ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုးကန့် ဝေမိသားစုဝင် ၃ ဦးကို တရုတ်သေဒဏ်ချမှတ်

ကျားဖြန့်၊ လူသေမှုနဲ့ ကိုးကန့် ဝေမိသားစုဝင် ၃ ဦးကို တရုတ် သေဒဏ်ချမှတ်တဲ့သတင်းနဲ့အတူ အောက်တိုဘာလ ၁၃ ရက် မြန်မာနဲ့ ကမ္ဘာတ၀န်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အောက်တိုဘာ ပထမအပတ်အတွင်း ချင်း၊ စစ်ကိုင်းနဲ့ မကွေးမှာ ဘက်ပြောင်းခိုလှုံနဲ့ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသူ စစ်သားတွေထဲ စစ်မှုထမ်းတပ်သားသစ်တွေ အများဆုံးပါဝင်နေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ပြော
  • စစ်မှုထမ်းအပတ်စဥ် သင်တန်းတစ်ခုကို လူထောင်ချီစုနေတဲ့နေပြည်တော်ဟာ စစ်မှုထမ်းပြီးသူ ၁ ဦးကို မလေးရှားကို အလုပ်အတွက် စေလွှတ်လိုက်ပြီလို့ သတင်းထုတ်
  • ရခိုင်၊ ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းပေါ်မှာ စစ်တပ်ခြေကုပ်နေရာရသွားပြီလို့ဆို
  • ကိုးကန့်ရဲ့ ဝေမိသားစုခေါင်း‌ဆောင် ဝေစန်းအပါ ၃ ဦးကို တရုတ်သေဒဏ်ပေး
  • မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်မှာ လူနာတွေကို ကုသပေးနေတဲ့ ပရဟိတဆရာ ဦးနေလင်းအောင်ကို အာဏာပိုင်တွေက ခေါ်ယူစစ်မေးပြီး နေအိမ်ထဲအထိ ရှာဖွေစစ်ဆေးခဲ့တယ်လို့ဆို
  • မြန်မာက ကလေးငယ်တွေကို တရားမဝင်ခေါ်ဆောင်လာပြီး အတင်းအကျပ်ပန်းရောင်းခိုင်းစေတဲ့ နေအိမ်ကို ထိုင်းအာဏာပိုင်တွေစီးနင်း၊ သံသယရှိသူ ၄ ဦးကိုဖမ်းဆီး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ''ထိုးစစ်အတွက် ရုရှား ဦးကျိုးနေပြီ'' လို့ ယူကရိန်းကာချုပ်ဟောင်းပြော

    ရုရှားရဲ့ထိုးစစ်ဆင်နိုင်စွမ်းဟာ "ကျိုးပျက်သွားပြီ" လို့ ယူကရိန်းစစ်တပ်ရဲ့အကြီးတန်း စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ ဆီယက်စကီးက ဘီဘီစီနဲ့သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ ရုရှားဘက်က စစ်သားဆုံးရှုံးမှု အရမ်းများလာတဲ့အတွက် ရှေ့တန်းစစ်မျက်နှာကို ယူကရိန်းက တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    ဆီယက်စကီးဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ရာထူးက ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် မီဒီယာကို ပထမဆုံးပေးတဲ့အနေနဲ့ ဘီဘီစီနဲ့ပြုလုပ်တဲ့သီးသန့်အင်တာဗျူးမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ခေတ်မီနည်းပညာသုံးလာနေတဲ့ ယူကရိန်းစစ်တပ်ကို ဦးဆောင်ဖို့ မသင့်တော်တဲ့ "ခေတ်ဟောင်း အမြင်အတွေးနဲ့စစ်ဗိုလ်ချုပ်" လို့ဆိုပြီး သူ ရာထူးကနေ ဖယ်ရှားခံရတာလို့ ဝေဖန်တာတွေကိုလည်း သူက တုံ့ပြန် ချေပခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက််ဖတ်ရှုနိုင်ပါတယ်။

