ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာရှအားကစားပွဲ MLBB ပြိုင်ပွဲမှာ မြန်မာအသင်းရွှေဆုရ

ဂျပန်မှာ ကျင်းပတဲ့အာရှ အားကစားပြိုင်ပွဲ Esports ပြိုင်ပွဲရဲ့ MLBB ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း(Team Zanaka)က အင်ဒိုအသင်းကို ပွဲပြတ်နိုင်ပြီး ရွှေဆုရရှိတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး မြန်မာနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ မလေးရှား၀န်ကြီးချုပ် ပြောပြီးနောက်ပိုင်းမှာပဲ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မကြာခင်မှာ မလေးရှားကို သွားဖို့ရှိနေပါတယ်
  • တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG တို့ စုဖွဲ့ထားတဲ့ SCEF ဟာ အဖွဲ့ရဲ့ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှာမယ်လို့ ပြောလာပါတယ်
  • ရခိုင်က အေအေထိန်းချုပ် မြို့နယ် ၃ ခုကို စစ်တပ် ဗုံးထပ်ကြဲလို့ ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
  • အာရှ အားကစားပြိုင်ပွဲ Esports Moblie Legends (MLBB) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနက အသင်း(Team Zanaka)က မလေးရှားကို ၄ ပွဲ အပြတ်နိုင်ပြီး ရွှေတံဆိပ်ဆွတ်ခူး
  • SCEF ရဲ့ ကိုယ်စား လှယ်အဖွဲ့ သြစတြေးလျနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံ
  • လုပ်သားတွေ လစာငွေ ၂၅ ရာခိုင်နှုန်း ပြည်တွင်းထဲ လွှဲအောင် မလုပ်နိုင်လို့ဆိုပြီး အေဂျင်စီ ၁၀၀ ကျော်ကို နေပြည်တော် လုပ်သားစေလွှတ်ခွင့် ဆိုင်းငံ့၊ အေဂျင်စီ ၁၀ ခုကို လိုင်စင် ၆ လပိတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဒူဘိုင်း -တဲလ်အဗီပျံတဲ့လေယာဉ်က ပိုင်းလော့ကိုဓားနဲ့ထိုးသူအကြောင်း အစ္စရေး၀န်ကြီးချုပ်ဘာပြောလဲ

    အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗီမြို့ကို ပျံသန်းလာတဲ့လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးက အခြားလေယာဉ်မှူးတစ်ဦးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်းရင်းကို ပြောဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်။

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်အတွင်း ဖလိုင်းဒူဘိုင်း (Flydubai)လေယာဉ်ဟာ ခရီးစဉ်စတင်ပြီး နှစ်နာရီအကြာမှာ ပေ ၁၇,၀၀၀ ကျော် (၅,၂၀၀ မီတာ) အထိ ရုတ်တရက် ထိုးဆင်းခဲ့ပါတယ်။

    ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေက တိုက်ခိုက်သူကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့ပြီး လေယာဉ်ကို ပြန်လည်ထိန်းချုပ်ကာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

    ဓားနဲ့ အထိုးခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား လေယာဉ်မှူး ကက်ပတိန် ဆမစ် မက်ချ်ချာဟာ လက်ရှိ ဆေးရုံတက်ရောက်ကုသနေပြီး စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ကို "သူရဲကောင်းစစ်စစ်" လို့ ချီးကျူးပြောဆိုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  3. ရုပ်သံ - အစ္စရေးကိုအသွား လမ်းကြောင်းပြောင်းပြီးဆင်းခဲ့ရတဲ့လေယာဥ်ပေါ်က ခရီးသည်က အကူအညီတောင်း

    FlyDubai လေယာဥ်နဲ့ ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တယ်လ်အဗီးကို ပျံလာတဲ့ လေယာဥ်ပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လမ်းကြောင်းပြောင်းပြီး ဆော်ဒီအာရေဗျမှာဆင်းဖို့ ဖြစ်လာချိန် ခရီးသည်တစ်ယောက်က လေယာဥ်ပေါ်ကနေ အကူအညီတောင်းနေတာပါ။

