သြဂုတ် ၁၆ ရက်သတင်းများအနှစ်ချုပ် - ရန်ကုန် YBS ကားခဈေးတက်မယ့်အစီအစဉ် ပြန်ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်စီးခဈေးတက်မယ်လို့ ကြေညာပြီး ရက်ပိုင်း အတွင်းမှာပဲ အဲဒီအစီအစဉ်ကို ပြန်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်လာပါတယ်။
သြဂုတ် ၁၄ ရက်နေ့ကပြုလုပ်တဲ့ YRTC အစည်းအဝေးဆုံးဖြတ်ချက်အရ စက်တင်ဘာ ၁ ရက်ကစလို့ လက်ရှိ ၂၀၀ ကျပ်ကောက်ခံတဲ့ ခရီးစဥ်အတွက် ယာဥ်စီးခကို ၃၀၀ ကျပ် ကောက်မှာဖြစ်ပြီး ၄၀၀ ကျပ် ခရီးစဥ်ကိုတော့ ၆၀၀ ကျပ် ကောက်ခံမယ်လို့ ကြေညာခဲ့ပြီးနောက် ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။
"ပြည်သူတွေအခက်အခဲမဖြစ်အောင်နိုင်ငံတော်ကနေ ပယ်ဖျက်ခိုင်းထားတာပါ" လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဘီဘီစီကို ပြောပါတယ်။
YBS ယာဉ်လိုင်းပိုင်ရှင်တွေဘက်မှာတော့ ပို့ကုန်သွင်းကုန်လိုင်စင်ကန့်သတ်ချက်တွေကြောင့် ယာဉ်ပြန်လည်ပြုပြင်ရေးအတွက် ပစ္စည်းရှားပါးတာ၊ ကုန်ကျစရိတ်ပိုမိုကျသင့်တဲ့ အခြေအနေတွေကို အာဏာသိမ်းပြီးနောက်ပိုင်းရင်ဆိုင်ရတာကြောင့် လုပ်ငန်းအရှုံးပေါ်နေပြီလို့ သိရပါတယ်။
"ကားခနှုန်းထားတိုးလာရင်တော့ လုပ်ငန်းတွေဆက်အဆင်ပြေတာပေါ့။ ကားတွေပြင်နိုင်မယ်၊ ကားတွေပိုထွက်နိုင်မယ်၊ ဝန်ဆောင်မှုပိုပေးနိုင်မယ်၊ ကိုက်တာတော့ကိုက်မှာမဟုတ်ဘူး။ ဒီတိုင်းဆိုပြိုလဲသွားလိမ့်မယ်၊ တခုခုတော့ကုစားရမယ်" လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခုလို YBS ယာဉ်လိုင်းတွေကြုံနေရတဲ့အခက်အခဲ၊ ယာဉ်အစီးရေလျော့ကျနေတာနဲ့ ပတ်သက်လို့ နိုင်ငံတော်က ကိုင်တွယ်သွားမယ်လို့ ဦးလျန်ကျင့်မန်က ပြောပေမဲ့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုတော့ တိတိကျကျမဖြေကြားသွားပါဘူး။
YBS ယာဉ်အစီးရေ ၅,၃၀၀ ကျော်ရှိပေမဲ့ ယာဉ်လိုင်း ၁၃၄ လိုင်းကနေ နေ့စဉ် ယာဉ်အစီးရေ ၃,၃၀၀ ဝန်းကျင်သာ ပြေးဆွဲနိုင်နေတဲ့အခြေအနေပါ။ YBS နေ့စဉ်စီးနင်းသူဦးရေ ၁ သန်းကျော်ရှိတယ်လို့ YRTC ကနေ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်လူထု အားထားရတဲ့ ဘတ်စ်ကားတွေဟာ ယာဉ်လိုင်းတွေတိုးလာပေမဲ့ ယာဉ်အစီးရေကျဲပါးလာပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ နေ့စဉ်အသုံးပြုသွားလာနေရတယ်လို့ ခရီးသည်တွေက ထုတ်ပြောထားကြပါတယ်။
ပန်တိုဂျာကို အခုတစ်ကြိမ် အလဲထိုးပြီး အနိုင်ယူမယ်လို့ ဂျော့ရှုဝါ ဗန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် UFC 331 ပွဲစဉ်မှာ ဘရာဇီးဖိုက်တာ အလက်ဇန်းဒါး ပန်တိုဂျာကို အလဲထိုးပြီး အနိုင်ယူမယ်လို့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲဖီးယားမြို့မှာ ဒေသစံတော်ချိန် သြဂုတ်လ ၁၄ ရက်တုန်းက ပြုလုပ်တဲ့ UFC 331 အတွက် သတင်းစာရှင်းလင်းပွဲကို သူ့ ပြိုင်ဘက် ပန်တိုဂျာနဲ့ပြုလုပ်ချိန် ချင်းဖိုက်တာက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
