နှစ်ကြိမ် ဆေးထိုး စီရင်ပေမဲ့ အသက်ရှင်နေတဲ့ သေဒဏ်ကျ အမေရိကန် အကျဉ်းသူ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

အမေရိကန် နိုင်ငံ တင်နက်ဆီ ပြည်နယ်မှာ ကြိုးတိုက်ထဲက အကျဉ်းသူ ခရစ်တာ ပိုက်ခ် ဟာ သေဆေး ၂ ကြိမ်ထိုးပြီး စီရင်ခံခဲ့ရပေမဲ့ သေဒဏ် စီရင်မှု မအောင်မြင်တဲ့အတွက် အခု သူ့ကို ဆေးရုံကို ခေါ်သွားကြပြီလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

အခုအချိန်မှာ အသက် ၅၀ နှစ် ရှိပြီဖြစ်တဲ့ မစ္စ ပိုက်ခ်ကို "အသက်ကယ်ဖို့ ကုသမှုတွေကို ပေးနေကြတယ်" လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ရှေ့နေတွေရဲ့ အဆိုအရ သူဟာ လူသေစေတဲ့ ပန်တို ဘာဘီတယ် ဆေးကို ၂ ကြိမ် ထိုးပေးပြီး သေဒဏ် စီရင်ခံ ခဲ့ရကြောင်း သိရပါတယ်။

ပိုက်ခ်ဟာ ၁၉ နှစ်အရွယ် အမျိုးသမီး ကောလင်း ဆလမ်မာကို သတ်ဖြတ်မှုနဲ့ ၁၉၉၆ ခုနှစ် ကတည်းက သေဒဏ် အပြစ်ပေးခံရတာပါ။

သူ့ကို သေဒဏ်အပြစ်ကနေ ကင်းလွတ်စေဖို့ ဥပဒေကြောင်းအရ နှစ်လရှည်စွာ တရားရင်ဆိုင်ခဲ့ကြပြီးတဲ့နောက် နောက်ဆုံးမှာ သူ့ကို အမေရိကန် တရားရုံးချုပ်က သေဒဏ် စီရင်ချက်ကို အတည်ပြုခဲ့ပြီး မနေ့ စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီ လောက်က စီရင်ကြရာမှာ အခုလို အဖြစ် ဖြစ်ခဲ့တာပါ။

"မစ္စ ပိုက်ခ်ဟာ သတိမေ့နေတယ်၊ ဒါပေမဲ့ နှလုံးခုန်နေဆဲပဲ၊ သူ့ရဲ့ အိပ်ပျော်တုန်း ဟောက်နေတဲ့ အသံကိုလည်း ကြားနေရတယ်" လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

အမေရိကန် သေဒဏ် စီရင်မှုတွေမှာ စီရင်တဲ့ အခန်းထဲအထိ သတင်းထောက်တွေ၊ ရှေ့နေတွေနဲ့ ထိခိုက်ခံရတဲ့ဘက်က မိသားစုဝင်တွေ၊ အခြား ပြည်သူတွေကို ဝင်ခွင့်ပေးပြီး စီရင်မှုကို သက်သေအဖြစ် စောင့်ကြည့်ခွင့်ပေးထားပါတယ်။

စီရင်မှုကို သက်သေအဖြစ် စောင့်ကြည့်ခဲ့တဲ့ သတင်းထောက် ဂျွန်နော့တ်က "အကာအရံ ရဲ့နောက်မှာ သူ့ရဲ့ အသက်ရှူသံကို ကြားရတယ်၊ ပုံမှန် မှန်မှန် အသက်ရှူသံပဲ၊ နောက်တော့ ခက်ခက်ခဲခဲ ရှူရတာကို ကြားရတယ်၊ ဒါပေမဲ့ အိပ်ပျော်ပြီး ဟောက်နေတဲ့ အသံလည်းထွက်လာပါတယ်" လို့ သူက ပြန်ပြောပြပြီး ဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တန်နက်ဆီ အာဏာပိုင်တွေရဲ့ ရှင်းပြချက်တွေ ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီ သေဒဏ် စီရင်မှုကို တင်နက်ဆီ ပြည်နယ် နက်ရှ်ဗေးက ရေဗာဘန်း လုံခြုံရေး အမြင့်ဆုံး ထောင်ဝင်း ထဲမှာ ပြုလုပ်ခဲ့ကြတာပါ။

တင်နက်ဆီပြည်နယ်မှာ သေဒဏ် စီရင်မှု လုပ်ထုံးလုပ်နည်းအရ ပထမအကြိမ် ထိုးဆေး ပေးစဉ်မှာ သေဒဏ်ကျသူက မသေသေးပဲ ရှိနေရင် ဒုတိယ အကြိမ် ဆေးကို ထိုးရပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ပေးပြီးတဲ့နောက်မှာ မသေသေးရင် ဘာဆက်လုပ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းက မရှိဘူးလို့ အေပီ သတင်းဌာနက ရေးပါတယ်။

တင်နက်ဆီ ပြုပြင်ရေး ဌာနက ပြောခွင့်ရ ဒိုရင်ဒါ ကာတာက သူတို့ ဌာနအနေနဲ့ "ရှေ့နေချုပ်ရဲ့ အတည်ပြုချက်ကို ရယူထားတဲ့ ပြည်နယ်ရဲ့ စီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဆောင်ခဲ့တယ်" လို့ တင်နက်ဆီပြည်သားများ သတင်းစာကို ပြောပါတယ်။

