''ထိုးစစ်အတွက် ရုရှား ဦးကျိုးနေပြီ'' လို့ ယူကရိန်းကာချုပ်ဟောင်းပြော

    • ရေးသားသူ, အက်ဘ်ဒူဂျာလီ အက်ဘ်ဒူရာဆလော့ဗ်
    • ရေးသားပေးပို့သည့်နေရာ, ကိယက်ဗ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

ရုရှားရဲ့ထိုးစစ်ဆင်နိုင်စွမ်းဟာ "ကျိုးပျက်သွားပြီ" လို့ ယူကရိန်းစစ်တပ်ရဲ့အကြီးတန်း စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ ဆီယက်စကီးက ဘီဘီစီနဲ့သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ ရုရှားဘက်က စစ်သားဆုံးရှုံးမှု အရမ်းများလာတဲ့အတွက် ရှေ့တန်းစစ်မျက်နှာကို ယူကရိန်းက တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဆီယက်စကီးဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ရာထူးက ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် မီဒီယာကို ပထမဆုံးပေးတဲ့အနေနဲ့ ဘီဘီစီနဲ့ပြုလုပ်တဲ့သီးသန့်အင်တာဗျူးမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ခေတ်မီနည်းပညာသုံးလာနေတဲ့ ယူကရိန်းစစ်တပ်ကို ဦးဆောင်ဖို့ မသင့်တော်တဲ့ "ခေတ်ဟောင်း အမြင်အတွေးနဲ့စစ်ဗိုလ်ချုပ်" လို့ဆိုပြီး သူ ရာထူးကနေ ဖယ်ရှားခံရတာလို့ ၀ေဖန်တာတွေကိုလည်း သူက တုံ့ပြန် ချေပခဲ့ပါတယ်။

သူဟာ စစ်ဗိုလ်ချုပ်ကြီး ရာထူးတာ၀န်ယူထားချိန်တုန်းက ရုရှားစစ်သားတွေ အ၀ိုင်းခံထားရနီးနီးမှာ မဆုတ်တမ်း ခုခံဖို့ အမိန့်ထုတ်ခဲ့တာကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ သူ့လက်အောက်မှာ တာ၀န်ထမ်းဆောင်ခဲ့တဲ့စစ်သားတွေရဲ့ စွပ်စွဲချက်တွေကိုလည်း သူက ပြန်တုံ့ပြန်ပါတယ်။​

ဗိုလ်ချုပ်ကြီး ဆီယက်စကီးကတော့ ရုရှားဘက်က စစ်ပွဲအတွင်း စုစုပေါင်း ဆုံးရှုံးမှုဟာ ယူကရိန်းထက် ခြောက်ဆလောက် ပိုများတယ်လို့ ပြောပါတယ်။ "သေဆုံးသူအရေအတွက်ပဲ တွက်မယ်ဆိုရင်တော့ ၁၁ ဆလောက်အထိ ကွာတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ရုရှားရော ယူကရိန်းရော နှစ်နိုင်ငံစလုံးက သေဆုံးစစ်သား အရေအတွက်ကို တရားဝင် မထုတ်ပြန်ကြပါဘူး။ ယူကရိန်းစစ်တပ်ကတော့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ ရုရှားစစ်သားတွေကို စံချိန်တင်ဆုံးရှုံးမှုဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ အဲဒီအချက်ကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်မှာ အပြည့်အဝ ကျူးကျော်စစ် စတင်ကတည်းက ရုရှားဘက်က သေဆုံးသူဦးရေ ၅ သိန်းဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ(CSIS) ကလည်း ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ယူကရိန်းဘက်က သေဆုံးသွားတဲ့စစ်သားဦးရေ ၁ သိန်း ၅ သောင်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆီးယက်စကီးရဲ့အမြင်အရ သေဆုံးမှုအချိုး ကွာဟချက်၊ နည်းပညာပိုင်း တိုးတက်လာတာနဲ့ ရုရှားတပ်ရဲ့အားနည်းတဲ့နေရာတွေကို ရွေးချယ်ထိုးဖောက်တိုက်ခိုက်ပြီး အခြားဒေသတွေမှာတော့ ရုရှားရဲ့ရှေ့တိုးလာမှုကို ထိန်းချုပ်ထားနိုင်တဲ့ မဟာဗျူဟာတို့ကြောင့် လက်ရှိ စစ်မျက်နှာမှာ အခြေအနေတစ်ခုအထိ တည်ငြိမ်နေတဲ့အနေအထား ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ရုရှားဘက်က စုစုပေါင်း ၆၁ စတုရန်းကီလိုမီတာသာ နယ်မြေသိမ်းပိုက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ "ဒါက စစ်မြေပြင် ရှေ့တန်းစစ်မျက်နှာတွေမှာ တည်ငြိမ်လာနေပြီဆိုတဲ့လက္ခဏာတစ်ခုဖြစ်တယ်" လို့လည်း ဆိုပါတယ်။