''အရင်တစ်ခေါက်တုန်းကတော့ သူ့ကို အလဲထိုးဖို့ ထိုးဖို့ အခွင့်အရေးမရခဲ့ဘူး။ အခု စက်တင်ဘာ ၁၉ ရက်ကတော့ သူ့ကို အဲဒီလိုဖြစ်အောင်လုပ်ဖို့ ကျွန်တော့်အခွင့်အရေးပဲ'' လို့ ဗန်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းတုန်းက ထိုးသတ်ခဲ့တဲ့ UFC ပြိုင်ပွဲမှာ ဗန်ဟာ အဲဒီတုန်းက Flyweight ချန်ပီယံ ပန်တိုဂျာကို ဒိုင်အနားပေးနဲ့ အနိုင်ရခဲ့တာပါ။ ပန်တိုဂျာဟာ ပွဲစအပြီး စက္ကန့်ပိုင်းအကြာမှာပဲ လက်တံတောင်ဆစ် လွဲသွားခဲ့ပြီး ဒိုင်အနားပေးခံခဲ့ရတာပါ။
အဲဒီပွဲနဲ့ Flywieght ချန်ပီယံဖြစ်လာတဲ့ ဗန်ဟာ ပွဲမှာ အနိုင်ရခဲ့တဲ့အခြေအနေကြောင့် ၀ေဖန်မှုတွေလည်း ကြုံခဲ့ရပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၉ ရက်မှာ ပန်တိုဂျာကို အလဲထိုးမယ်လို့ အခုတစ်ခေါက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
ပန်တိုဂျာကတော့ ဗန်ကို စကားဆင်ခြင်ဖို့ ပြောပြီး ''ကျွန်တော်တို့ ဘရာဇီး ယဥ်ကျေးမှုမှာ စကား ဆင်ဆင်ခြင်ခြင် မပြောတဲ့သူဆိုရင် သွားကျွတ်လေ့ရှိတယ်'' လို့ဆိုပြီး ပြန်တုံ့ပြန်ပါတယ်။
ပန်တိုဂျာကတော့ ဒီဇင်ဘာပွဲတုန်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မေးခွန်းတွေအတွက် စက်တင်ဘာ ၁၉ မှာ အဖြေရှိစေရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အေအေနဲ့ စစ်တပ် တိုက်ပွဲရှိတဲ့ ငါးသိုင်းချောင်းနဲ့ ရေကြည်မှာ ရေဘေးပါကြုံနေရ

ဓာတ်ပုံ ရင်းမြစ်, Psc Myanmar-off road
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ပေါ်မှာ ရေဘေးသင့်နေပြီး ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့နေရာတွေမှာတော့ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်တပ်ကြား စစ်ရေးတင်းမာတဲ့အခြေအနေလို့ စစ်ရေးနဲ့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ငဝန်မြစ်ရေ ဆက်တက်နေတာကြောင့် ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်အများစု ရေနစ်မြုပ်နေပြီလို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။
"မြို့ပေါ် ၆ ရပ်ကွက်ရှိတာမှာ မြို့မနဲ့ ရှေ့ဆောင်ပဲ နည်းနည်းကျန်တယ်။ အောင်ဆန်း၊ ရွှေဘို၊ မြို့သစ် တို့လို ရပ်ကွက်ကြီးတွေကတော့ အကုန်လုံးမြုပ်သွားပြီ" လို့ ငါးသိုင်းချောင်းမြို့အခြေစိုက် သုခကာရီလူမှုကူညီရေးအသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့ပေါ် ရေဘေးကယ်ဆယ်ရေးအတွက် လှေအပါအဝင် သောက်သုံးရေ လိုအပ်ချက်ရှိနေတယ်လို့ သူက ဆက်ပြောပြပါတယ်။
ရေဘေးကူညီရေးလုပ်နေတဲ့ Psc Myanmar-off road အဖွဲ့ကလည်း ငါးသိုင်းချောင်း - အိုင်သပြု လမ်းပိုင်းမှာ ရေ ၃ ပေကျော်လောက်အထိ မြင့်တက်နေတယ်လို့ သူတို့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ ရေးတင်ပါတယ်။
ငါးသိုင်းချောင်းအထက်က လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေတက်တာကို ကာထားတဲ့အတွင်းတာဘောင် ဇူလိုင်လကုန်ပိုင်းကစလို့ ကျိုးပေါက်ခဲ့ပြီး လေးမျက်နှာမြို့မှာ အဆိုးဆုံးရေဘေးကြုံခဲ့ရတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ အောက်ပိုင်းမှာရှိတဲ့ ငါးသိုင်းချောင်း-ရေကြည်တို့ကိုပါ ရေဝင်ရောက်လာတာဖြစ်ပါတယ်။
