အင်္ဂလန်ရဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှုကို ဟယ်ရီကိန်း ဘယ်လို အဆုံးသတ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အမ်လင် ဘက်ဂလီ
- ရာထူးတာဝန်, BBC Sport journalist
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင် ရရှိခဲ့ပြီးနောက် ဟယ်ရီကိန်းဟာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။ လန်ဒန်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းဟာ ဘလွန်းဒီအော်ဆုကို ရရှိတဲ့ ပဉ္စမမြောက် အင်္ဂလန်သားလည်း ဖြစ်ပါတယ်။ အရင်က စတန်လေ မက်သယူးစ် (၁၉၅၆)၊ ဘော်ဘီ ချာလ်တန် (၁၉၆၆) နဲ့ ကီဗင် ကီဂန် (၁၉၇၈၊ ၁၉၇၉) တို့ ရရှိခဲ့ကြပါတယ်။
ယူနိုက်တက်ကင်းဒမ်းနိုင်ငံသားတွေထဲမှာတော့ စကော့တလန်က ဒဲနစ် လော (၁၉၆၄) နဲ့ မြောက်အိုင်ယာလန်က ဂျော့ချ် ဘက်စ် (၁၉၆၈) တို့လည်း ဒီဆုကို ရရှိခဲ့ဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်အသင်းတိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဘာစီလိုနာနဲ့ စပိန်အသင်းတိုက်စစ်ကစားသမား လာမင်း ယာမယ်လ်က တတိယနေရာ ရရှိခဲ့ပါတယ်။
"လူအများကြီးက ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် ဒီလောက်အထိ ရောက်လာမယ်လို့ ထင်ခဲ့တာ မဟုတ်လောက်ပါဘူး" လို့ ကိန်းက ဒါဇန် အွန်လိုင်းအားကစားထုတ်လွှင့်မှု ကို ပြောပါတယ်။
"ကျွန်တော့်ကစားသမားဘဝအစပိုင်းမှာ အတက်အကျတွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ် ကစားသမားတချို့လို စူပါစတားဖြစ်လာမယ်လို့ လူတွေက မျှော်လင့်ထားတဲ့သူမျိုး ကျွန်တော် မဟုတ်ခဲ့ပါဘူး။
"အချိန်ယူပြီး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အကြိမ်များစွာမှာ ကိုယ့်စိတ်နဲ့ကိုယ် တိုက်ပွဲဝင်ခဲ့ရပြီး အဲဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ရပါတယ်။
"အဲဒီအတွေ့အကြုံတွေကြောင့် အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတောင် ကိုယ့်ခြေစွမ်းကို ဆက်လက်တိုးတက်အောင် လုပ်ဖို့ စိတ်ဓာတ်ကို ထိန်းထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။"
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ် တူချယ်က ကိန်း ဆုရရှိခဲ့တဲ့အတွက် "အလွန်ဝမ်းသာကြောင်း" ပြောခဲ့ပြီး သူ့ရဲ့အောင်မြင်မှုဟာ "ကြီးမားတဲ့ ဂုဏ်ယူစရာ" ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
မင်းသား ဝီလျံကလည်း စပါးအသင်းကစားသမားဟောင်း ကိန်းကို "ထူးချွန်တဲ့ အသင်းခေါင်းဆောင်" နဲ့ "ထူးခြားပြောင်မြောက်တဲ့ ကစားသမား" လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကိန်းဟာ ကလပ်အသင်းအတွက် ၅၁ ပွဲကစားပြီး ၆၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်မြူးနစ်ကစားသမားတစ်ဦးအနေနဲ့ တစ်ရာသီအတွင်း သွင်းယူဖူးသမျှ ဂိုးအများဆုံး စံချိန်လည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် ကစားခဲ့တဲ့ပွဲတွေပါ ထည့်တွက်ရင် ၆၅ ပွဲမှာ ၇၃ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၈ ကြိမ်လည်း ပြုလုပ်ခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ကစားတဲ့သူတွေထဲမှာ တစ်ရာသီအတွင်း ဟယ်ရီကိန်းထက် ဂိုးပိုသွင်းနိုင်ခဲ့ဖူးသူက လီယွန်နယ်မက်ဆီတစ်ဦးသာရှိပြီး မက်ဆီဟာ ၂၀၁၁-၂၀၁၂ ရာသီက ဘာစီလိုနာအသင်းအတွက် ၇၃ ဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ ကိန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုဖလားတွေထဲက တစ်ခုကိုမှ မရရှိခဲ့ဘဲ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲဒီရာသီမှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ထူးခြားတာက ကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘလွန်းဒီအော်ဆုကို ရရှိတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာပါတယ်။ အရင်ဆုံးရရှိခဲ့သူ ကားလ် ဟိန့်ဇ် ရူမင်နစ်ဂေးက ၁၉၈၁ ခုနှစ်မှာ ဒီဆုကို ရရှိခဲ့တာပါ။
ဟယ်ရီကိန်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ တနင်္လာနေ့ ညက ဝင်ဘလေကွင်းရဲ့ ခုံးပုံစံတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတွေကို ရွှေရောင်မီးတွေနဲ့ ထွန်းညှိခဲ့ပါတယ်။
ကိန်း ဘာကြောင့် ဒီဆုကို ရရှိခဲ့တာလဲ၊ အဓိကဆုဖလားတွေ မရရှိခဲ့ဘဲ ဘလွန်းဒီအော်ဆုကို ရရှိတာ ဘယ်လောက်ထူးခြားသလဲဆိုတာကို BBC Sport က ခြေရာကောက်ထားပါတယ်။
စံချိန်သစ်တွေ တင်ခဲ့တဲ့ ဟယ်ရီကိန်းရဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီ
ဆုဖလားအရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဂျာမန်ပြည်တွင်း ဆုဖလားနှစ်လုံးကိုသာ ဆွတ်ခူးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီဆုဖလားနှစ်လုံးကြောင့် သူ့ကစားသမားဘဝတစ်လျှောက် ရရှိထားတဲ့ ဆုဖလားအရေ အတွက်ဟာ နှစ်ဆကျော် တိုးလာခဲ့ပါတယ်။ အဲဒီမတိုင်ခင်ရာသီကလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရရှိခဲ့တာပါ။
တစ်ဦးချင်းစွမ်းဆောင်ရည်အရတော့ ဘလွန်းဒီအော်ဆုမှာ အရင်က အမြင့်ဆုံးအဖြစ် အဆင့် ၁၀ သာ ရရှိဖူးတဲ့ ကိန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဘယ်သူနဲ့မှ မယှဉ်နိုင်လောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၆၁ ဂိုး သွင်းယူခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ကစားတဲ့ တခြားကစားသမားအားလုံးထက် ၁၉ ဂိုး ပိုများခဲ့ပါတယ်။
တကယ်တော့ ဒီပမာဏဟာ ရီးရဲလ်မက်ဒရစ်အတွက် ခရစ္စတီယာနို ရော်နယ်ဒိုက လွန်ခဲ့တဲ့ ၁၁ နှစ်က ၆၁ ဂိုး သွင်းယူခဲ့ပြီးနောက်ပိုင်း တစ်ရာသီအတွင်း ကစားသမားတစ်ဦး သွင်းယူနိုင်ခဲ့တဲ့ ဂိုးအများဆုံးလည်း ဖြစ်ပါတယ်။
ကိန်းဟာ ဘွန်ဒက်စ်လီဂါမှာ ၃၆ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းသူထက် ၁၇ ဂိုးအသာရခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အတွက် ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။
ဂျာမန်ဖလားပြိုင်ပွဲမှာတော့ ၁၀ ဂိုး သွင်းယူခဲ့ပြီး ဗိုလ်လုပွဲမှာ စတုဂတ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပါတယ်။ ဂျာမန်စူပါဖလားမှာလည်း တစ်ဂိုး သွင်းယူခဲ့ပါတယ်။
ဂါ့ဒ် မူလာ၊ ရူမင်နစ်ဂေးနဲ့ မကြာသေးခင်ကာလက ရောဘတ် လီဝန်ဒေါစကီးတို့လို နာမည်ကျော် ဂိုးသွင်းရှင်တွေ ရှိခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်ရာသီအတွင်း ဒီလောက်များတဲ့ ဂိုးအရေအတွက်ကို ဘယ်ကစားသမားမှ သွင်းယူနိုင်ခဲ့ဖူးခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ရာသီက အင်္ဂလန်အသင်းအတွက် ကိန်း သွင်းယူခဲ့တဲ့ ၁၂ ဂိုး၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ ၆ ဂိုးအပါအဝင်၊ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၇၃ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သူက