အမေရိကန် - ဆော်ဒီ နျူစာချုပ်မှာပါတဲ့သန့်စင်ယူရေနီယံဆိုတာဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
- ရေးသားသူ, လူဝီ ဘာရုချို
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဆော်ဒီ အာရေးဗျအနေနဲ့ ယူရေနီယံကို သူ့ နိုင်ငံအတွင်းမှာပဲ သန့်စင်ထုတ်လုပ်ဖို့ အခွင့်အရေးရှိလာနိုင်တဲ့ နျူကလီးယား သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ ဆော်ဒီ အာရေးဗျတို့ ထူးထူးခြားခြား လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနကတော့ ဒီသဘောတူညီချက်ဟာ "နျူကလီးယားကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ ရည်ရွယ်တဲ့ပူးပေါင်းဆောင်ရွက်မှု" ပြောပြီး ဆော်ဒီရဲ့နျူကလီးယားစွမ်းအင်အစီအစဉ်ထဲမှာ အမေရိကန်ကုမ္ပဏီတွေ ပိုမိုပါဝင်လုပ်ကိုင်ခွင့်ရရှိစေလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒီသဘောတူညီချက်အရ ဆော်ဒီ အာရေးဗျဟာ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်အစီအစဉ်တစ်ခုကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သဘောတူညီချက် အပြည့်အစုံကိုတော့ အများသိရှိနိုင်အောင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
တဖက်မှာလည်း သန့်စင် ယူရေနီယံကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ လောင်စာအဖြစ် အသုံးပြုနိုင်သလို နျူကလီးယား ဗုံး ထုတ်လုပ်ရာမှာလည်း သုံးနိုင်ပါတယ်။
လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့လို ဒေသမှာ နျူကလီးယားလက်နက် ပပျောက်ရေးလိုကိစ္စဟာ အခုသဘောတူညီချက်ကြောင့် အန္တရာယ်ရှိနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
တကယ်တော့ နျူကလီးယားကိစ္စဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ လပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ပဋိပက္ခမှာ အဓိကအကြောင်းရင်းတွေထဲက တစ်ခုလည်းဖြစ်နေတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့လိုကြောင်းပြောနေပြီး အဲဒါကပဲ အီရန်ကို တိုက်ခိုက်ရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောထားတာပါ။ ဒါပေမဲ့ အီရန်ဘက်ကတော့ သူတို့ဟာ နျူကလီးယားလက်နက် ပြုလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုထားပါတယ်။
ဆော်ဒီတွေ သန့်စင်ယူရေနီယံရဖို့ ခွင့်ပြုမှာလား
အမေရိကန်မီဒီယာတွေမှာ ဖော်ပြနေတဲ့သတင်းတွေ မှန်ကန်တယ်ဆိုရင် ဆော်ဒီအာရေးဗျနဲ့ ပြုလုပ်မယ့် နျူကလီးယားသဘောတူညီချက်ဟာ ရှားရှားပါးပါး ခြွင်းချက်တစ်ခု ဖြစ်လာမှာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်ဘက်ကတော့ ဒါကို ''ငြိမ်းချမ်းစွာအသုံးပြုဖို့ ရည်ရွယ်တဲ့နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု'' လို့ ပြောပြီး နိုင်ငံပေါင်း ၅၀ နီးပါးနဲ့ စာချုပ်ထားတယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