  3. ဂျီနိုဆိုက်ကျူးလွန်းကြောင်း မြန်မာကို ICJ ဆုံးဖြတ်မှာလား

    မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က သိပ်မကြာခင် ကာလမှာပဲ အပြီးသတ် ဆုံးဖြတ်အမိန့်တွေ ချလိမ့်မယ် ဆိုပြီး၊ ဒီအမှုထဲ ပါဝင် ပတ်သက်နေသူတွေ၊ ဥပဒေ ပညာရှင်တွေက ပြောကြပါတယ်။

    အမှုကာလတလျှောက် ဖြစ်ပျက်ခဲ့တာတွေ၊ နှစ်ဘက်တင်သွင်း လျှောက်ထားခဲ့ကြတဲ့ သက်သေ အထောက်အထားတွေကိုကြည့်ရင်၊ ဘယ်လို အမိန့်မျိုးတွေ ဆုံးဖြတ်လာနိုင်ဖွယ် ရှိပါသလဲ။ ICJ အမိန့်ဟာ မြန်မာ့အရေး တစ်ခုလုံးအပေါ် ဘယ်လို သက်ရောက်လာနိုင်ပါသလဲ။

    ကုလသမဂ္ဂ စုံစမ်းရေး အရာရှိ တာဝန်ထမ်းဆောင်ခဲ့တုန်းက မြန်မာနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ်ထိ သွားရောက်ပြီး၊ ထွက်ပြေးလာကြသူတွေရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့သူလည်းဖြစ်၊ ICJ အမှုမှာ သက်သေထွက်ဆိုထားတဲ့ ရိုဟင်ဂျာ ၃ ယောက်ကို တရားဝင် ကိုယ်စားပြုပေးနေပြီး ICJ စီရင်ကြားနာမှုတွေပါ အနီးကပ် ရှိနေခဲ့တဲ့ Legal Worldwide Action အဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်တိုနီယာ မော်လ်ဗီကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

    ဒီလင့်ခ် ကနေ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  4. မြန်မာကလေးငယ် ၇ ဦးကို လူကုန်ကူးမှုနှိမ်နင်းရေးစစ်ဆင်ရေးမှာ ထိုင်းအာဏာပိုင်တွေကယ်ဆယ်

    ကလေးငယ်တွေကို ထိုင်းနိုင်ငံဆီ ခေါ်ဆောင်လာပြီး ပန်းရောင်းချဖို့ အတင်းအကျပ်ခိုင်းစေတဲ့နေအိမ် တစ်အိမ်ကို ဝင်ရောက်စီးနင်းရာကနေ မြန်မာကလေးငယ် ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပါတယ်။

    ဒီစီးနင်းမှုကနေ ကလေးငယ်တွေကို လူကုန်ကူးမှု သံသယရှိတဲ့ လူ ၄ ဦးကိုလည်း နေအိမ်အတွင်းဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

    ဘန်ကောက်ခရိုင်အုပ်ချုပ်ရေးဌာန(DOPA)ရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဒီစီးနင်းမှုကို ဦး‌ဆောင်ခဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခံ သံသယရှိသူတွေဟာ ဘန်ကောက်နဲ့ ခရီးသွားလာများတဲ့နေရာတွေမှာ ပန်းနဲ့ အစားအသောက်တွေ၊ အရက်ဘီယာ အဖျော်ယမကာတွေကိုရောင်းချဖို့ မြန်မာက ကလေးတွေကို ခေါ်ဆောင်နေတယ်ဆိုတဲ့ လူထုရဲ့တိုင်ကြားချက်တွေ ရရှိပြီးနောက်မှာ အခုလို DOPA က စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာလို့ ထိုင်းသတင်းမှာ ရေးပါတယ်။