ရခိုင်နဲ့ ဧရာဝတီအစပ် ရခိုင်ရိုးမ တကြောမှာရှိတဲ့လေးမျက်နှာမြို့နယ်အပိုင်က စက်စက်ယိုရွာတဝိုက်၊ ရေကြည်က သီတာကုန်းပြင်၊ ရုံးပင်ရွာပတ်ဝန်းကျင်ဟာ နှစ်ဖက်စစ်ဆိုင် ထားတဲ့အခြေအနေတွေဖြစ်ပြီး ရာသီဥတုဆိုးရွားတဲ့ကြားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၃ ရက် အေအေထုတ်ပြန်ချက်အရ ရေကြည်မြို့နယ်က ပွိုင့် ၁၀၁ ပတ်ဝန်းကျင်နဲ့ သာပေါင်းမြို့နယ်က သာပေါင်းကလေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းထဲက ရေဘေးအခြေအနေကတော့ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့စိုးရိမ်ရေ ရေအမှတ်ထက် ၄ လက်မခန့် ပိုတက်လာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။
ဒါအပြင် ဧရာဝတီမြစ်ရေလည်းဆက်တိုးနေတာကြောင့် ဧရာဝတီတိုင်းထဲက ဟင်္သာတနဲ့ ဇလွန်မြို့တို့က မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေသူတွေ ရေဘေးလွတ်ရာရှောင်ဖို့ မိုးဇလက သတိပေးထားပါတယ်။
PDF ဖမ်းထားတဲ့ ဗိုလ်နဂါးတပ်က တပ်ရင်းမှူးနှစ်ဦး ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, PDF/ screengrab
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အခြေစိုက်ခဲ့ပြီး ဗိုလ်နဂါးဦးဆောင်ခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က တပ်ရင်းမှူး နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဖမ်းဆီးထိန်းသိမ်းမှုအောက်ကနေ ထွက်ပြေး သွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒီတပ်ရင်းမှူး ၂ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေ BNRA အဖွဲ့ကို စီးနင်းချိန်တုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိန်းသိမ်းထားတဲ့နေရာကနေ မနေ့က ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
"(PDF) စစ်ရုံးဘက်က သတင်းတော့ မထုတ်ပြန်ဘူး။ ဒါပေမဲ့ သူတို့ကို ပြန်ဖမ်းခိုင်းထားတယ်" လို့ စစ်ကိုင်းတိုင်း PDF သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းကို စစ်ရေးကွပ်ကဲတဲ့ အမှတ် ၁ စစ်ဒေသရဲ့သတင်းရင်းမြစ် တစ်ဦးကလည်း BNRA တပ်ရင်းမှူးတွေဖြစ်တဲ့ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ နှစ်ဦး ထွက်ပြေးသွားတာ မှန်ကန်ကြောင်း ဘီဘီစီကို အတည်ပြုပါတယ်။
ဒါပေမဲ့ ဖြစ်စဉ် အသေးစိတ်တော့ မသိရှိဘူးလို့ သူက ပြောပါတယ်။
ဖမ်းဆီးခံ BNRA တပ်ရင်းမှူး နှစ်ဦးဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပင်လယ်ဘူးမြို့နယ်ထဲမှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ ဒေသတွင်းသတင်းက ဖော်ပြပါတယ်။
အခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာအခြေစိုက်တဲ့ BNRA တပ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် ခေါင်းဆောင်တချို့ စစ်တပ်ဆီ လက်နက်ချခဲ့ပါတယ်။
