ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒူးရင်းသြဇာကို တရုတ်က ပိုဝယ်မယ်ဆိုလို့ ထိုင်ဝမ်မှာ အထိတ်တလန့်ဖြစ်
- ရေးသားသူ, ခိုအွေး
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
ဒူးရင်းသြဇာသီးတွေ ပိုဝယ်ယူတင်သွင်းမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ အစီအစဉ်ကို မယုံကြဖို့ ထိုင်ဝမ် စိုက်ပျိုးရေးသမားတွေကို ထိုင်ဝမ်အစိုးရက သတိပေးခဲ့တဲ့အတွက် ဒီဒူးရင်းသြဇာကြောင့် တရုတ်နဲ့ ထိုင်ဝမ်အကြား နောက်ထပ် အဆင်မပြေမှုတွေ ထပ်ဖြစ်လာနိုင်ပါတယ်။
ဒူးရင်းသြဇာလို့ သိကြတဲ့ အတိုမိုယာ သြဇာဟာ အခွံကြမ်းကြမ်းနဲ့ အဖြူရောင်အနှစ် အတွင်းသား ရှိတဲ့ သြဇာသီးမျိုးကွဲ ဖြစ်ပြီး ထိုင်ဝမ် တိုင်တန် ဒေသရဲ့ နာမည်ကြီး အထူးထွက်ကုန် ဖြစ်ပါတယ်။
ထိုင်ဝမ် ဒူးရင်းသြဇာသီးတွေကို တရုတ်က အဓိက ဝယ်ယူတင်သွင်းနေတာ ဖြစ်ပြီး ထိုင်ဝမ် ဒူးရင်းသြဇာတွေ နောက်ထပ်ပိုဝယ်မယ်လို့ အခုလအစောပိုင်းက ကတိပြု ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ ထိုင်ဝမ်စိုက်ပျိုးရေးသမားတွေ စျေးကွက်အပြောင်းအလဲ မကြုံခင် သူတို့အပေါ် မှီခိုအားထားလာအောင် လုပ်ဖို့ အတွက် အပေါ်ကို ပင့်၊ အငိုက်ဖမ်းပြီးမှ အောက်ကို ရိုက်ချလေ့ရှိတဲ့ တရုတ်အစိုးရရဲ့ လုပ်နေကျ နည်းဖြစ်တယ် ဆိုပြီး ထိုင်ဝမ် စိုက်ပျိုးရေး ဝန်ကြီးဌာနက စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပြီး အင်အားသုံး သိမ်းပိုက်တာမျိုး မလုပ်ဘူးလို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ လတ်တလောနှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့မှုတွေ စမ်းသပ်လုပ်တာမျိုး အပါအဝင် ထိုင်ဝမ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်အစိုးရက တိုးမြှင့်လုပ်လာနေပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ဖိအားပေးဖို့ စစ်ရေးနည်းမဟုတ်တဲ့ နည်းဗျူဟာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အဲဒီထဲမှာ သစ်သီးဝလံတွေလည်း ပါလာပုံ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာ ထိုင်ဝမ် နာနတ်သီး ဝယ်ယူတင်သွင်းမှုကို တရုတ်က ပိတ်ပင်ခဲ့တာကြောင့် ထိုင်ဝမ် စိုက်ပျိုးရေးလုပ်ငန်းရှင်တွေရဲ့ ဘဝတွေ အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။ စီးပွားရေးအရ အတင်းအကျပ်ခိုင်းစေမှုအဖြစ် ထိုင်ဝမ်သား အတော်များများက ယူဆခဲ့တဲ့ ဒီပိတ်ပင်မှုကို တန်ပြန်ဖို့အတွက် ထိုင်ဝမ်နာနတ်သီးတွေကို ပြည်တွင်းမှာ ဝယ်ယူစားသုံးတဲ့ လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့ရပါတယ်။
အခုဆိုရင် ဒူးရင်းသြဇာလည်း အလားတူ ဖြစ်လာနေပြီလို့ တချို့က ပြောနေပါတယ်။
"ချစ်ကြည်ရင်းနှီးမှုပြတဲ့အနေနဲ့ ပထမတော့ ဒူးရင်းသြဇာတွေ အများကြီး ဝယ်ပြလိမ့်မယ်၊ ထိုင်ဝမ် စိုက်ပျိုးရေးသမားတွေကိုလည်း ဒူးရင်းသြဇာတွေ စိုက်ဖို့ အားပေးအားမြှောက်လုပ်လိမ့်မယ်။ အဲဒီနောက်မှာတော့ ဘာသတိပေးချက်မှ မရှိဘဲ ဒူးရင်းသြဇာ တင်ပို့မှုကို တစ်ဘက်သတ် ကန့်သတ်တာမျိုး လုပ်လာလိမ့်မယ်" လို့ ထိုင်ဝမ် စိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ပိုးမွှားတွေကြောင့် ဆိုပြီး ဒူးရင်းသြဇာ ဝယ်ယူတင်သွင်းမှုကို ၂၀၂၁ ခုနှစ်က တရုတ်က ဆိုင်းငံ့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ တင်သွင်းမှုတွေကို