    စီးနင်းခဲ့တဲ့ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့မြန်မာနိုင်ငံသားတစ်ဦးရဲ့ တိုင်ကြားချက်ကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    တိုင်ကြားတဲ့ မြန်မာနိုင်ငံသားရဲ့ပြောပြချက်အရ လူကုန်ကူးတဲ့အဖွဲ့ဟာ ညဘက်လူစည်ကားတဲ့ နေရာတွေမှာ ကလေးငယ်တွေကို ပန်းရောင်းဖို့ အတင်းအကျပ်ခိုင်းစေခဲ့သလို ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေလည်း ရှိနေတယ်လို့ ထုတ်ပြောထားတယ်လို့ သိရပါတယ်။

    စုံစမ်းစစ်ဆေးချက်တွေအရ သံသယရှိသူတွေဟာ မြန်မာက ကလေးငယ်တွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီးက တရားမဝင်နယ်စပ်ဂိတ်တွေကတဆင့် ခေါ်ဆောင်ခဲ့ကြတာလို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

    လက်ရှိမှာ ကယ်ထုတ်ထားတဲ့ မြန်မာကလေးငယ် ၇ ဦးကို ထိုင်းအာဏာပိုင်တွေက နုန်ဘူရီမှာရှိတဲ့ ကာကွယ်ရေးနဲ့ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ပို့ဆောင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

  5. မြောက်ဒဂုံက ပရဟိတဆေးဆရာ စစ်ဆေးခံရပြီး ၃ ရက်မြောက်အထိ ‌ဆေးခန်းပိတ်ထားတယ်လို့ဆို

    ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်မှာ လူနာတွေကို ကုသပေးနေတဲ့ ပရဟိတဆရာ ဦးနေလင်းအောင်ဆိုသူဟာ ဆေးခန်းမှာ ဆေးကုသမှုတွေ ရပ်နားထားတာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်အထိ ၃ ရက်ကြာရှိလာပြီလို့ ရပ်ကွက်ထဲမှာနေထိုင်သူအချို့က ပြောပါတယ်။

    အာဏာပိုင်တွေက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဦးနေလင်းအောင်ကို စစ်ဆေးဖို့ခေါ်ဆောင်သွားပြီး‌နောက် ရပ်ကွက် ဘုန်းတော်ကြီးကျောင်းထဲမှာဖွင့်ထားတဲ့ ဆေးခန်းကို ယာယီပိတ်ထားလိုက်ရတာလို့ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    အာဏာပိုင်တွေက “သူ့အိမ်ထဲအထိ ဝင်ရှာတယ်။ အိမ်ထဲမှာ လှောင်ထားတဲ့ လိမ်းဆေးအဆီတွေ တွေ့တယ်လို့ သိရတယ်” လို့လည်း သူက ပြန်ပြောပြပါတယ်။

    အဲဒီလိမ်းဆေးဆီတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးဖို့ ယူသွားတယ်လို့ သူက ပြောပါတယ်။

    ဦးနေလင်းအောင်ဟာ အနယ်နယ်အရပ်ရပ်ကလာတဲ့ အရိုး၊ အကြောနဲ့ သွားနာသူတွေကို ဝိဇ္ဇာဓရနည်းနဲ့ အခမဲ့ကုသပေးနေတာလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားပါတယ်။

    ဒါပေမဲ့ ကုသရာမှာ လူနာတွေကို ခြေထောက်နဲ့ ဒူးသုံး ကန်ကြောက်ပြီး ဆေးကုသနေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်ပြစ်တင်သံတွေ ထွက်လာချိန်မှာပဲ အခုလိုအာဏာပိုင်တွေက ခေါ်ယူစစ်ဆေးမှုတွေ ရှိလာတာဖြစ်ပါတယ်။ ‌

    တစ်ဖက်မှာလည်း လူနာတွေကို ခြေထောက်နဲ့ ကန်ပြီးကုသနေတဲ့ရုပ်သံဗီဒီယိုတွေဟာ ‘AI’ နဲ့ ပြုလုပ်ထားတာသာ ဖြစ်တယ်လို့ ဦးနေလင်းအောင်က သတင်းမီဒီယာတွေကို အစောပိုင်းမှာ ဖြေကြားထားပါတယ်။