ဗိုလ်နဂါးတပ်ရဲ့ ခေါင်းဆောင်ပိုင်းထဲက တကိုယ်တော်သုဘရာဇာနဲ့ ဒေါင်းညိုတို့ကတော့ PDF တပ်ဖွဲ့ဝင်တွေဖမ်းဆီးတာကို ခံခဲ့ရပြီး BNRA တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် စစ်ဆေးမှုတွေလုပ်နေတယ်လို့ NUG တာဝန်ရှိသူတွေက အစောပိုင်းကတည်းက ထုတ်ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ထွတ်ပြေးသွားတဲ့ဖြစ်စဉ်ကိုတော့ NUG ဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ဒီသတင်းနဲ့ပတ်သတ်ပြီး မှတ်ချက်ရဖို့ ဘီဘီစီက NUG ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကို မေးမြန်းထားပေမဲ့ နေ့လယ် ၂ နာရီအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ငဖဲမှာ CDF အရှို ခေါင်းဆောင်အပါအ၀င် ၃ ဦး စစ်တပ်ရဲ့ခြုံခိုတိုက်ခိုက်မှုမှာ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CDF-Asho
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ ရိက္ခာသယ်ယူဖို့သွားတဲ့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho)က ခေါင်းဆောင်အပါအဝင် ၃ ဦးဟာ မနေ့ မနက်ပိုင်း လမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ခြုံခိုတိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
CDF-Asho ဦးဆောင်သူ ဆလိုင်းရိုချင်းအပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦးဖမ်းဆီးခံရကာ နောက်ထပ် ၁ ဦးလည်း ပျောက်ဆုံးနေဆဲလို့ ဖြစ်စဉ်သိရှိသူတွေက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး CDF-Asho ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ "လတ်တလောအခြေအနေကို ပြောလို့မရသေးပါဘူး" လို့သာ တုံ့ပြန်ဖြေပါတယ်။
စစ်တပ်သတင်းတွေကို ရေးသားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း CDF-Asho တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း မနေ့ကတည်းက ရေးသားဖော်ပြနေကြပါတယ်။
CDF-Asho ဟာ ရခိုင်နဲ့ မကွေးတိုင်းအစပ် ရိုးမတကြောမှာ အာရက္ခတပ်တော် (အေအေ) အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး နတ်ရေကန်တိုက်ပွဲမှာပါဝင်နေတဲ့တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
ရခိုင်နဲ့ မကွေးကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းဟောင်းပေါ် ငဖဲအပိုင်မှာရှိတဲ့ ကမ္ဘာလုံးစခန်းခေါ် နတ်ရေကန်ဗျူဟာစခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ နှစ်နဲ့ချီကြာမြင့်နေပြီး အခုရက်ပိုင်းအတွင်း စစ်တပ်ဘက်က ထိုးစစ်ပြန်မြှင့်နေတယ်လို့ စစ်ရေးရင်းမြစ်တချို့ဆီကနေ သိရပါတယ်။
"ခုရက်ပိုင်းကတော့ စစ်တပ်က မင်းတုန်းဘက်ကရော ငဖဲ ဘက်ကနေပါ စစ်ကြောင်း ညှပ်ထိုးလာတာပါ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ငဖဲနဲ့ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အေအေဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်း သိမ်းပိုက်ခဲ့ပါတယ်။
အင်ဒိုနီးရှားငလျင်မှာ သေဆုံးသူ ၅၀ နီးပါးအထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက ဖလောရက်စ်ကျွန်းအနီးမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြောင့် အနည်းဆုံးသေဆုံးသူ ၄၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စနေနေ့အချက်အလက်အရ သိရပါတယ်။
