ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီအခြေအနေကြားကပဲ ရက် ၁၀၀ အတွင်းမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူလုပ်ချင်တဲ့ တပ်တွင်းအပြောင်းအလဲတချို့ကို လုပ်ခဲ့ပါတယ်။

အမှုတွဲ ၇၀၀

အာဇာနည်နေ့က ဦးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဌာနဆိုင်ရာတွေ။

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, အာဇာနည်နေ့က ဦးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး(၀ဲ)

တပ်ပိုင်းဆိုင်ရာ အရေးကြီး ကိစ္စတွေကို သမ္မတအိမ်တော်ကနေ ဦးမင်းအောင်လှိုင်က အဓိကချုပ်ကိုင်ထားဆဲဖြစ်ပေမယ့် နိစ္စဓူဝ ဆုံးဖြတ်ချက်တွေမှာတော့ ဝင်မပါနိုင်တော့ပါဘူး။

ဒီအခြေအနေမှာပဲ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူလုပ်ချင်းတဲ့အပြောင်းအလဲတွေကိုလုပ်ခဲ့တာပါ။

ဦးမင်းအောင်လှိုင်က တပ်ချုပ်အဖြစ် မြန်မာစစ်တပ်ကို ၁၅ နှစ်အထိ ဦးဆောင်ခဲ့ပြီး မရှင်းပေးခဲ့တဲ့အမှုတွဲ ၇၀၀ ကျော်အထိ ကျန်နေခဲ့တယ် လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

တပ်ချုပ်ရုံးက အဆုံးအဖြတ်ပေးရမယ့်အမှုတွေနဲ့ စစ်ဥပဒေချုပ်ရုံးက အဆုံးအဖြတ်ပေးရမယ့် အမှုတွေဖြစ်ပါတယ်။

ဒီအမှုတွေကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးက နှစ်လကျော်အတွင်းအပြီးရှင်းခဲ့တယ်လို့ သိရပါတယ်။

"အပြောင်းအလဲလုပ်တာမြန်တယ်။ သူ့ဆရာမျက်နှာကိုလည်းကြည့်နေရတယ်" အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

တပ်ချုပ်အသစ်ရဲ့ နေပြည်တော်ပြင်ပ တပ်စစ်ဆေးရေး ခရီးစဥ်တွေကိုလည်း မကွေးနဲ့ ကျိုင်းတုံလို အရင်တပ်ချုပ် အလေးထားတဲ့ တပ်နယ်တွေကို ပထမဆုံးသွားရောက်ခဲ့တာတွေ့ရပါတယ်။

တပ်ထဲက အလိမ်စာရင်းတွေ

ရှမ်းပြည်ခရီးစဥ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်ခရီးစဥ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာစစ်တပ်ရဲ့ တပ်အင်အားစာရင်းဟာ အကဲခတ်တွေကြားမှာ အမြဲအငြင်းပွားစရာတစ်ခုဖြစ်ခဲ့ပြီး တပ်အင်အား တစ်သိန်းကနေ လေးသိန်းအထိ ရှိတယ်လို့ အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်။

အဓိကအချက်တစ်ခုကတော့ တပ်ပြေးစာရင်းတွေကို ဖွဲ့စည်းပုံထဲမှာ အင်အားလိမ်လည်ပြီး အရှိပြထားလို့ ဖြစ်ပါတယ်။

အမြဲတမ်းစစ်သားအင်အားမှာ စာရင်းလိမ်တဲ့ပြဿနာက အမြစ်တွယ်နေပြီး တပ်ပြေးနဲ့သေဆုံးသူတွေရဲ့လစာတွေကို ထုတ်စားတဲ့အထိ ဖြစ်နေခဲ့တာပါ။

၂၀၂၄ မှာအသက်သွင်းတဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့ အင်အားစာရင်းကိုတော့ အမှန်စာရင်းနဲ့နီးအောင် ထိန်းထားနိုင်သေးတယ်လို့ သိရပြီး စုဆောင်းခံရသူ ၁ သိန်းကျော်အထိရှိလာပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကနေ တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဒီအချက်ကို အလေးထားပါတယ်။

"အင်အားလိမ်ထားတဲ့ ကိစ္စကို နှစ်လအတွင်း အပြီး ရှင်းခိုင်းထားတယ်။ လူစာရင်း အမှန်လိုချင်တယ်လို့အမိန့်ပေးထားတယ်" လို့ စစ်ရုံးနဲ့နီးစပ်တဲ့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပေးထားတဲ့အချိန်ပြည့်လို့ စစ်ဆေးတဲ့အခါ တပ်ပြေးလစာတွေ ဆက်ပြီး လိမ်ထုတ်နေတဲ့ တပ်ရင်းမှူးတွေကို အရေးယူမယ်လို့ ပြောထားကြောင်း သိရပါတယ်။