    ဦးနေလင်းအောင် တစ်တော့လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ဆေးကုသပေးတဲ့ရုပ်သံဖိုင်တွေထဲမှာတော့ ဆေးခန်းလာပြတဲ့ လူနာတွေကို ဦးနေလင်းအောင်ကိုယ်တိုင် လိမ်းဆေးဆီတစ်မျိုးနဲ့ ဆေးလိမ်းကုသနှိပ်နယ်ပေးနေတာ တွေ့ရပါတယ်။

    နောက်ထပ် မြောက်ဒဂုံမြို့ခံတစ်ဦးကလည်း ခါးနာလို့ ဆေးခန်းသွားပြခဲ့ချိန် လိမ်းဆေးဆီနဲ့ လိမ်းပေးပြီး ကုသပေးမှု ခံယူခဲ့ရတယ်လို့ပြောပါတယ်။

    “ဆေးလိမ်းတုန်းခဏပဲ သက်သာတာ၊ နောက်ရက်ကျ ခါးက ပြန်နာတာပဲ အရှင်းမပျောက်ဘူး” လို့ သူက ဆိုပါတယ်။

    တိုင်းရင်းဆေးပညာနဲ့နီးစပ်သူတစ်ဦးကတော့ လိမ်းဆေးအမှု့န်တွေမှာ စတီးရွိုက်လို့ခေါ်တဲ့ ဆေးနဲ့ အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကို ရောစပ်ထားတဲ့ လိမ်းဆေးတွေကလည်း ခန္ဓာကိုယ်က ဝေဒနာတွေကို ခေတ္တသက်သာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

    စတီးရွိုက်ဆေးဟာ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာ၊ ပန်းနာရင်ကြပ်၊ အရေးပြား ဓာတ်မတည့်တာနဲ့ ကိုယ်ခံအားကျဆင်းမှုဆိုင်ရာ ရောဂါတွေမှာ အသုံးပြုတဲ့ဆေးပြင်းတစ်မျိုးဖြစ်ပါတယ်။

    ဦးနေလင်းအောင်ကတော့ နာမည်ရှိသရုပ်ဆောင်တွေအပါအ၀င် ဝန်ကြီးချုပ်အဆင့်ရှိသူတွေပါ လာရောက်ကုသကြတယ်ဆိုတဲ့မြင်ကွင်းတွေပါတဲ့ရုပ်သံတချို့ကို သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

    တစ်နေ့ကို လူ ၁,၅၀၀ ကနေ ၂,၀၀၀ ကြားမှာ ကုသပေးနေတယ်လို့ သူက ပြောပါတယ်။

    သွားရောက်ကုသခဲ့သူတွေကတော့ သူဟာ အခမဲ့ကုသပေးတယ်ဆိုပေမဲ့ သူဖော်စပ်ထားတဲ့ လိမ်းဆေးကိုတော့ အခကြေးငွေပေးပြီး ဝယ်ယူရတယ်လို့ ပြောပါတယ်။

    ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက ဦးနေလင်းအောင်ရဲ့ တုံ့ပြန်ချက်ရဖို့ သူ့ရဲ့ ဖုန်းနံပတ်တွေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

  6. ကိုးကန့် ဝေမိသားစုဝင် ၃ ဦးကို တရုတ်က သေဒဏ်ချမှတ်

    ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး ၄ စုထဲက ဝေမိသားစု ခေါင်းဆောင်အပါအဝင် ၃ ဦးကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ တရုတ်နိုင်ငံ၊ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနကနေ ကြေညာပါတယ်။

    ဝေမိသားစုခေါင်းဆောင် ဝေစန်းနဲ့ လျိုကျင်းဖန်၊ ကောင်းမင်တို့ ၃ ဦးကို သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