တချို့တဝက် ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ်မှာ ဒူးရင်းသြဇာအပေါ် အခွန်ငွေတွေ တိုးကောက်ခဲ့တယ် လို့ ထိုင်ဝမ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုလုပ်ရပ်မျိုးတွေကြောင့် သစ်သီးလုပ်ငန်းမှာ မတည်မငြိမ်မှုတွေနဲ့ ကြုံလာရပြီး စိုက်ပျိုးရေးသမားတွေအတွက် ကြီးမားတဲ့ ဒုက္ခအန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတယ်လို့ ထိုင်ဝမ် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်အစိုးရဟာ သူတို့ကိုယ်ပိုင် ဒူးရင်းသြဇာစိုက်ပျိုးမှုတွေကိုလည်း တိုးချဲ့ လုပ်လာနေပြီး ထိုင်ဝမ်ရဲ့ ဒေသထွက် လုပ်ငန်းအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ် ရေလက်ကြားပေါ်က တရုတ်နိုင်ငံ ရှာမန်း ကမ်းရိုးတန်းမြို့ မှာကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ ဒူးရင်းသြဇာတွေ နောက်ထပ် ပိုဝယ်မယ်ဆိုပြီး တရုတ်ကုမ္ပဏီတွေက ကတိပြုပြောခဲ့အပြီး ထိုင်ဝမ် ဒူးရင်းသြဇာ တင်ပို့မှုနဲ့ ပတ်သက်လို့ အခြေအတင် အငြင်းပွားမှုတွေ အခုလအစောပိုင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ငါးနဲ့ လက်ဖက်ခြောက် အပါအဝင် တရုတ်နိုင်ငံဆီ ထိုင်ဝမ်က တင်ပို့နေတဲ့ ပို့ကုန်တွေကို တိုးမြှင့်ဝယ်ယူမယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အဲဒီဖိုရမ်ကို မတက်ကြဖို့ ထိုင်ဝမ်ဗဟိုအစိုးရက တရားဝင် ပိတ်ပင်ထားပေမဲ့ ထိုင်ဝမ်က စီးပွားရေး ခေါင်းဆောင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဖိုရမ် တက်ခဲ့သူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ကောင်းလုပ်မယ် ဆိုပြီး ထိုင်ဝမ်ရဲ့ ပြည်မကြီး ကိစ္စရေးရာ ကောင်စီရဲ့ ပြောခွင့်ရသူက အဲဒီအချိန်က သတိပေးထားပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေအနေနဲ့ ကြာရှည်တည်တံ့တဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိုက်ပျိုးရေးသမားတွေအတွက် တည်ငြိမ်တဲ့ ဝင်ငွေ ရရေးအပေါ် အဓိက အာရုံစိုက်မှာ ဖြစ်ပြီး ရေခဲရိုက် ဒူးရင်းသြဇာတွေ၊ ဒူးရင်းသြဇာအနှစ်တွေ၊ ဒူးရင်းသြဇာဝိုင်တွေ ထုတ်တာမျိုးအပါအဝင် ကွဲပြားခြားနားတဲ့ လုပ်ငန်းစဉ်တွေ ရှေ့ရှု လုပ်ဆောင်နိုင်ဖို့ ဒူးရင်းသြဇာ လုပ်ငန်းကို ဆက်လက် လမ်းပြသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အတိုက်အခံ ကူမင်တန်ပါတီက အမတ်တွေကတော့ ဒီလို သတိပေးချက်ဟာ ဒူးရင်းသြဇာ လုပ်ငန်းကို နိုင်ငံရေးနဲ့ ဆက်နွှယ်ပစ်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ကြပြီး ဒီလိုလုပ်တဲ့အတွက် ထိုင်ဝမ်စိုက်ပျိုးရေးသမားတွေပဲ ထိခိုက်နစ်နာကြလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
တိုင်ပေ မြို့တော်ဝန် ချီအန်း ဝန်အန် က ထိုင်ဝမ် ပြည်မကြီး ရေးရာ ကောင်စီဟာ ထိုင်ဝမ် စိုက်ပျိုးရေးသမားတွေကို အနိုင်ကျင့်ဖိနှိပ်ဖို့ ဒီကိစ္စကို သုံးနေတာ ဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ရဲ့ ကမ္ဘာကျော်ကုမ္ပဏီဖြစ်တဲ့ Taiwan Semiconductor Manufacturing Company (TSMC ) လိုပဲ ဒီဒူးရင်းသြဇာဟာ သစ်သီးလောကမှာ ကမ္ဘာကျော်တဲ့ အသီးဖြစ်တယ်လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"ထိုင်ဝမ် ဒူးရင်းသြဇာလောက် အရသာရှိတဲ့ ထူးခြားတဲ့ အသီးမျိုး ကမ္ဘာမှာ ဘယ်နိုင်ငံကမှ မထုတ်နိုင်ပါဘူး။"