ဒီသဘောတူညီချက်တွေကြောင့် နျူကလီးယားလောင်စာ၊ ဓာတ်ပေါင်းဖိုတွေ၊ နည်းပညာတွေနဲ့ သုတေသန ပူးတွဲဆောင်ရွက်တာတွေကို လွှဲပြောင်းခွင့်နဲ့ ရယူခွင့် ရရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်အထိ အိန္ဒိယနဲ့ ဂျပန် နှစ်နိုင်ငံကိုပဲ ယူရေနီယံကို ကိုယ့်နိုင်ငံထဲမှာ ကိုယ်တိုင်သန့်စင်ခွင့် ရရှိထားပါတယ်။ ယူရေနီယံ သန့်စင်တဲ့လုပ်ငန်းစဉ်ဟာ နျူကလီးယားဓာတ်အားအတွက် လောင်စာထုတ်လုပ်ရာမှာ အရေးကြီးသလို နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာလည်း အသုံးဝင်တဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
တခြားနိုင်ငံတွေကတော့ နျူကလီးယားလောင်စာကို ပြည်ပကနေ တင်သွင်းရပြီး အသုံးပြုပြီးသား နျူကလီးယား လောင်စာကို ပြန်လည်ပြုပြင် ထုတ်ယူတာမျိုးလည်း မလုပ်ရပါဘူး။ အဲဒီနည်းလမ်းကနေ ပလူတိုနီယံနဲ့ ယူရေနီယံလို အသုံးပြုလို့ရသေးတဲ့ နျူကလီးယားပစ္စည်းတွေကို ပြန်ထုတ်ယူနိုင်ပါတယ်။
အဲဒီလိုကန့်သတ်ခံထားရတဲ့နိုင်ငံတွေထဲမှာ ဆော်ဒီ အာရေးဗျရဲ့အိမ်နီးချင်း ယူအေအီးလည်း ပါဝင်ပါတယ်။
အမေရိကန်အခြေစိုက် Defense Priorities(ကာကွယ်ရေးဦးစားပေး) သုတေသနအဖွဲ့က အရှေ့အလယ်ပိုင်းအစီအစဉ် ဒါရိုက်တာ ရို့စ်မေရီ ကလန်နစ်ကတော့ အမေရိကန်က ဆော်ဒီ အာရေးဗျကို ယူရေနီယံ သန့်စင်စက်ရုံတွေ တည်ဆောက်ခွင့်ပေးမယ်ဆိုရင် ဒါဟာ "အတော်လေး အံ့အားသင့်စရာကိစ္စ" ဖြစ်မယ်လို့ ပြောပါတယ်။
"အမေရိကန်က ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ တခြားတစ်နိုင်ငံကို သူတို့မြေပေါ်မှာ ကိုယ်တိုင် ယူရေနီယံ သန့်စင်နိုင်အောင် ကူညီပေးခဲ့ဖူးတာ မရှိခဲ့ဖူးဘူး" လို့ သူက ပြောပါတယ်။
"ဘာကြောင့်လဲဆိုရင် နိုင်ငံတစ်နိုင်ငံဟာ နျူကလီးယားလောင်စာကို ကိုယ်တိုင်ထုတ်လုပ် နိုင်သွားပြီဆိုရင် နျူကလီးယားလက်နက်ကိုလည်း ထုတ်နိုင်တဲ့အလားအလာ ရှိလာနိုင်လို့ပါပဲ" လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သန့်စင် ယူရေနီယံဆိုတာဘာလဲ
ယူရေနီယံဟာ ကမ္ဘာ့မြေလွှာအတွင်းမှာ သဘာဝအတိုင်း တွေ့ရတဲ့ဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။
ယူရေနီယံထဲမှာ U-238 နဲ့ U-235 ဆိုတဲ့ အိုက်ဆိုတုပ် နှစ်မျိုး ပါဝင်ပါတယ်။
သဘာဝ ယူရေနီယံ ၉၉ ရာခိုင်နှုန်းကျော်က U-238 ဖြစ်ပါတယ်။ အဲဒီအမျိုးအစားက သူ့ချည်းသက်သက် နျူကလီးယားဓာတ်တုံ့ပြန်မှု အလွယ်နဲ့မဖြစ်နိုင်ပါဘူး။
U-235 ကတော့ ၀.၇ ရာခိုင်နှုန်းလောက်ပဲ ရှိပေမဲ့ ခွဲထွက်ဖို့ လွယ်ကူပြီး အဲဒီလိုခွဲထွက်တဲ့အခါ မှာ စွမ်းအင်ကို ထုတ်လွှတ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို နျူကလီးယား ဖစ်ရှင်း လို့ ခေါ်ပါတယ်။