    ဝေမိသားစုဝင်တွေကို ဖူကျန့်ပြည်နယ်၊ ချန်ကျိုးမြို့က တရားရုံးမှာ ၂၀၂၆ မေလမှာ စတင် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    ကိုးကန့်ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြီနဲ့ ပယ်မိသားစုဝင်တွေကို သေဒဏ်ချမှတ်ပြီး တစ်နှစ်ကျော်အကြာမှာပဲ နောက်ထပ် ဝေမိသားစုကိုပါ အခုလို တရုတ်က သေဒဏ်ထပ်ပေးလိုက်တာဖြစ်ပါတယ်။

    ဝေမိသားစုဟာ ကျားဖြန့်လုပ်ငန်းကနေ ယွမ် ၂၄ ဘီလျံကျော်ကို ငွေလိမ်လည်တာအပြင် ကျားဖြန့်လုပ်ငန်းထဲမှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို သေဆုံးစေခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေ ထင်ရှားတာကြောင့် သေဒဏ်ချလိုက်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဝေမိသားစုဝင် ဝေချင်း‌တောင်အပါ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သလို နောက်ထပ် ၅၅ ဦးကိုတော့ ထောင်ဒဏ် နှစ် ၂၀ ကျော်နဲ့ ဒဏ်ကြေးတွေ ချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းတာနဲ့ ပြည်နှင်ဒဏ်ပေးတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်မှုအပါအဝင်၊ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုရုံတွေ ထောင်မှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်သာမက တခြားရာဇဝတ်မှုတွေကိုပါ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ တရုတ်သတင်းဌာနက ရေးပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသက ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစုတို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ပြီး တရုတ်ပြည်သူတွေကို ပစ်မှတ်ထားလိမ်လည်မှုတွေအပြင် တခြားရာဇဝတ်မှုတွေနဲ့ပါ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က ဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးပြီးသုံးနှစ်အကြာ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်က သေဒဏ်ပေးခဲ့ပါတယ်။

  7. ချက်နိုင်ငံက Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ တက်ရောက်

    ချက်သမ္မတနိုင်ငံ မြို့တော် ပရာ့ဂ်မြို့မှာကျင်းပတဲ့ Forum 2000 ညီလာခံကို နေပြည်တော်မှာ အကျဥ်းကျခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားတက်ရောက်ခဲ့တယ်လို့ သားအငယ်ဖြစ်သူ ကင်မ် အဲရစ်က ပြောပါတယ်။

    ဒီမိုကရေစီ၊ လူထုအားနဲ့ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ရည်ရွယ်တဲ့ Forum 2000 ညီလာခံကို ချက် သမ္မတ ဗားဆလက် ဟာဗယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဆာဆာကာဝါနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လီ ဝီဆယ်တို့က ၁၉၉၁ ခုနှစ်မှာ ပူးတွဲ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

    ချက်သမ္မတ ဗားဆလက် ဟာဗယ် ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရချိန်နဲ့ ဒီမိုကရေစီ ခရီးတလျှောက် အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်။

    အခုတော့ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၃ ရက်အတွင်း ကျင်းပတဲ့ ပရာ့ဂ်မြို့က ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက်ခဲ့တယ်လို့ သားဖြစ်သူ ကင်မ် အဲရစ်က ပြောပါတယ်။

    ကင်မ် အဲရစ်ကတော့ ဖိုရမ်မှာ မိခင်ဖြစ်သူကို မမေ့သေးတဲ့မိတ်ဆွေတွေကို တွေ့ဆုံရတာကြောင့် မိခင်ကို ချစ်ခင်လေးစားကြသူတွေ ဘယ်လောက်များတယ်ဆိုတာကို သိရတဲ့အကြောင်းကိုလည်း ပြောပါတယ်။

    မိသားစု၊ ရှေ့နေတွေနဲ့တွေ့ဆုံခွင့် ဖြတ်တောက်ခံထားရတဲ့မိခင်ဖြစ်သူကို လွှတ်ပေးဖို့လည်း သူက ထပ်မံတောင်းဆိုလိုက်ပါတယ်။