တစ်ဦးသာ ရှိပါတယ်။ အဲဒါကတော့ ၂၀၁၁-၁၂ ရာသီမှာ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းအတွက် စုစုပေါင်း ၈၂ ဂိုး သွင်းယူခဲ့တဲ့ လီယွန်နယ် မက်ဆီ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂါ့ဒ် မူလာက ၁၉၇၂-၇၃ ရာသီမှာ ၇၂ ဂိုး၊ ခရစ္စတီယာနို ရော်နယ်ဒိုက ၂၀၁၁-၁၂ နဲ့ ၂၀၁၄-၁၅ ရာသီတွေမှာ ၆၆ ဂိုးစီ၊ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက ၁၉၉၆-၉၇ ရာသီမှာ ၆၆ ဂိုး၊ အာလင်း ဟာလန်းက ၂၀၂၂-၂၃ ရာသီမှာ ၆၄ ဂိုးနဲ့ လူးဝစ် ဆွာရက်ဇ်က ၂၀၁၅-၁၆ ရာသီမှာ ၆၄ ဂိုး သွင်းယူခဲ့ကြပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန် ရှီးယားရာက မကြာသေးခင်က BBC Sport ကို ပြောတာကတော့ "ဘလွန်းဒီအော်ဆုကို ရသင့်တဲ့သူက ဟယ်ရီကိန်းပါ''
"ပြီးခဲ့တဲ့ ၁၂ လကနေ ၁၈ လအတွင်း ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းပါပဲ။ အဲဒီအတွက်ကြောင့် ဒီဆုကို သူရသင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဒန်နီ မာဖီကလည်း "သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က အဆက်မပြတ် ထူးချွန်နေပါတယ်။ သူ့ကစားသမားဘဝမှာ အကောင်းဆုံးရာသီတွေထဲက တစ်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီဆုဖလားကို ရရှိခဲ့ရင် သူ့အတွက် အလွန်ထိုက်တန်တဲ့ ဆုလာဘ်တစ်ခု ဖြစ်မှာပါ။
"ဘိုင်ယန်မြူးနစ်ကို ရောက်လာကတည်းက သူဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းနဲ့လည်း အံဝင်ခွင်ကျဖြစ်အောင် လိုက်လျောညီထွေ နေနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်"လို့ ပြောပါတယ်။
အဓိကဆုဖလားကြီးတွေ မရဘဲ ဘလွန်းဒီအော်ဆု ရဖို့ ဘယ်လောက်ဖြစ်နိုင်လဲ
ဘလွန်းဒီအော်ဆုကို ၁၉၅၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ချိန်ကနေ ၁၉၉၅ ခုနှစ်အထိ ဥရောပကစားသမားတွေကိုသာ ပေးအပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းက ကစားသမားအားလုံးကို ဆုအတွက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့ ခုနစ်ကြိမ်အနက် လေးကြိမ်မှာ ဘလွန်းဒီအော်ဆုကို ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားတစ်ဦးက ရရှိခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တာကြောင့် ၂၀၂၃ ခုနှစ်မှာ ဆုရခဲ့တဲ့ မက်ဆီလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။
ဒါပေမဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားတစ်ဦးက ဘလွန်းဒီအော်ဆုရခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲဒီကာလအတွင်း မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူကာ မိုဒရစ်တို့ဟာ ဆုရရှိခဲ့ကြပေမဲ့ ဆုရတဲ့နှစ်မှာ ကမ္ဘာ့ဖလားကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။
လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ဘလွန်းဒီအော်ဆုကို ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ် ဒါမှမဟုတ် ဥရောပချန်ပီယံရှစ်/ကိုပါအမေရိကဖလား တစ်ခုခုကို ဆွတ်ခူးထားတဲ့ ကစားသမားမဟုတ်သူက ရရှိခဲ့တာ အခုဆိုရင် ငါးကြိမ်မြောက်သာ ရှိပါသေးတယ်။ ဟယ်ရီကိန်းဟာ မက်ဆီ (သုံးကြိမ်) နဲ့ ရော်နယ်ဒိုတို့နဲ့အတူ အဲဒီစာရင်းမှာ ပါဝင်လာပါတယ်။
စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ လာမင်း ယာမယ်လ်ဟာလည်း ဆုရဖို့ ရေပန်းစားသူတွေထဲက တစ်ဦးဖြစ်ခဲ့ပေမဲ့ ဟယ်ရီကိန်းကို ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းက ပီအက်စ်ဂျီနဲ့ ပြင်သစ်ကစားသမား အူစမန် ဒမ်ဘီလီကို ဘလွန်းဒီအော်ဆု ရရှိစေဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။
ဟယ်ရီကိန်း ဘလွန်းဒီအော်ဆုကို နှစ်နှစ်ဆက်တိုက် ရနိုင်မလား
ဟယ်ရီကိန်းဟာ ဘလွန်းဒီအော်ဆုကို အခုမှ ဆွတ်ခူးထားတာဖြစ်ပေမဲ့ လာမယ့်နှစ်မှာလည်း ဒီဆုကို ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို တချို့က စတင်စဉ်းစားနေကြပါပြီ။
ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမဆုံး ၁၂ ပွဲ ကစားရာမှာ ကိန်းက ၁၀ ဂိုး သွင်းယူထားပါတယ်။
အင်္ဂလန်အသင်းအတွက် နေးရှင်းလိဂ် လေးပွဲမှာ သွင်းယူခဲ့တဲ့ ခြောက်ဂိုးကိုပါ ထည့်တွက်ရင် အခုအချိန်အထိ ၁၆ ပွဲမှာ ၁၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိသေးပါဘူး။
ဘိုင်ယန်မြူးနစ်သာ ပြည်တွင်းလိဂ်၊ ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားသုံးလုံးစလုံးကို ဆွတ်ခူးနိုင်ပြီး ကိန်းကလည်း တစ်ပွဲတစ်ဂိုးနှုန်းလောက် ဆက်သွင်းနိုင်မယ်ဆိုရင် ဘလွန်းဒီအော်ဆုအတွက် သူ့ကို ကျော်ပြီး စဉ်းစားဖို့ ခက်ခဲပါလိမ့်မယ်။
အထူးသဖြင့် လာမယ့်ရာသီမှာ ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံရှစ်နဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေ မရှိတာကြောင့် ဖြစ်ပါတယ်။
မက်ဆီနဲ့ ရော်နယ်ဒိုတို့ကလွဲရင် ဘလွန်းဒီအော်ဆုကို နှစ်နှစ်ဆက်တိုက် နောက်ဆုံးရရှိခဲ့သူက မာကို ဗန်ဘတ်စတန်ဖြစ်ပြီး ၁၉၈၈ နဲ့ ၁၉၈၉ ခုနှစ်တွေမှာ ရရှိခဲ့တာပါ။
ဒါပေမဲ့ လာမင်း ယာမယ်လ်ကလည်း နှစ်နှစ်ဆက်တိုက် ဒုတိယနေရာမှာသာ ရပ်တည်ခဲ့ရပြီးနောက် တတိယအကြိမ်မှာတော့ ဆုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။
သူဟာ ဒီရာသီအစမှာလည်း ခြေစွမ်းအလွန်ကောင်းနေပြီး ဘာစီလိုနာအသင်းအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ် ၁၃ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၁၀ ကြိမ်လည်း ပြုလုပ်ထားပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး အဲဒီအချက်က နောက်ဆုံးမှာ ဆုရရှိသူကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့အချက် ဖြစ်လာနိုင်ပါတယ်။
ယာမယ်လ်သာ လာမယ့်နှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့မယ်ဆိုရင် အသက် ၂၀ အရွယ်နဲ့ ဒီဆုကို ရရှိတဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာမှာပါ။
ရီးရဲလ်မက်ဒရစ်အသင်းက ကီလီယန် အမ်ဘာပေကလည်း သူ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဘလွန်းဒီအော်ဆုကို ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။ သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၁၄ ဂိုး သွင်းယူထားပါတယ်။
လက်ရှိအချိန်အထိ ဘလွန်းဒီအော်ဆုရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားကတော့ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ အသက် ၂၁ နှစ်နဲ့ ဆုရရှိခဲ့တာပါ။
ဘလွန်းဒီအော်ဆုရရှိဖူးတဲ့ ကစားသမား မရှိသေးတဲ့ အာဆင်နယ်အသင်းနဲ့ ပဲရစ်စိန့်ဂျာမိန်း (PSG) အသင်းတို့ဟာလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတဲ့ အခြားအသင်းတွေ ဖြစ်ပါတယ်။


