ယူရေနီယံကို အသုံးဝင်တဲ့အဆင့်ရောက်အောင် လုပ်ဖို့ဆိုရင် U-235 ရဲ့အချိုးအစားကို တိုးပေးရပါတယ်။ ဒီလုပ်ငန်းစဉ်ကို ယူရေနီယံသန့်စင်ခြင်းလို့ ခေါ်ပါတယ်။
ပထမဆုံး ယူရေနီယံကို ဓာတ်ငွေ့ပုံစံအဖြစ် ပြောင်းလဲရပါတယ်။ နောက် အဲဒီဓာတ်ငွေ့ကို စင်ထရီဖျုလို့ ခေါ်တဲ့စက်တွေထဲ ထည့်ပေးရပါတယ်။ အဲဒီစက်တွေက အလွန်မြန်တဲ့နှုန်းနဲ့ လည်ပတ်ပါတယ်။
စက်လည်နေချိန်မှာ အလေးချိန်ပိုများတဲ့ U-238 က အပြင်ဘက်ကို ရွှေ့သွားပြီး အလေးချိန်ပိုပေါ့တဲ့ U-235 ကတော့ အလယ်ပိုင်းနားမှာ တင်ကျန်ရစ်ပါတယ်။ ဒါကြောင့် ရှားပါးပေမဲ့ အသုံးဝင်တဲ့ U-235 ကို ပိုများတဲ့ U-238 ကနေ တဖြည်းဖြည်း ခွဲထုတ်နိုင်လာတာ ဖြစ်ပါတယ်။
အဲဒီလို U-235 ပမာဏ ပိုများလာတဲ့သန့်စင်ယူရေနီယံကိုတော့ စင်ထရီဖျု စက်ရဲ့ တစ်ဖက်အစွန်းကနေ ထုတ်ယူပါတယ်။

ဓာတ်ပေါင်းဖိုမှာသုံးတဲ့ ယူရေနီယံနဲ့ လက်နက်မှာသုံးတဲ့ယူရေနီယံ ဘာကွာခြားလဲ
ယူရေနီယံကို ဘယ်လောက်အထိ သန့်စင်ထားသလဲဆိုတာ မူတည်ပြီး အသုံးပြုနိုင်တဲ့နေရာတွေမှာလည်း ကွာခြားသွားပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုတဲ့ အနည်းငယ်သန့်စင်ထားတဲ့ ယူရေနီယံ ဆိုတာ U-235 ပါဝင်မှု ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါက ထိန်းချုပ်ထားတဲ့အဆင့်ကနေ ယူရေနီယံ ဆက်ပြီး ဓာတ်ပြုနေအောင် လုပ်ဖို့ လုံလောက်ပေမဲ့ နျူကလီးယားလက်နက်မှာ သုံးနိုင်မယ့်အဆင့်ရောက်ဖို့ ဆိုရင် သန့်စင်ရမယ့်အဆင့်ဆင့်ကို လုပ်ဖို့ ကျန်နေပါသေးတယ်။
အမြင့်ဆုံး သန့်စင်ထားတဲ့ယူရေနီယံလို့ ခေါ်တဲ့ U-235 ပါဝင်မှု ၂၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ယူရေနီယံကိုတော့ သုတေသန ဓာတ်ပေါင်းဖိုတွေမှာ အသုံးပြုနိုင်ပါတယ်။ နျူကလီးယားလက်နက်အတွက် အသုံးပြုတဲ့လက်နက်မှာ သုံးတဲ့အဆင့် ယူရေနီယံကတော့ U-235 ပါဝင်မှု ၉၀ ရာခိုင်နှုန်းနီးပါးအထိ သန့်စင်ထားပြီး ဖြစ်ပါတယ်။
ဒီအဆင့်အထိ သန့်စင်ထားလိုက်ရင် နျူကလီးယား ဓာတ်ပြုမှုဟာ ထိန်းမနိုင်တဲ့အဆင့်ကို အချိန်တိုအတွင်း ရောက်သွားနိုင်ပါတယ်။ အဲဒီလို ယူရေနီယံပမာဏ လုံလောက်သွားပြီဆိုရင် အက်တမ်တွေဟာ အမြန်နှုန်းနဲ့ ဆက်တိုက် ကွဲထွက်လာပြီး စက္ကန့်အပိုင်းအစအတွင်းမှာပဲ စွမ်းအင်တွေကို အမြောက်အများ ထုတ်လွှတ်ပါတယ်။
ဒါက ယူရေနီယံကို အရပ်ဘက်နဲ့ စစ်ဘက် အသုံးပြုမှုကြား အဓိက ကွာခြားချက်လည်း ဖြစ်ပါတယ်။
နျူကလီးယား ဓာတ်အားပေးစက်ရုံတွေမှာတော့ လောင်စာကို သန့်စင်မှုအဆင့် နည်းနည်းပဲ ထားပြီး ဓာတ်ပြုမှုကို နှေးအောင် ထိန်းချုပ်ထားပါတယ်။ စွမ်းအင်ကို လတွေ၊ နှစ်တွေကြာအောင် တဖြည်းဖြည်းနဲ့ ထုတ်ယူနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါပေမဲ့ ယူရေနီယံကို နျူကလီးယားဗုံးမှာ အသုံးပြုပုံကတော့ မတူပါဘူး။ စွမ်းအင်တွေ အများကြီးကို ချက်ချင်း ထုတ်လွှတ်အောင် ဓာတ်ပြုဖြစ်စဉ်ကို မထိန်းထားပါဘူး။