    ဒါအပြင် ပြည်သူတွေရဲ့သတ္တိနဲ့ ဇွဲကြောင့် လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်အောင် ကူညီပေးတဲ့ Forum 2000 ကိုလည်း ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကြောင့် ၂၀၁၂ ခုနှစ်မှာ ဗားဆလက် ဟာဗယ်ဆုရရှိခဲ့ပါတယ်။

    နေပြည်တော်ဟာ အသက် ၈၁ နှစ်ကျော်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက ပြစ်မှုတွေနဲ့စွပ်စွဲပြီး ထောင်ဒဏ် ချမှတ်ထားပါတယ်။

  8. ရခိုင်၊ ပေါက်တောမြို့နယ်ထဲ စစ်တပ်ခြေကုပ်နေရာရသွားပြီလို့ဆို

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းမှာ မြန်မာစစ်တပ်က ခြေကုပ်နေရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

    စစ်တပ်က အောက်တိုဘာ ၁၀ ရက်တုန်းက ငပြီကျွန်းကို ကမ်းကပ်ခဲ့ပြီး ၄ ရက်အကြာမှာပဲ ကျွန်းပေါ်မှာ ခြေကုပ်နေရာရပြီး တပ်စွဲလိုက်တာလို့ သူက ဆိုပါတယ်။

    ကျွန်းပေါ်ကမ်းကပ်ပြီးချိန်ကတည်းက စစ်တပ်နဲ့ အေအေတပ်ဖွဲ့၀င်တွေကြား တိုက်ပွဲပြင်းထန်နေတာလို့ သူက ရှင်းပြပါတယ်။

    ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းအထိ “တိုက်ပွဲက ပြင်းထန်နေတုန်းပဲ” လို့ သူက ဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်တပ်နဲ့ အေအေ နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုတွေ များပြီး စစ်တပ်ကလည်း လေကြောင်းကနေ တိုက်လေယာဉ် ၃ စင်း ထက်မနည်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ တိုးလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    ငပြီကျွန်းဟာ လက်ရှိတိုက်ပွဲတွေရှိနေတဲ့စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းစတဲ့မြို့နယ် ၃ မြို့နယ်ရဲ့အစပ်မှာ တည်ရှိတဲ့ကျွန်း ဖြစ်ပါတယ်။

    ပေါက်တော်မြို့ကို စစ်တပ်နဲ့ အေ‌အေတို့ ၂ လ‌ကျော်ကြာ တိုက်ပွဲဖြစ်ပြီးမှ အေအေက ၂၀၂၄ ဇန်နဝါရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာလည်း စစ်တပ်က အေအေထိန်းချုပ်ထားတဲ့မြို့တွေကို “ရန်နိုင်အောင် စစ်ဆင်ရေး” ခေါင်းစဉ်အောက်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဖော်နေသလို လေကြောင်းကနေလည်း ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။

    အေအေရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်ထဲက လက်ကျန်နေရာ (စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေ)ကို ၂၀၂၆-၂၀၂၇ နှစ်တွေမှာ အပြီးသတ်တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။​

    အေအေက ရခိုင်ထဲက ၁၄ မြို့ကို ထိန်းချုပ်ထားပြီး စစ်တပ်ကတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ပေါက်တော၊ ငပြီကျွန်းပေါ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အေအေရော မြန်မာစစ်တပ်ရော ဒီနေ့နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  9. စစ်မှုထမ်းပြီးသူတစ်ဦးကို မလေးရှားမှာအလုပ်လုပ်ဖို့ နေပြည်တော်စေလွှတ်

    စစ်မှုထမ်းသင်တန်းအပတ်စဥ်တစ်ခုကို လူထောင်နဲ့ချီစုဆောင်းနေတဲ့နေပြည်တော်ဟာ စစ်မှုထမ်းပြီးသူ တစ်ဦးကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်လိုက်ပြီလို့ ဒီနေ့ သတင်းထုတ်ပါတယ်။