    ပိုင်းလော့တစ်ယောက်က နောက်တစ်ယောက်ကို ဓားနဲ့ထိုးပြီး လေယာဥ်ကို ထိုးဆင်းဖျက်ချဖို့ ကြိုးစားခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နက်တာညာဟူးက ပြောပါတယ်။

    လေယာဥ်ဟာ နှစ်မိနစ်အတွင်း မီတာ ၅၀၀၀ ကျော်ထိုးဆင်းသွားခဲ့ပါတယ်။ အခုတော့ ဓားတဲ့ထိုးဖို့ကြိုးစားတဲ့ လေယာဥ်မှူးကို ဖမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ရုပ်သံမှာ ဆက်လက်ကြည့်ရှုပါ။

  4. စစ်တိုင်းအပြောင်းအလဲတွေက ပြတဲ့ မြန်မာပြည်တွင်းစစ်

    တိုင်းစစ်ဌာနချုပ်တွေဆိုတာ စစ်ရုံးနဲ့ မြေပြင်တိုက်ခိုက်ရေးတပ်တွေကို အဓိက ချိတ်ဆက်ပေးရတဲ့ အရေးကြီးတဲ့ စစ်စခန်းကြီးတွေပါ။

    နိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ရုံးချုပ်တစ်ခုတည်းကနေ တိုက်ရိုက်စီမံဖို့ မဖြစ်နိုင်တာကြောင့် တိုင်းစစ်ဌာနချုပ်အလိုက် တာဝန်ယူရပြီး မြန်မာတစ်နိုင်ငံလုံးမှာ ၁၄ ခု ရှိပါတယ်။

    ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားကြတာပါ။

    ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်သုံးခုကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  5. အမေရိကန်မှာ ရဲသေနတ်ကို လုယူမှုစွပ်စွဲချက်နဲ့ မြန်မာတစ်ဦး အဖမ်းခံရ

    အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ထဲက အယ်လန်ကောင်တီ၊ ဖို့တ်ဝိန်းမြို့မှာ မမျိုးမျိုးလှိုင်ဆိုသူ မြန်မာအမျိုးသမီးတစ်ဦးဟာ ရဲလက်ထဲက သေနတ်လုယူမှုအပါအဝင် စွပ်စွဲချက် ၂ ခုနဲ့ မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းဆီကနေ သိရပါတယ်။

    သူ စွပ်စွဲခံရတဲ့နောက်တစ်မှုကတော့ ရဲဝန်ထမ်းရဲ့ စစ်ဆေးဖမ်းဆီးမှုကို ကိုယ်ထိလက်ရောက် အားသုံးခုခံမှု ဖြစ်ပါတယ်။

    သေနတ်လုယူမှုစွပ်စွဲချက်အတွက် အင်ဒီယားနားပြည်နယ်ဥပဒေအရ အဆင့် ၅ ရှိတဲ့ ရာဇဝတ်မှုမြောက်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိလည်း ဒဏ်ရိုက်ခံရနိုင်ပါတယ်

    ကိုယ်ထိလက်ရောက်ခုခံတဲ့အမှုကလည်း သေနတ်လုယူမှုနဲ့ပါ ချိတ်ဆက်နေတာကြောင့် ပြင်းထန်တဲ့အခြေအနေအဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ အင်ဒီယားနားမှာနေထိုင်တဲ့ မြန်မာတချို့က ပြောပါတယ်။

    ရဲဝန်ထမ်းရဲ့တာဝန်ထမ်းဆောင်နေတဲ့အပေါ် သာမန်ရုန်းကန်မှုအတွက် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခ့ရနိုင်ပေမဲ့ ရာဇဝတ်မှု အဆင့် ၆ အဖြစ် တရားရုံးက တိုးပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ဒီအမှုအတွက် ၆ လကနေ ၂ နှစ်အထိ ထောင်ကျနိုင်တယ်လို့ အမှုအခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    လက်ရှိမှာ အသက် ၄၄ နှစ်အရွယ် မမျိုးမျိုးလှိုင်ကို အင်ဒီယားနားပြည်နယ်ထဲက အချုပ်တစ်ခုထဲမှာ ရဲက ချုပ်နှောင်ထားပြီး အာမခံလည်း ခွင့်မပြုထားသလို အာမခံငွေပေးပြီး အပြင်မှာပြန်ထွက်နေခွင့်ကိုလည်း ပယ်ချထားတယ်လို့ သိရပါတယ်။