"သူ့ရဲ့ပြုပြင်ပြောင်းလဲရေးတွေကို တပ်အသိုင်းအဝိုင်းက သဘောကျပေမဲ့ သူ့စိတ်ကြိုက်လုပ်ဆောင်ခွင့်တော့မရသေးပါဘူး" လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ရာထူးတိုးပုံစံအပြောင်းအလဲ

တပ်ချုပ်နဲ့ ဒုချုပ်ကို သစ်ပင်စိုက်ပျိုးပွဲမှာတွေ့ရပြီး တခြားစစ်သည်တွေလည်းရှိနေပါတယ်။ အနောက်မှာတော့ ရှမ်းရိုးမတောင်တန်းတွေကို မြင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, တပ်ချုပ်နဲ့ ဒုချုပ်

မြန်မာစစ်တပ်ရဲ့ ရာထူးတိုးပုံစံက သင်တန်းတွေ၊ ကျောင်းတွေရဲ့ အမှတ်စာရင်းတွေအပေါ်မှာ မူတည်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) သင်တန်းဆင်းပြီးမှ ဗိုလ်မှူးချုပ် အဆင့်တိုးပေးတာ၊ စစ်ဦးစီးတက္ကသိုလ် (ဥစတ) သင်တန်းဆင်းမှ ဗိုလ်မှူးကြီးအဆင့်တိုးပေးတာစတဲ့ မူဝါဒတွေရှိခဲ့ပါတယ်။

အမှတ်ကောင်းရုံနဲ့မပြီးသေးဘဲ အထက်လူကြီးထောက်ခံချက်နဲ့ ပြစ်ချက်ကင်းရှင်းမှုလည်း လိုအပ်ပါတယ်။

ခြွင်းချက် ကြီးကြီးမားမားအဖြစ် စစ်မြေပြင်မှာ ထူးထူးကဲကဲစွမ်းဆောင်နိုင်သူ၊ ထူးထူးကဲကဲအောင်မြင်မှု ရသူတွေကိုတော့ ရာထူးအရင်တိုးမြှင့်ပေးပြီးမှ သက်ဆိုင်ရာ သင်တန်းတွေကို ပြန်တက်ခိုင်းပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာတော့ ခြွင်းချက်က မက်လုံးဖြစ်လာပါတယ်။

"စစ်နိုင်အောင်တိုက်၊ စစ်နိုင်ရင်ချက်ချင်းရာထူးတိုးပေးတယ်။ နောက်မှ အချိန်ရမှ သင်တန်း သွားတက်ခိုင်းပါတယ်" လို့ စစ်ရုံးက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အကျိုးဆက်အဖြစ် ထန်တလန်၊ တွန်းဇံ နဲ့ ဖလမ်းတို့လို စစ်တပ်က ပြန်သိမ်းပိုက်နိုင်တဲ့မြို့တချို့ရှိလာသလို ပြင်းထန်တဲ့ စစ်ရေးတိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။

တပ်ချုပ်သစ်ပြောင်းပြီးနောက်ပိုင်း နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တစ်ခုတည်းကို ဂျက်ဖိုက်တာ ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်တဲ့ ပုံစံ ပြောင်းလာတယ်လို့ အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) က ဇူလိုင်နောက်ဆုံးပတ်မှာ ထုတ်ပြန်ပါတယ်။

လေတပ်အခြေစိုက်စခန်းတစ်ခုအနီးမှာနေထိုင်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကလည်း ဒီအချက်ကို အတည်ပြုပြီး လေယာဥ်တွေဟာ အရင်ထက်ပိုတဲ့အစင်းရေနဲ့ အုပ်ဖွဲ့ ပျံသန်းပြီး အကြိမ်ရေလည်းပိုများလာတယ် လို့ ပြောပါတယ်။

စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေကတော့ ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်း၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေ ဖြစ်တယ်လို့ ACLED က ပြောပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ACLED က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံမှု

TIGER-2026 မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, TIGER-2026 မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ရုရှားကို အဓိကစစ်ရေးမိတ်ဖက်အဖြစ် ဆက်လက်ဆက်ဆံပြီး ရုရှားနဲ့ မြန်မာစစ်တပ်ကြားက အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ TIGER-2026 ကို နေပြည်တော်မှာ ဇူလိုင်လထဲမှာ လုပ်ခဲ့ပါတယ်။