    သူ့ကို မလေးရှားက ကုန်ထုတ်လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်လိုက်တာလို့ နေပြည်တော်က ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြတာဖြစ်ပါတယ်။

    နောက်ပြီး စစ်မှုထမ်းပြီးထားသူ နောက်ထပ် ၅ ဦးစီကိုလည်း ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေကို ထပ်လွှတ်ဖို့ရှိတယ်လို့လည်း နေပြည်တော်ရဲ့ဒီနေ့ ထုတ်ပြန်ချက်မှာပြောပါတယ်။​

    စစ်မှုထမ်းပြီးသူတွေကို ပြည်ပမှာ အလုပ်ရအောင် မဖြစ်မနေ အလုပ်ရှာပေးဖို့ဆိုပြီး နေပြည်တော်အလုပ်သမား၀န်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကို ပြီးခဲ့တဲ့ဧပြီလကတည်းက ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်မှုထမ်းပြီးထားတဲ့သူ ရာနဲ့ချီရှိနိုင်ပေမဲ့ ကုန်ကျစရိတ်၊ ဘာသာစကား နဲ့ လုပ်ငန်းခွင်မှာ အသုံးချရမယ့် အရည်အချင်းတွေကြောင့် လူနည်းစုသာ စေလွှတ်နိုင်လိမ့်မယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ထိုင်းနဲ့ မလေးက အဆင်ပြေပေမဲ့ ဂျပန်လိုနေရာမျိုးက ဘာသာစကားလိုအပ်လို့ လွှတ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီလက်ထက် စတင်အသက်သွင်းတဲ့ စစ်မှုထမ်း ဥပဒေအောက် ၂ နှစ် တာဝန်ထမ်းပြီးတာနဲ့ အလုပ်အကိုင် ရရှိဖို့ပါ ဖန်တီးပေးမယ်လို့ စစ်ကောင်စီက ပြောထားတာဖြစ်ပါတယ်။

    ဒါပေမဲ့ ပြည်ပ ဘယ်နိုင်ငံတွေကို ဘယ်လိုပုံစံနဲ့ ပို့ဆောင်မယ်ဆိုတာကိုတော့ နေပြည်တော်က အတိအလင်းထုတ်ပြောတာမျိုး မရှိသေးပါဘူး။

    တစ်ဖက်မှာလည်း မြန်မာကနေ ရုရှားကို လုပ်သားအဖြစ်စေလွှတ်ရာမှာ မြန်မာလုပ်သား ၁၉ ဦး ရုရှားနိုင်ငံရဲ့ စုဆောင်းရေးတပ်ထဲကို ပို့ဆောင်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ပွားခဲ့ပါတယ်။

    မြန်မာနဲ့ ရုရှားနှစ်နိုင်ငံ အေဂျင်စီတွေကြား သဘောတူညီမှုနဲ့ မြန်မာဘက်က စေလွှတ်လိုက်ပေမဲ့ ရုရှားအေဂျင်စီတွေဘက်က စာချုပ်ချိုးဖောက်ပြီး လုပ်ဆောင်တာတွေရှိနေတယ်လို့ အေဂျင်စီတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

    “စာချုပ်ချုပ်တော့မှအလုပ်မဝင်ခင် စစ်မှုထမ်းရမယ်ဆိုတဲ့အချက်ပါလာတယ်။ အဲဒီတော့ လုပ်သားတွေက ငြင်းဆန်ပြီး မော်စကိုက မြန်မာသံရုံးကို အကြောင်းကြားလို့ စုဆောင်းခံရတယ်ဆိုတာသိရတာ” လို့ သူသိထားရတဲ့အကြောင်းကို ရှင်းပြပါတယ်။