    မမျိုးမျိူးလှိုင် ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီက သူ့ရဲ့မိသားစုဝင်တွေဆီ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

  6. အမေရိကန်မှာ သေဒဏ်ကျအကျဉ်းသူကို ၂ ကြိမ်ဆေးထိုးကွပ်မျက်မှုမအောင်မြင်

    အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်မှာတော့ သေဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသူကို သေစေတဲ့ဆေး နှစ်ကြိမ်ထိုးပြီး ကွပ်မျက်ဖို့ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ ဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

    လူသတ်မှုနဲ့ ပြစ်မှုထင်ရှားလို့ သေဒဏ်ချမှတ်ခံထားရသူ အသက် ၅၀ အရွယ် ခရစ်စတာ ပိုက်ကို သေစေတဲ့ဆေးထိုးပြီး ကွပ်မျက်ဖို့ လုပ်ခဲ့တာပါ။

    ဒါပေမဲ့ ကွပ်မျက်တာ လုပ်နေချိန်မှာပဲ သူ့ရဲ့ရှေ့နေအဖွဲ့က “မစ္စပိုက်ဟာ သတိလစ်သွားပေမဲ့ နှလုံးခုန်နေသေးတယ်။ အသက်ရှူနေတဲ့အသံ၊ ဟောက်သံကိုလည်း ကြားနေရတယ်” လို့ ဆိုပြီး အရေးပေါ် ကန့်ကွက်ခဲ့လို့ ဆေးရုံတင်လိုက်ရတာဖြစ်ပါတယ်။

    သူရဲ့ရှေ့နေတစ်ဦးကတော့ ကွပ်မျက်ဖို့ သေစေတဲ့ pentobarbital ဆေးကို နှစ်ချောင်း ထိုးပေးပြီးနောက်ပိုင်း ခရစ်စတာ ပိုက်ကို ဆေးရုံမှာ အသက်ကယ် ကုသတာတွေ လုပ်နေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ပိုက်ဟာ ၁၉၉၆ ခုနှစ်မှာ အသက် ၁၉ နှစ်အရွယ် ကိုလင်း စလမ်မာကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူရဲ့ကွပ်မျက်မှုက နောက်ဆုံးအချိန်ထိ တရားတဘောင် အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့ အမေရိကန်တရားရုံးချုပ်က ဆေးထိုးကွပ်မျက်မှုကို ဆက်လုပ်ဆောင်နိုင်တယ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ပိုက်ဟာ အသက် ၁၈ နှစ်အရွယ်မှာ သူ့ရည်းစား တာဒရယ် ရှပ်နဲ့အတူ အဲဒီတုန်းက ခပ်ဆိုးဆိုး ဆယ်ကျော်သက်တွေအတွက် ဖွင့်ထားတဲ့ အလုပ်ပေးသင်တန်းကျောင်းမှာဆုံခဲ့သူ အသက် ၁၉ နှစ်အရွယ် စလမ်မာကို ရိုက်နှက် နှိပ်စက် သတ်ဖြတ်ခဲ့တာပါ။

    ဆလမ်မာရဲ့ကျန်ရစ်သူ မိခင် မေ မာတီနက်ဇ်ကတော့ ဆေးထိုးကွပ်မျက်မှု ဆက်လုပ်စေချင်နေကြသူတွေထဲမှာ ပါ၀င်ပါတယ်။ ''အစောပိုင်းဖြစ်ခဲ့တဲ့အခြေအနေဟာ အတော်လေးကို ရှုပ်ရှုပ်ထွေးထွေးဖြစ်ခဲ့တယ်'' လို့ဆိုပြီး သူက အန်ဘီစီ သတင်းဌာနကိုပြောပါတယ်။