Institute for the Study of War (ISW) ကလည်း ဒီလမ်းကြောင်းကို အတည်ပြုထားပါတယ်။ အဖွဲ့ရဲ့မကြာသေးခင်က ထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ရုရှားက သိမ်းယူနိုင်ခဲ့တဲ့နယ်မြေပမာဏထက် ဆုံးရှုံးခဲ့ရတဲ့ နယ်မြေ ပိုများခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဆီယက်စကီးဟာ ယူကရိန်းစစ်တပ်ရဲ့စစ်ဦးစီးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ၂၀၂၂ ခုနှစ် ရုရှားရဲ့အပြည့်အဝ ကျူးကျော်စစ် စတင်ချိန်မှာ ကိယက်ဗ်မြို့ကို ကာကွယ်နိုင်ခဲ့တာ၊ နောက်ပြီး အဲဒီနှစ် ဆောင်းဦးမှာ ခါခိဗ်အရှေ့ပိုင်းဒေသမှာ အောင်မြင်ခဲ့တဲ့တန်ပြန်ထိုးစစ်ကို ဦးဆောင်ခဲ့တာတွေအတွက် ချီးကျူးခံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၆ ခုနှစ် နွေရာသီမှာတော့ ကာကွယ်ရေးဝန်ကြီး မီခေလို ဖက်ဒရော့နဲ့ သူနဲ့ သဘောထားကွဲလွဲမှု ပြင်းထန်ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

ဖက်ဒရော့က ပြောင်းလဲလာတဲ့စစ်ပွဲရဲ့အခြေအနေတွေကို လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲရမယ့်အစား ဆီယက်စကီး ခေါင်းဆောင်တဲ့စစ်တပ်က သူ့ရဲ့ရှေ့ဆောင်အစီအစဥ်တွေကို ပိတ်ပင်ခဲ့တယ်လို့ ပြောပါတယ်။​

သူတို့နှစ်ယောက်ကြား သဘောထား မတိုက်ဆိုင်မှုကနေ လူသိရှင်ကြား တင်းမာတဲ့အထိဖြစ် လာတဲ့အခါ သမ္မတ ဇလန်းစကီးဟာ ဖက်ဒရော့ကို အရင်ဆုံး ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူထုဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားလာတာကြောင့် သမ္မတဟာ ဗိုလ်ချုပ်ကြီး ဆီယက်စကီးကိုပါ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ သူ့နေရာမှာ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးချုပ် မီခေးလို ဒရာပါတီကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

ဆီယက်စကီးကတော့ ''သဘောထားကွဲလွဲမှုတွေ'' ရှိခဲ့တာ မှန်တယ်လို့ အတည်ပြုခဲ့ပြီး အကြောင်းရင်းဟာ ဖက်ဒရော့အနေနဲ့ လက်နက်နဲ့ စစ်ပစ္စည်းတွေ ဝယ်ယူရာမှာ စစ်တပ်ရဲ့အကျိုးစီးပွားကို လုံလုံလောက်လောက် ထည့်မစဉ်းစားခဲ့တာကြောင့်" လို့ ဘီဘီစီကို ပြောပါတယ်။