ဒီအမှု ဖြစ်တဲ့အချိန် ၁၉၉၅ မှာ ခရစ်တာ ပိုက်ခ်က ၁၈ နှစ် ဖြစ်ပြီး အဲဒီအချိန်က သူ့ရဲ့ ရည်းစား တာဒါရိုင် ရှစ်ပ်နဲ့ သူဟာ အသက် ၁၉ နှစ်အရွယ် ဆလမ်မာကို နှိပ်စက် ရိုက်နှက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။

သူတို့ ၃ ယောက်လုံး ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြပြီး အလုပ်အတွက် စခန်းသွင်းပြီး ပေးတဲ့ သင်တန်းတခုကို တက်ရောက်နေကြသူတွေပါ။

ဒီ လူသတ်မှု မဖြစ်ခင်မှာ ပိုက်ခ်က ဆလမ်မာဟာ သူ့ကို စော်ကားခဲ့တယ်၊ သူ့ရဲ့ရည်းစားကို လုခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ဖူးပါတယ်။

အဲဒီ အချိန်က စခန်းထဲမှာ ရှိခဲ့ကြသူ ၂ ယောက်ကလည်း ပိုက်ခ်က သူ ဆလမ်မာကို သတ်မယ်ဆိုတာကို လူသတ်မှု မဖြစ်ခင်ကလည်း ပြောနေခဲ့သလို သတ်ပြီးနောက်မှာလည်း သတ်လိုက်ကြောင်း ခပ်ကြွားကြွားပြောခဲ့ကြောင်း၊ ကောလင်းရဲ့ ဦးခေါင်းခွံ အပိုင်းအစ တခုကို သူတို့ကို ပြခဲ့ကြောင်း စသဖြင့် တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။

ဒီ တင်နက်ဆီပြည်နယ်၊ နော့စ်ဗေးလ်က လူသတ်မှုအကြောင်း စသိကြလို့ သတင်းတွေ ရေးကြချိန်မှာ ကောလင်းရဲ့ ရင်ပတ်ကြားမှာ ဇောက်ထိုး ငါးထောင့်ကြယ် (ငါးထောင့် ကြယ်ပုံ ဖြစ်ပြီး ထောင့်စွန်း ၂ခုက အပေါ်ဘက်နဲ့ ထောင့်စွန်းတခုက အောက်ဘက်မှာ ရှိပါတယ်၊ ဆာတန် မာရ်နတ် အဖွဲ့တွေ -Satanic Groups နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ အမှတ်အသား) တခုကို ထားထားခဲ့တာကို တွေ့တယ်လို့ ရေးကြတဲ့အတွက် ပိုပြီး အများပြောစရာ စိတ်ဝင်စားကြတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ပိုက်ခ်ကတော့ အဲဒါ သူလုပ်တာ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

ဆလမ်မာရဲ့ မိခင် မေ မာတီနက်ဇ်က ဒီ သေဒဏ် စီရင်မှုကို ဖြစ်မြောက်စေချင်သူတွေထဲက တယောက်ဖြစ်ပြီး အခု အဖြစ်အပျက်ကို "အကုန် ကမောက်ကမနဲ့ပါ" လို့ အန်ဘီစီ သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သူဟာ ဒီ စီရင်မယ့်နေ့ကို ရောက်ဖို့အတွက် သူ့အနေနဲ့ ဆယ်စုနှစ် များစွာ စောင့်ခဲ့ရကြောင်း မီဒီယာတွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ပိုက်ခ်ရဲ့ ရှေ့နေတွေက စီရင်မှု အခုလို ဖြစ်ပွားခဲ့တဲ့ အခါမှာ စီရင်မှုကို ရပ်ဆိုင်းဖို့ အရေးပေါ်အဆိုတင်သွင်းခဲ့ပါတယ်။

နောက်သူတို့က "မစ္စပိုက်ခ်က အရင်တုန်းက ပြောခဲ့တဲ့ စိုးရိမ်စရာတွေ အတိုင်းဖြစ်လာတာဖြစ်တယ်၊ သွေးပြန်ကြောတွေက ရှာရခက်တယ်၊ ပန်တို ဘာဘီတယ်တွေက အဆင့်မမီဘူး၊ တခုခု မှားယွင်းသွားရင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အစီအမံက မရှိဘူးလို့ သူက ပြောခဲ့တယ်" လို့ ဆိုပါတယ်။

သူ့ဘက်က ကာကွယ်ကြတဲ့ ရှေ့နေတွေက ဒီအမှုကို စီရင်ဆုံးဖြတ်စဉ် ၁၉၉၆ က တရားရုံးဟာ ဒီ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မစ္စပိုက်ခ်ဟာ ကလေးဘဝမှာ လိင်ပိုင်း စော်ကားကျူးလွန်မှု ခံခဲ့ရသူ ဆိုတဲ့ အထောက်အထား အချက်အလက် ကို ထည့်သွင်း စဉ်းစားပြီး ပြစ်ဒဏ်ကို လျော့ပေါ့ပေးနိုင်တဲ့ အခွင့်အရေးကို မရှိခဲ့ဘူးလို့ တရားရုံးချုပ်မှာ ထောက်ပြ ထုချေပြီး တရားခံကို သေဒဏ် ကနေ လျှော့ပေါ့အောင် တင်ပြခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ တရားခံ ကလေးဘဝက လိင်ပိုင်း ကျူးလွန်ခံရတယ်ဆိုတာဟာ လိမ်လည်တာသာ ဖြစ်တယ်လို့ တန်နက်ဆီ ပြည်နယ်ဘက်က ပြန်လည် ချေပခဲ့ကြောင်း သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။