    ဆေးထိုးကွပ်မျက်မှုဟာ နတ်ရှ်ဗီးမြို့က လုံခြုံရေးအမြင့်ဆုံးလုပ်ထားတဲ့ ရေးဗားဘန့် အင်စတီကျူးရှင်းမှာ ဒီနေ့ မနက်အစောပိုင်းတုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

  7. ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော်လုပ်သားစေလွှတ်ခွင့် အပိတ်ခံရ, အေဂျင်စီ ၁၀ ခုကို လိုင်စင် ၆ လပိတ်

    ပြည်ပကိုစေလွှတ်ထားတဲ့လုပ်သားတွေ လစာငွေ ၂၅ ရာခိုင်နှုန်း ပြည်တွင်းကို ပြန်လွှဲအောင် မလုပ်နိုင်လို့ဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော်ကို နေပြည်တော်က လုပ်သားစေလွှတ်ခွင့် ပိတ်လိုက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အလားတူ နောက်ထပ် အေဂျင်စီ ၁၀ ခုရဲ့ လိုင်စင်ကိုလည်း အလုပ်သမားဝန်ကြီးဌာနကနေ ပိတ်သိမ်းလိုက်တယ်လို့ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    အကြောင်းရင်းကတော့ ပြည်ပကို လုပ်သား စေလွှတ်တာတွေ့ရပေမဲ့ မိသားစုဆီ လွှဲပို့ထားတဲ့ အထောက်အထားတွေကို တင်ပြဖို့ ပျက်ကွက်တာကြောင့် လုပ်ကိုင်ခွင့် လိုင်စင်ကို အောက်တိုဘာ ၁ ရက်ကစပြီး ၆ လပိတ်သိမ်းတဲ့အပြင် ဒဏ်ကြေး ၁၀ သိန်းပါ ကောက်ခံမယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    ဩဂုတ်လတုန်းက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို နေပြည်တော်အထိ ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့အပြီး အေဂျင်စီတွေကို အခုလိုအရေးယူမှုတွေရှိလာတာဖြစ်ပါတယ်။

    နိုင်ငံခြားငွေလိုနေတဲ့ နေပြည်တော်က ပြည်ပရောက် လုပ်သားလွှဲပို့ငွေတွေကို စေလွှတ်တဲ့ လုပ်သားဦးရေအလိုက် တစ်လချင်း ဒါမှမဟုတ် ၃ လတစ်ကြိမ် လုပ်ခ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ မဖြစ်မနေလွှဲဖို့ ဝန်ကြီးဌာနကနေ အေဂျင်စီတွေကို ဖိအားပေးနေတယ်လို့ အေဂျင်စီတွေက ဆိုပါတယ်။

    အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ “အရင်က လွှဲပို့ငွေပြရင် မပြည့်တဲ့နိုင်ငံကိုပဲ လုပ်သားမပို့ဖို့ ဆိုင်းငံ့တာ၊ အခုက တစ်နိုင်ငံမပြည့်တာနဲ့ နိုင်ငံအားလုံးလုပ်ခွင့်ပိတ်လိုက်တာ၊ တင်းကျပ်တာက ပိုဆိုးလာတယ်”လို့ ဘီဘီစီကို ဒီနေ့နေ့လယ်ပိုင်းမှာပြောပါတယ်။

    ဒ့ါအပြင် လာမယ့်လတွေမှာလည်း ထပ်ပိတ်မယ့် အေဂျင်စီစာရင်းတွေ ထပ်တိုးလာနိုင်သလို အသေးစားနဲ့ အလတ်စားအေဂျင်စီတွေအနေနဲ့လည်း လုပ်ငန်းရပ်တန့်ရကိန်းစိုက်လာမှာကို အေဂျင်စီအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

    တစ်ဖက်မှာလည်း ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေလွှဲအချက်အလက်တွေကို အသေးစိတ်တင်ပြဖို့ နေပြည်တော်သမ္မတရုံးက အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ညွှန်ကြားပြီး တင်းကျပ်ထားတယ်လို့ ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောထားတာဖြစ်ပါတယ်။