ဖက်ဒရော့ဟာ ထောက်ပို့မှုအပိုင်းမှာ ဟန်ချက်ပျက်အောင် ဖန်တီးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒရုန်းတွေကို ဦးစားပေးခဲ့ပေမဲ့ ရှေ့တန်းစစ်မျက်နှာအတွက် အရေးကြီးတဲ့မောင်းသူမဲ့ မြေပြင်ယာဉ်တွေ၊ ပစ်ကပ်ကားတွေ၊ ဆိုင်ကယ်တွေလို ပစ္စည်းတွေကို လျစ်လျူရှုထားခဲ့တယ်လို့ ဆီယက်စကီးက ပြောပါတယ်။ ဒရုန်းတွေအတွက်တောင် စစ်တပ်က လိုအပ်တဲ့ ပမာဏရဲ့ တစ်ဝက်လောက်ပဲ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖက်ဒရော့ဟာ နည်းပညာနဲ့ ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေး ရှေ့ဆောင်အစီအစဥ်တွေကြောင့် လူကြိုက်များတဲ့လူငယ်ဝန်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဝေဖန်သူတချို့ကတော့ ရုရှားနဲ့ ယှဉ်ပြိုင်နေရတဲ့နည်းပညာအခြေပြု လက်နက်အား ပြိုင်ဆိုင်မှုမှာ ဆီယက်စကီးဟာ ဦးဆောင်ဖို့ မသင့်တော်ဘူးလို့ ထင်မြင်ခဲ့ကြပြီး သူနဲ့ ဖက်ဒရော့ကို နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆီယက်စကီးက အဲဒီဝေဖန်ချက်တွေကို သဘောမတူပါဘူး။ သူ တာဝန်ယူနေတဲ့ ကာလအတွင်းမှာပဲ ဒရုန်းအသုံးပြုတာဟာ အရင်က မတွေ့ဖူးတဲ့အဆင့်အထိ တိုးတက်လာခဲ့ပြီး ရန်သူနယ်မြေအတွင်း ကီလိုမီတာ ၂,၀၀၀ ကျော် အကွာအဝေးအထိ ထိုးဖောက် တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေးတွေလည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ မောင်းသူမဲ့စနစ်တပ်ဖွဲ့ကို သီးခြားလက်နက်ကိုင်တပ်ဖွဲ့ခွဲတစ်ခုအဖြစ် ပထမဆုံးဖွဲ့စည်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့ဟာ သူ့ရဲ့ကွပ်ကဲမှုအောက်မှာရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရုရှားဘက်က ဆုံးရှုံးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဒရုန်းတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့်လို့ ဆီယက်စကီးက ပြောကြားခဲ့ပါတယ်။

သူ ဦးဆောင်ခဲ့တဲ့စစ်ရေးကာလအတွင်းမှာတော့ ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းက အာယိကာ (Avdiivka)၊ ဗူဟာလက်ဒါး(Vuhledar)မြို့တွေကနေ၊ နောက်ပြီး ပိုခရော့စ်ခ်(Pokrovsk) အနီး၀န်းကျင် ဒေသတွေကပါ ကသောင်းကနင်း ဆုတ်ခွာခဲ့ရပါတယ်။​

ဘီဘီစီကို အစောပိုင်းမှာ စကားပြောခဲ့တဲ့စစ်သားတချို့ကတော့ ဘယ်လောက်အခြေအနေဆိုးဆိုး ကိုယ့်နေရာကို မဆုတ်တမ်း ခုခံဖို့ အမိန့်ပေးခံခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ ဆုတ်ခွာဖို့ အမိန့်ရတဲ့အချိန်ကျတော့ ရုရှားတပ်တွေက ဝိုင်းပတ်လုနီးပါး ဖြစ်နေပြီး အချိန်နှောင်းသွားတတ်တာ များတယ်လို့လည်း ဆိုကြပါတယ်။

ဆီယက်စကီးကတော့ အဲဒီလိုအခြေအနေတွေ စစ်မျက်နှာပြင်မှာ ဖြစ်တတ်တာကို မငြင်းပါဘူး။ ဒါပေမဲ့ ယူကရိန်းဟာ ကိုယ့်ထက် အင်အားအဆပေါင်းများစွာ သာလွန်တဲ့စစ်တပ်တစ်ခုနဲ့ တိုက်ခိုက်နေရတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးအင်အား အချိုးဟာ ရုရှားဘက်က ၁၈ ဆ၊ ၁ ဆ အသာစီး ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီနှစ်ထဲမှာပဲ ရုရှားမှာ ယူကရိန်းထက် အမြောက်စနစ်နဲ့ ကျည်ဆန်အရေအတွက် နှစ်ဆခွဲလောက် ပိုများခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ရေးလေ့ကျင့်ထားတဲ့လူအင်အား ၄ သန်းလောက်ကို ဆင့်ခေါ်နိုင်စွမ်း ရှိတာကြောင့် ရုရှားတပ်တွေဟာ စစ်မျက်နှာတချို့မှာ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့တယ်လို့ သူက ခုခံပြောဆိုပါတယ်။

ဆီယက်စကီးရဲ့အကျော်ကြားဆုံး စစ်ဆင်ရေးတွေထဲက တစ်ခုကတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့တဲ့ ရုရှားနိုင်ငံ ခုရ်စ်ခ် (Kursk) ဒေသအတွင်း ထိုးဖောက်ဝင်ရောက်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ် နွေဦးရာသီမှာတော့ အဲဒီစစ်ဆင်ရေးဟာ အကြီးအကျယ် ဆုတ်ခွာရတဲ့ အခြေအနေနဲ့ အဆုံးသတ်ခဲ့ပြီး စစ်သားတချို့က "မရှုမလှ" ဖြစ်တဲ့အခြေအနေလို့တောင် ပြောကြပါတယ်။