    နေပြည်တော်ရဲ့အလုပ်သမားဝန်ကြီးဌာနကတေ့ာ မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲပို့ဆောင်ခံရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  10. ချင်းမှာ ဖမ်းမိတဲ့စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးကစစ်မှုထမ်းတွေဖြစ်နေ

    အခုလ ပထမတစ်ပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောပါတယ်။

    အောက်တိုဘာလပထမအပတ်အတွင်းမှာ တော်လှန်ရေးတပ်တွေဆီ ပူးပေါင်းလာတာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်သား၊ ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦးရှိပြီး အဲဒီထဲမှာ ဒီစစ်မှုထမ်းလူငယ်အများစုလည်း ပါ၀င်တယ်လို့ဆိုပါတယ်။

    နောက်ပြီး အဲဒီ ၂၂ ဦးထဲမှာ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း အောက်တိုဘာ ပထမ ပတ်အတွင်း လက်နက်ချ ဘက်ပြောင်းခိုလှုံသူ စစ်သား ၅ ဦးလည်းပါ၀င်တယ်လို့ဆိုပါတယ်။ အဲဒီ ၅ ဦးထဲမှာလည်း ၁ ဦးက စစ်မှုထမ်း တပ်သားသစ်လို့ ပြည်သူ့ပန်းတိုင်က ပြောပါတယ်။​

    ပြည်သူ့ပန်းတိုင်ကတော့ ချင်းပြည်နယ်က တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေလို့ပဲ ပြည်သူ့ပန်းတိုင်က ဖော်ပြပေမဲ့ ဘယ်တိုက်ပွဲတွေကနေ ဖမ်းမိတဲ့သူတွေလဲဆိုတာ မဖော်ပြထားပါဘူး။

    ဒါပေမဲ့ ဖမ်းမိတဲ့စစ်မှုထမ်း တပ်သားသစ် ၁၇ ဦး ဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီ ကျေးရွာတိုက်ပွဲကနေ ဖမ်းမိတဲ့သူတွေလို့ သတင်းတွေအရ နားလည်ရပါတယ်။

    မဆာတွီရွာဟာ မကွေးတိုင်း၊ လောင်းရှည်မြို့ကနေ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို သွားတဲ့လမ်းပေါ်က ကျေးရွာဖြစ်ပါတယ်။ စက်တင်ဘာလ နှောင်းပိုင်းကနေ အောက်တိုဘာလဆန်းအထိ စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    စစ်ကား အစီးရေ ရာချီပါတဲ့ စစ်တပ်ယာဥ်တန်းဟာ မကွေးတိုင်း၊ ဆောဒေသထဲက လောင်းရှည်မှာရှိတဲ့ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅) ဆီ စက်တင်ဘာလကုန်ပိုင်းမှာ ၀င်ရောက်ခဲ့ပါတယ်။

    အဲဒီကနေ ခွဲထွက်လာတဲ့အဖွဲ့တွေဟာ လောင်းရှည်ကနေတဆင့် ကချင်ပြည်နယ်ထဲက ကျင်ဒွေးမြို့ဆီတက်ဖို့လုပ်ချိန် မဆွာတီရွာမှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်စစ်ကြောင်းကို ချင်းတောင်ပိုင်းက ချင်းပြည်သူ့အစည်းအရုံးတပ်(CPU/ CPA)၊ ချင်းညီနောင်၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေ၊ အာရက္ခတပ်တော်(ULA/AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ယောဒေသတင်းတွေကို ဖော်ပြနေတဲ့ ယောအလင်းတန်းကတော့ စစ်တပ်ဟာ မဆာတွီရွာကို ခြေကုတ်ယူပြီး ကျင်ဒွေးမြို့အထိရောက်ဖို့ မဆာတွီမှာ အင်အားဖြည့်တင်းနေသလို လေကြောင်းနဲ့ လက်နက်ကြီးကို အားပြုတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီးရေးပါတယ်။

  11. မင်္ဂလာပါ။

    အောက်တိုဘာလ ၁၃ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။​