  8. သတင်းထူး, အာရှအားကစားပြိုင်ပွဲ - Esports ရဲ့ MLBB ပြိုင်ပွဲမှာ မြန်မာ ရွှေဆုရ

    ဂျပန်မှာ ကျင်းပနေတဲ့ အာရှ အားကစားပြိုင်ပွဲ Esports Moblie Legends (MLBB) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း(Team Zanaka)က ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို ရှုံးပွဲမရှိ ၄-၀ နဲ့ အပြတ်အသတ်နိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီဖြစ်ပါတယ်။

    Esports ရဲ့ MLBB ပြိုင်ပွဲကို ဒီနေ့ မြန်မာ စံတော်ချိန် ၁၀ နာရီခွဲမှာ ကစားခဲ့တာဖြစ်ပါတယ်။

    မြန်မာ MLBB အသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ဟာ ၇ ပွဲပြိုင်ရင် အများဆုံးအနိုင်ရတဲ့ Best of Seven ကို ကစားပြီး မြန်မာဘက်က ၄ ပွဲလုံး ဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

    အင်ဒိုနီးရှားအသင်းဟာ ကစားကွက်ဖော်တာ မြန်လွန်းနေခဲ့ပြီး ကစားကွက်‌ဗျူဟာချတဲ့နေရာမှာ နိုင်နင်းမှုနဲ့ ကစားသမားတွေ ချိတ်ဆက်မှုအပိုင်းမှာ ဟာကွက်တွေရှိခဲ့တယ်လို့ ကစားပွဲ အခြေအနေကို တိုက်ရိုက်တင်ဆက်သူတချို့က မှတ်ချက်ပေးပါတယ်။

    အခုနှစ် အာရှအားကစားပြိုင်ပွဲမှာ မြန်မာက ကစားသမား အယောက် ၆၀ နီးပါးက တက်ဂ်ဘော အပါအ၀င်၊ ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံးပွဲ၊ ကျွမ်းဘားနဲ့ Esports တို့မှာ ပါ၀င် ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။

    ဒီပြိုင်ပွဲအတွင်း မြန်မာ တက်ခ်ဘော အားကစားမယ် ခင်နှင်း၀ေက မြန်မာအတွက် ပထမဆုံး ရွှေဆုကို တစ်ဦးချင်းပွဲနဲ့ ရယူခဲ့ပါတယ်။

    အကြိမ် ၂၀ မြောက် အာရှ အားကစားပွဲကိုတော့ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

  9. SCEF ကိုယ်စားလှယ်တွေ သြစတြေးလျနိုင်ငံခြားရေး၀န်ကြီးနဲ့တွေ့ဆုံ

    ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ သြစတြေးလျနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ SCEF က ဒီနေ့ သတင်းထုတ်ပါတယ်။

    SCEF ကိုယ်စားလှယ်တွေဟာ သြစတြေးလျနိုင်ငံခြားရေး၀န်ကြီး ပန်နီ ၀မ်ကို စက်တင်ဘာ ၂၈ ရက်တုန်းက ကင်ဘာရာမြို့က သြစတြေးလျလွှတ်တော်မှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

    ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ချက်ထဲ တိတိကျကျမပြောပါဘူး။

    ဒါပေမဲ့ မြန်မာနဲ့ ဒေသတွင်းက အခြေအနေတွေအပြင် မကြာသေးခင်တုန်းက ဖြစ်ပေါ် တိုးတက်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

    သြစတေးလျဟာ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့အိန္ဒိယအပြင် အမေရိကန်နဲ့ ဂျပန်တို့ပါ၀င်တဲ့ Quad အဖွဲ့၀င်နိုင်ငံဖြစ်ပြီး Quad အဖွဲ့ဟာ တွေ့ဆုံမှုပြုလုပ်တိုင်း မြန်မာပြည်တွင်းက အခြေအနေကို စိုးရိမ်ကြောင်း သူတို့ကြေညာချက်ထဲ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။

    နောက်ပြီး သြစတြေးလျဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အနောက်မဟာမိတ်တွေနဲ့အတူ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