ဒါပေမဲ့ ဆီယက်စကီးကတော့ ခုရ်စ်ခ်ဒေသ စစ်ဆင်ရေးဟာ "လိုအပ်လို့လုပ်ရတဲ့စစ်ဆင်ရေး" ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

"၂၀၂၄ ခုနှစ် နွေရာသီတုန်းက ရုရှားတပ်တွေဟာ စစ်မျက်နှာတလျှောက် အဓိက ဦးတည်ချက်အားလုံးမှာ ကျွန်တော်တို့ထက် အများဆုံး ခြောက်ဆလောက် ပိုများတဲ့ လူအင်အားနဲ့ ဖိအားပေး ထိုးစစ်ဆင်နေခဲ့တာ ဖြစ်တယ်" လို့ သူက ရှင်းပြပါတယ်။

ဆီယက်စကီးရဲ့အပြောအရဆိုရင် ခုရ်စ်ခ် ဒေသကို ထိုးဖောက်ဝင်ရောက်မှုကြောင့် ရုရှားရဲ့ ထိုးစစ်အရှိန်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မော်စကိုက တပ်အင်အားတွေကို တခြားနေရာကနေ ပြန်ရွှေ့သုံးစွဲရအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲဒီကြောင့် ယူကရိန်းဘက်က အချိန်အနည်းငယ် အသက်ရှူချောင်ခွင့် ရခဲ့ပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အင်အားပင်ပန်းနွမ်းနယ်နေတဲ့တပ်ရင်းတွေ ပြန်လည်အားဖြည့်နိုင်ဖို့ အခွင့်အရေး ရခဲ့တယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းကတော့ ရုရှားမှာ ယူကရိန်းကို ကျော်လွန်ပြီး နယ်မြေချဲ့ထွင်လိုတဲ့ရည်မှန်းချက် ရှိနိုင်တယ်ဆိုတာကို သံသယရှိနေကြတဲ့ ဥရောပမဟာမိတ်နိုင်ငံတွေကိုလည်း သူက ပြင်းပြင်းထန်ထန် သတိပေးပါတယ်။

"စစ်ပွဲအတွက် အခုပဲ စတင်ပြင်ဆင်ထားကြဖို့" နဲ့ "ဒီစစ်ဟာ သူတို့ဆီ မရောက်လာနိုင်ဘူးဆိုတဲ့ အယူအဆမှန်သမျှကို စွန့်လွှတ်ထားကြဖို့" ဗိုလ်ချုပ်ကြီးဟောင်းက ဥရောပမိတ်ဖက်နိုင်ငံတွေကိုပြောပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ယူကရိန်းရဲ့စစ်ပွဲဟာ နည်းပညာပိုင်း ပိုမိုအခြေပြုလာမယ်လို့ ယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။ ရှေ့ဆက်ပြီး စက်ရုပ်တွေ၊ အလိုအလျောက် လည်ပတ်တဲ့ စနစ်တွေ၊ ဉာဏ်ရည်တု (AI) နည်းပညာတွေ ပိုမိုအသုံးပြုလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အခုဆိုရင် သာမန်လက်နက်တွေမှာတောင် သူတို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ AI အခြေပြု ထိန်းချုပ်စနစ်တွေ တပ်ဆင်လာနေပြီ" လို့ သူက ပြောပါတယ်။

အဲဒီလိုနည်းပညာတွေက တင့်ကားတွေလို ရိုးရာလက်နက်စနစ်တွေကိုတောင် အသက်ပြန်သွင်းပေးနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ လက်ရှိမှာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက သံချပ်ကာယာဉ်တွေကို ကာကွယ်ပေးနိုင်မယ့် "တက်ကြွကာကွယ်ရေးစနစ်" (active protection systems) တွေ ဖွံ့ဖြိုးအောင် အပြိုင်အဆိုင် လုပ်ဆောင်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် စစ်မြေပြင်မှာတော့ "လူသားရဲ့ အခန်းကဏ္ဍက အဆုံးအဖြတ်ပေးနိုင်တဲ့အရာအဖြစ် ဆက်ရှိနေဦးမှာပဲ" လို့ ဆီယက်စကီးက အခိုင်အမာ ပြောပါတယ်။

"ဘာကြောင့်လဲဆိုတော့ ဒီစနစ်တွေကို နောက်ဆုံးမှာ လူတွေကပဲ ထိန်းချုပ် ကြီးကြပ်ရမှာ ဖြစ်လို့ပါ" လို့ သူက ဆိုပါတယ်။