ဒီလေ့ကျင့်မှုအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စမာကျား နေပြည်တော်ကိုရောက်လာပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့တွေ့ခဲ့သလို စစ်သံမှူးလည်းပါလာတာတွေ့ရပါတယ်။

နေပြည်တော်ဟာ အိန္ဒိယ စစ်တပ်နဲ့လည်းထိတွေ့ထားပြီး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မေလထဲမှာ နေပြည်တော်ကို ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လဆန်းတုန်းကလည်း ထိုင်းဘုရင့်တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။

တပ်ချုပ်အသစ်ဟာ မေလထဲမှာ လုပ်တဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) ကိုလည်း Video Conferencing ကနေ တက်ရောက်ခဲ့ပါတယ်။

အထိုင်မပြောင်းတဲ့ တပ်

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့

ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်စာရင်းက ရက် ၁၀၀ အတွင်းအပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့တချို့တော့ ရှိခဲ့ပါတယ်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်က အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကို ပူးတွဲယူလိုက်ပါတယ်။

အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ဖြစ်သွားပါတယ်။

ဧပြီလတုန်းက တပ်အင်္ဂါစဥ်မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ရဲ့နောက်ကို ရောက်သွားတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေ၊လေ) ရာထူးက တပ်ရဲ့ နံပါတ် ၃ နေရာကို ပြန်ရောက်လာပါတယ်။

ညှိကွပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဗိုလ်ချုပ်ကြီးဖြစ်လာသလို ကာကွယ်ရေးဦးစီးချုပ်(လေ)အသစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းလည်း ဗိုလ်ချုပ်ကြီးဖြစ်လာပါတယ်။

စစ်တိုင်း ၁၃ ခုမှာတော့ တစ်ဝက်နီးပါးက ဗိုလ်မှူးချုပ်တွေဖြစ်တာတွေ့ရသလို အရေးကြီးတဲ့စစ်တိုင်းတွေကို တာဝန်ယူထားတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် တင်မင်းလတ်ဖြစ်ပြီး မန္တလေးအခြေစိုက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်မှူးချုပ်အောင်ဌေးဖြစ်ပါတယ်။

ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ဖြစ်ပြီး စစ်တွေအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် ကျော်ဇောဖြစ်ပါတယ်။

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် ကျော်နိုင်ဦးဖြစ်ပြီး မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရဲ့ အနာဂတ်

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အခမ်းအနားတစ်ခုမှာတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးရဲဝင်းဦ;

ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ တပ်ချုပ်ဘဝအစက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်ချုပ်ဘဝအစကလောက် မသာယာပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်ကို စတင်တာဝန်ယူတဲ့ ၂၀၁၁ တုန်းက ပြည်တွင်းစစ်က ဒီလောက်မကြီးသလို တပ်အပေါ်ပြည်သူလူထုမြင်တဲ့အမြင်ကလည်း အခုလိုမဟုတ်ပါဘူး။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ ဦးမင်းအောင်လှိုင်ကို သစ္စာခံပြီး စစ်မျက်နှာစုံရှိနေတဲ့ ပြည်တွင်းစစ်ကို ရင်ဆိုင်ရမယ့် အခြေအနေဖြစ်ပါတယ်။

နေပြည်တော်မှာ ငြိမ်းချမ်းရေးလာဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ရက် ၁၀၀ အတွင်းမှာပေါ်လာပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေ ဆက်ရင်ဆိုင်ရဦးမှာပါ။

ဒါ့အပြင် တပ်ချုပ်အသစ်ရဲ့ သက်တမ်းနဲ့ပတ်သက်ပြီး စစ်ရုံးမှာ တိတိကျကျမပြောနိုင်ကြသေးပါဘူး။

တပ်ချုပ်သက်တမ်းဟာ အစိုးရသက်တမ်းနဲ့အတူတူပဲလား၊ အာဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောင်းလဲခဲ့သလို အကန့်အသတ်မဲ့လားဆိုတာကို အတိအကျမပြောနိုင်ကြသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တပ်ကို ၁၉ နှစ်ကြာတဲ့အထိ ဦးဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်ချုပ်နေရာမှာ ၁၅ နှစ် ကြာအောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ တပ်ချုပ်သက်တမ်းကအစပိုင်းပဲရှိသေးတာဖြစ်လို့ သူလည်းဘယ်လောက်ကြာကြာရှိနေမလဲဆိုတာတော့ ပြောဖို့စောနေပါသေးတယ်။