    ကင်ဘာရာက တွေ့ဆုံပွဲကိုတော့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်ထဲပါ၀င်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး၊ SCEF နိုင်ခြားရေးအဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နိုင်ငံခြားရေးဌာန အတွင်းရေးမှူးနဲ့ NUG စီမံဘဏ္ဍာဝန်ကြီးတို့ပါ၀င်တယ်လို့ သိရပါတယ်။

  10. ရခိုင် ၃ မြို့ကို စစ်တပ် ညပိုင်းဗုံးကြဲမှု သေဆုံး ထိခိုက်သူရှိ

    စစ်တပ်ဟာ လူအစုလိုက်အပြုံလိုက် သေဆုံးတဲ့ ကျောက်တော် ဗုံးကြဲမှု ဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ရခိုင်မြို့နယ် ၃ ခုကို မနေ့ ညပိုင်းက ထပ်မံဗုံးကြဲလို့ လူ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့တို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စင်း မကသုံးပြီး ဗုံးကြဲခဲ့တယ်လို့ မြို့ခံတချို့ရဲ့ပြောပြချက်တွေအရ သိရပါတယ်။

    စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး နောက်ထပ် ၈ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ရပ်ရွာ၊ ရသေ့‌တောင်မြို့နယ်ထဲက ကူတောင်ကျေးရွာနဲ့ ပေါက်တောမြို့စတဲ့နေရာတွေမှာ လေကြောင်းဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ သူက ဆက်ပြောပါတယ်။

    အေအေထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ လူ ၅၀ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)ကလည်း ကျောက်တော်ဗုံးကြဲမှုမှာ မျက်မြင်ကြုံခဲ့ရတဲ့သူတွေအနေနဲ့ သတင်းအချက်အလက်သက်သေတွေ ပို့ပေးကြဖို့ တောင်းဆိုစာကို မနေ့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

    လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူတွေထဲ အမျိုးသမီးနဲ့ ကလေးငယ်တွေအများအပြားပါဝင်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ IIMM ရဲ့ စာထဲမှာ ဖော်ပြပါတယ်။

    ၂၀၂၅ ခုနှစ်ကစပြီး စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာ ဒါမှမဟုတ် အရပ်သားပစ်မှတ်မခွဲခြားတဲ့ ‌လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေ သိသိသာသာမြင့်တက်လာတယ်လို့လည်း IIMM က ထောက်ပြပါတယ်။

    အများပြည်သူ အသွားအလာများတဲ့ဈေးလို အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုဟာ အရပ်သားတွေရဲ့ စားနပ်ရိက္ခာအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေရှိနိုင်ပြီး စစ်ပွဲနည်းလမ်းတစ်ခုအနေနဲ့ ဒီလိုတိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ IIMM က ပြောပါတယ်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာတုန်းကလည်း အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာလည်း လူပေါင်း ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

  11. ရန်ပုံငွေကန်ဒေါ်လာ သန်း ၃၀၀ ရှာမယ်လို့ SCEF ပြော

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ အနာဂတ်အစီအစဉ်အနေနဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရအောင် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က ထုတ်ပြောလာပါတယ်။

    ဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့အပါအဝင် SCEF ခေါင်းဆောင်ပိုင်းတချို့တို့ရဲ့ဩဂုတ်လတုန်းက ဂျပန်ခရီးစဉ်အတွင်း The Yomiuri Shimbun သတင်းစာနဲ့ မေးမြန်းခန်းမှာ ဝန်ကြီးဦးတင်ထွန်းနိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    SCEF လည်ပတ်ရေး ဒီရန်ပုံငွေရဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာအရင်းအမြစ်တွေဆီကနေ ရရှိအောင်ဆောင်ရွက်မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

    ပြည်ပမှာ နေထိုင်လုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသား ၁၀ သန်းခန့်ရှိပြီး အဲဒီထဲက လူဦးရေ ၁၀ ရာခိုင်နှုန်း (လူ ၁ သန်းဝန်းကျင်)ဆီက လှူဒါန်းမှု ရရှိရုံနဲ့တင် ရန်ပုံငွေပမာဏပြည့်မီနိုင်တယ်လို့ ဝန်ကြီးရဲ့ဖြေကြားချက်အရ နားလည်ရပါတယ်။