မနေ့မနက်ပိုင်းက အနက် ၁၅ ကီလိုမီတာခန့်မှာလှုပ်ခတ်သွားတဲ့ ဒီငလျင်ကြောင့် အဆောက်အဦ ရာနဲ့ချီ ပြိုကျပျက်စီးခဲ့သလို နောက်ဆက်တွဲငလျင်ငယ်တွေ ဒါဇင်နဲ့ချီလည်း လှုပ်ခတ်ခဲ့ပါတယ်။
မန်ဂါရီ (Manggarai) ပြည်နယ်မှာ ထိခိုက်မှုအများဆုံးရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ပြောပါတယ်။
အဲဒီပြည်နယ်အတွင်းမှာပဲ သေဆုံးသူ ၂၄ ဦးရှိပြီး ပြည်နယ်အရှေ့ပိုင်းက လူ ၁၇ ဦး ပါဝင်ပါတယ်။ ဒါအပြင် ဆစ်ကာ(Sikka) ပြည်နယ်မှာ ၃ ဦး သေဆုံးပြီး နာဂဒါ(Ngada)၊ အန်ဒီ (Ende)နဲ့ အနောက်မန်ဂါရီမှာ ၁ ဦးစီ သေဆုံးပါတယ်။
ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂ ဦးရှိပြီး ၁၁ ဦးကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
BNPB ကတော့ ငလျင်ဘေးသင့်ဒေသတွေကို အကူအညီတွေ ပေးပို့နေပြီဖြစ်ပြီး ကူညီ ကယ်ဆယ်ရေးပစ္စည်းအထုပ်ရေ ၁၀,၅၀၀ ကိုလည်း မြေပြင်ကိုပို့ထားပြီလို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးပြီးချင်းမှာ ဆူနာမီသတိပေးချက် ထုတ်ခဲ့ပေမဲ့ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ပူတင်နဲ့တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသွင်ပြောင်းအစိုးရ သမ္မတဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့ရှိတဲ့အကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်လာပါတယ်။
ဦးမင်းအောင်လှိုင် ရုရှားကို မကြာခင်သွားဖို့ရှိတယ်လို့ နေပြည်တော်ဘက်ပြောပြီး ရက်အတိအကျ မထုတ်ပြန်ပေမဲ့ ရုရှားသမ္မတရုံးဘက်ကတော့ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၁၈ ရက်မှာ သမ္မတပူတင်နဲ့တွေ့ဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲ ပြုလုပ်မှာလို့လည်း ရုရှားသမ္မတရုံးဘက်က ပြောပါတယ်။
နေပြည်တော်ဘက်ကတော့ ဒီခရီးစဉ်မှာ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးသွားမယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ သမ္မတရာထူးယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးရုရှားခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်တွေလည်း ချုပ်ဆိုဖို့ရှိတယ်လို့ သိရပါတယ်။
နှစ်ဖက်မိတ်ဖက်ဆက်ဆံရေးလို့ ရုရှားရော နေပြည်တော်ကပါ ပြောနေပေမဲ့ နှစ်နိုင်ငံကြား စစ်လက်နက် ရောင်းဝယ်ရေးကလွဲလို့ စီးပွားရေးနဲ့ လူမှုရေးတွေမှာ နေပြည်တော်ရဲ့မိတ်ဖက် တရုတ်နဲ့ အိန္ဒိယလို ထိရောက်တဲ့ကူညီမှုတွေ မတွေ့ရဘူးလို့ အကဲခတ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရုရှားခရီးစဉ်တွေမှာဆိုရင် မြန်မာဘက်က နျူကလီးယားဓာတ်အားပေးစက်ရုံ ပေါ်ပေါက်လာဖို့ ဆန္ဒရှိပြီး ရုရှားဘက်ကတော့ ယူကရိန်းစစ်မှာ သုံးဖို့ ခဲယမ်းတွေကို မြန်မာက ထုတ်လုပ်ပို့ဆောင်ပေးဖို့အတွက် ဆွေးနွေးခဲ့ကြတဲ့အခြေအနေလို့ နားလည်ရပါတယ်။