ဆော်ဒီတွေ နျူကလီးယားဗုံး ထုတ်နိုင်မှာလား
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက် ထုတ်ပြန်ချက်မှာတော့ ဒီနျူကလီးယား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အပြင် ဒါကို သတ်မှတ်ထားတဲ့ရည်ရွယ်ရင်းအတွက်ပဲ သုံး မသုံးဆိုတာကိုစောင့်ကြည့်မယ့်သဘောတူညီချက် တစ်ခုကိုလည်း လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
''ဒီသဘောတူညီချက် နှစ်ခုဟာ အမေရိကန်နဲ့ ဆော်ဒီကြား ဆယ်စုနှစ်ချီကြာအောင် ဒေါ်လာဘီလျံချီမယ့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ တရားဝင် အခြေတည်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေ စီးပွားရေးနဲ့ မဟာဗျူဟာရည်မှန်းချက်တွေကို အထောက်အကူဖြစ်စေမှာဖြစ်သလို နျူကလီးယားလက်နက် မပြန့်ပွားရေးလုပ်ငန်းစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်'' လို့ အမေရိကန် စွမ်းဝန်ကြီးဌာနက ပြောပါတယ်။
ဆော်ဒီအစိုးရဘက်ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး ''အခုသဘောတူညီချက်ဟာ နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတိုးချဲ့ပေးလိုက်တာဖြစ်ပါတယ်'' လို့ ပြောပါတယ်။
ဆော်ဒီမှာ အာဏာကို တကယ်လုပ်ဆုပ်လက်ကိုင် ယူထားတယ်လို့ဆိုနိုင်သူ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ဝါရှင်တန် ခရီးကြောင့်လည်း အခုသဘောတူညီချက်တွေ ရခဲ့တာလို့ ဆိုပါတယ်။
ဘင် ဆယ်လ်မန်ကတော့ ဆော်ဒီအာရေးဗျဟာ နျူကလီးယားလက်နက် ရှိအောင် လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပြီး စီဘီအက်စ်သတင်းဌာနနဲ့ ၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်တဲ့တွေ့ဆုံ မေးမြန်းခန်းမှာ ပြောထားပါတယ်။
ဒါပေမဲ့ "အီရန်သာ နျူကလီးယားဗုံး တည်ဆောက်နိုင်သွားခဲ့ရင်တော့ ဆော်ဒီ အာရေးဗျကလည်း အဲဒီလမ်းကို အမြန်ဆုံးလိုက်ရပါလိမ့်မယ်" လို့တော့ သူက အဲဒီမေးမြန်းခန်းမှာ ထည့်ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီဟာ အရပ်ဘက်သုံးတဲ့ နျူကလီးယားစွမ်းအင်အစီအစဉ်ကို ဖော်ဆောင်ဖို့ ၂၀၁၀ ခုနှစ်ကတည်းက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ ဆော်ဒီမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ရုံတောင် မရှိသေးပါဘူး။ ကမ္ဘာ့နျူကလီးယားစက်မှုလုပ်ငန်းကို ကိုယ်စားပြုတဲ့ ကမ္ဘာ့နျူကလီးယားအဖွဲ့ ရဲ့ အပြောအရဆိုရင်လည်း ဆော်ဒီအာရေးဗျမှာ နျူကလီးယားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင် စွမ်း မရှိသေးပါဘူး။
ဖာနန်ဒို ဒူတာတေးလည်း ပါဝင်ရေးသားပါတယ်။
