    ဒီရန်ပုံငွေ ကန်ဒေါ်လာ သန်း ၃၀၀ ကို SCEF ရဲ့ မဟာဗျူဟာမြောက် ဦးစားပေးအစီအစဉ်တွေကို အခြေခံပြီး ခွဲဝေပေးမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

    NUG ဦးဆောင်တဲ့ ရန်ပုံငွေရှာဖွေတဲ့ကမ်ပိန်းတွေကို စောင့်ကြည့်နေသူတချို့ကတော့ ရရှိတဲ့ ရန်ပုံငွေ ငွေကြေးစီးဆင်းမှုအပိုင်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြနေကြပါတယ်။

    ဒါပေမဲ့ NUG ၀န်ကြီးပြောတဲ့ အခုရန်ပုံငွေ ရှာဖွေရေး အစီအစဉ်ဟာ NUG အစိုးရ သပ်သပ်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပါ၀င်တဲ့ SCEF စုဖွဲ့မှု အောက်ကနေ သွားမယ်လို့ နားလည်ရပါတယ်။

    တဖက်မှာလည်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေအတွက် ရန်ပုံငွေရှာဖွေသူအချို့က လေကြောင်းရန်ကာကွယ်ရေးအစီစဉ်လို ရန်ပုံငွေရှာဖွေမှုအပိုင်းမှာ စာရင်းဇယား အချက်အလက် ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့အပေါ် ၀ေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

    ၂၀၂၅ ခုနှစ်တုန်းကလည်း NUG လက်အောက်ခံတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ NUG ရဲ့ ပသုံးလုံးနဲ့ သယံဇာတ ကော်မတီဝင်တချို့ရဲ့အခွန်ငွေအဂတိမှုတွေ ပေါ်ပေါက်ခဲ့ပြီး NUG က ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို အဓိက ထောက်ပံ့နေတဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့အစီအစဥ်(PRF)မှာ ပြည်တွင်းကနေ ငွေကြေးထောက်ပံ့နေတဲ့ ၂၁ ဦးကို ဖမ်းမိထားတယ်လို့ သတင်းထုတ်ထားပါတယ်။

    PRF အစီအစဉ်ဟာ NUG ကာကွယ်ရေး၀န်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့၀င်တွေကို အဓိကထောက်ပံ့တဲ့အစီအစဉ် ဖြစ်ပါတယ်။

    ဒါ့အပြင် PRF ရဲ့ငွေကြေးထောက်ပံ့သူ လူ ၂,၇၀၀ ကျော်ရဲ့အချက်အလက်တွေလည်းရထားပြီးဖြစ်တယ်လို့ နေပြည်တော်က ဆိုပါတယ်။

    NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ SCEF သတ်မှတ်ထားတဲ့ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၃၀၀ ပြည့်မီအောင် လူထုဘက်က လှူဒါန်းနိုင်ရင် SCEF ကို မြန်မာပြည်သူတွေက ထောက်ခံကြောင်း နိုင်ငံတကာအခင်းအကျင်းမှာပြဖို့ရာလည်း အထောက်အကူပြုမှာဖြစ်တယ်လို့ NUG ဝန်ကြီးက မေးမြန်းခန်းမှာသတင်းပါးတဲ့အကြောင်း ဂျပန်သတင်းစာထဲမှာ ရေးပါတယ်။

    SCEF ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး ၂၀၂၆ ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    SCEF က တစ်နိုင်ငံလုံး အတိုင်းအတာဖြစ်မယ့် စစ်ရေးမဟာဗျူဟာတွေကို ‌ဘုံမဟာဗျူဟာအဖြစ်ရေးဆွဲပြီး အဖွဲ့ဝင်အချင်းချင်း ညှိနှိုင်းမှုနဲ့ ကွပ်ကဲဖွဲ့စည်းပုံတွေကို စုစည်းလုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

  12. မလေးရှားက မြန်မာတွေကို ဆက်တိုက်နေရပ်ပြန်ပို့နေ

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးဟာ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာရှိတဲ့ မြန်မာတွေကို စိစစ်နေပြီး နေပြည်တော်ကလည်း အဲဒီစိစစ်ပြီး မြန်မာတွေကို ပြန်ခေါ်နေပါတယ်။

    စိစစ်ပြီးလူတွေထဲက လူပေါင်း တစ်ထောင်ကျော်ကို နေပြည်တော်က အခုသီတင်းပတ်မှာပဲ ရေတပ် ရေယာဉ်နဲ့ ပြန်ခေါ် ယူထားပါတယ်။

    အပြည့်အစုံကို ရုပ်သံမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

  13. ဦးမင်းအောင်လှိုင် အောက်တိုဘာမှာ မလေးရှားသွားမယ်

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို လာရောက်မယ်လို့ မလေးရှားအစိုးရရဲ့ နိုင်ငံပိုင်သတင်းဌာနက မနေ့ စက်တင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ခရီးစဉ်နဲ့ပတ်သက်လို့ ရက်အတိအကျကိုတော့ နှစ်နိုင်ငံလုံးက ထုတ်‌ပြောတာ မရှိသေးပေမဲ့ ဒီခရီး အတည်ပြုထွက်ပေါ်လာရင် သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်အတွက် အာဆီယံဒေသတွင်းမှာ ၅ နိုင်ငံမြောက် ခရီးစဥ်ဖြစ်လာမှာပါ။

    မလေးရှားရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဆွေးနွေးဖို့အတွက် ဦးမင်းအောင်လှိုင်ကို မလေးရှားကို တရားဝင်ခရီးဖိတ်ကြားဖို့ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အေဘရာဟင် က ပြောခဲ့ပြီးနောက်မှာပဲ မလေးရှားဘက်က ဒီခရီးစဉ်ကို အတည်ပြုကြေညာလာတာဖြစ်ပါတယ်။

    လက်ရှိမှာလည်း မြန်မာကနေ မလေးရှားကို ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူတွေကို ပြန်လက်ခံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေလုပ်နေတယ်လို့ မလေးရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

    မ‌လေးရှားနိုင်ငံကနေ မြန်မာဘက်ကို ပထမအသုတ်အနေနဲ့ လူ ၁,၅၀၀ နီးပါးကို စက်တင်ဘာလကုန်ပိုင်းမှာပဲ သင်္ဘော ၃ စင်းနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ လာမယ့် ဒုတိယအသုတ်မှာလည်း မလေးရှားရောက် မြန်မာ ၃,၅၀၀ ကျော်ကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ မလေးရှားအစိုးရပြောခွင့်ရနဲ့ ဆက်သွယ်ရေးဝန်ကြီး ဖာမီဖတ်ဇီးလ်ရဲ့ပြောကြားချက်ကို မလေးရှားသတင်းဌာနတစ်ခုမှာ ဖော်ပြထားပါတယ်။

    တဖက်မှာလည်း မလေးရှား အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးကို လက်ခံထားရတာကြောင့် လူမှုရေးနဲ့ စီးပွား‌ရေးကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ မလေးရှားအစိုးရဘက်က အစောပိုင်းကတည်းက ထုတ်‌ပြောထားပါတယ်။

    အလားတူ မလေးရှားဘက်က လက်ခံထားရတဲ့ ရိုဟင်ဂျာအရေအတွက် အသိအမှတ်မပြုလို့မရဘူးဆိုပြီး မလေးရှား ဝန်ကြီးချုပ်က စက်တင်ဘာလထဲမှာပဲ လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

    ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) အပါအဝင် အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးအတွက် မြန်မာကို အတင်းအကျပ်ပြန်ပို့ဆောင်တာကို ရပ်တန့်သင့်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို နေထိုင်ခွင့်ပေးပြီး လုံခြုံရေးအာမခံမှုပေးဖို့ တောင်းဆိုတာတွေ ဆက်လုပ်နေကြပါတယ်။

  14. မင်္ဂလာပါ။ အောက်တိုဘာ ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။