ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်း - စစ်ဘေးအပြင် အဆိုးဆုံးရေဘေးထပ်ကြုံနေရ
စစ်ကိုင်းတိုင်းထဲ အကြီးဆုံးဆည်ဖြစ်တဲ့ သဖန်းဆိပ်ဆည်ရှိရာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၀ ခုမှာ ရေဘေးအခြေအနေ ဆိုးရွားနေပြီး လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ရှိလာနေပါတယ်။
ဒေသခံတွေကတော့ သဖန်းဆိပ်ဆည်ကို ထိန်းချုပ်ထားတဲ့ စစ်တပ်က ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ဆည်ရေပိုလွှဲကနေ ရေဖောက်ချခဲ့တာကြောင့် အောက်ပိုင်းဒေသတွေ ရုတ်တရက် ရေကြီးလာတာလို့ ပြောပါတယ်။
ရေကြီးမှုကြောင့် NUG အစိုးရအတွက် စစ်ရေးအရ အရေးပါတဲ့ က သုံးလုံးဒေသထဲက ကန့်ဘလူခရိုင် နဲ့ ဆက်စပ်ဒေသတွေက ကျေးရွာတွေပါ ရေနစ်မြုပ်နေပါတယ်။
စစ်ကိုင်းဟာ တော်လှန်ရေးအင်အားစုတွေအပြင် စစ်တပ်နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တို့ နှစ်ဖက်လုံးအားကောင်းတဲ့ ဒေသဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသမှာ ရေဘေးကြုံလာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ မနိုင်မနင်းဖြစ်နေပြီး အာဏာပိုင်တွေအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ပေးဖို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဘယ်ဒေသတွေမှာ ရေဘေးအခြေအနေ အဆိုးရွားဆုံးဖြစ်နေလဲ။ ဘာကြောင့် ဒီလောက်အထိ အဆိုးရွားဆုံး ဖြစ်ခဲ့လဲ။
စစ်ကိုင်းမှာ ရေဘာကြောင့် ကြီးခဲ့သလဲ
နေပြည်တော်ကတော့ မိုးများပြီး သဖန်းရေလှောင်တမံရဲ့ သတ်မှတ်ထားတဲ့ ကန်ရေပြည့်အမှတ်အထိ မြင့်တက်ခဲ့လို့ ဖောက်ချခဲ့တာလို့ အကြောင်းပြချက်ပေးပါတယ်။
သဖန်းဆိပ်ရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်က ၅၄၅ ပေဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်မှာ ကန်ရေအမှတ်က ၅၄၄ ပေ ၄ လက်မအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ရေပိုလွှဲကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်းမှာ ရေပိုလွှဲကနေ ဧကပေ ၁၆၀,၀၀၀ အထိ ရေလွှတ်ခဲ့တယ်လို့ နေပြည်တော်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သဖန်းဆိပ်ဆည်ရေဖောက်ချခဲ့တဲ့နောက် စစ်ကိုင်းက မြို့ ၁၀ မြို့ ရေဘေးသင့်နေပြီး ဩဂုတ် ၉ ရက်အထိ စာရင်းတွေအရ စစ်ကိုင်းမှာ ရေဘေးသင့်ပြည်သူ ၂ သိန်း ၂ သောင်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြောပါတယ်။
ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဝက်လက်၊ အရာတော်၊ မြင်းမူ နဲ့ ဒီပဲယင်း စတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်နေတာဖြစ်ပါတယ်။
ဒီထဲမှာ ကောလင်း၊ ခင်ဦးနဲ့ ဒီပဲယင်းမြို့တို့ဟာ ရေဘေးအဆိုးရွားဆုံး ထိခိုက်တဲ့မြို့တွေလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၀ ရက်အထိ က.သုံး.လုံးဒေသ ကန့်ဘလူ အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ ရေနစ်မြုပ်နေတဲ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဦးတိုးအောင်က ဘီဘီစီကိုပြောပါတယ်။
ဒီပဲယင်းဒေသခံ တစ်ဦးကတော့ "အိမ်ခေါင်မိုးနားအထိရေမြုပ်ကုန်ပြီ၊ ရေစကြီးတဲ့ ဩဂုတ် ၆ ရက်မှာပဲ ရေက လူတစ်ရပ်ကျော်လောက်အထိ ရေတွေက ဆောင့်တက်လာတာ" လို့ ပြောပါတယ်။
သဖန်းဆိပ်ဆည် ရေဖောက်ချတာက ရေကြီးမှုကို ဖြစ်စေတဲ့ အဓိက အချက်ထဲမှာပါတယ်လို့ သူကဆိုပါတယ်။
ကြိုတင်သတိပေးမှုတွေ မလုပ်ဘဲ ဆည်ရေဖောက်ချလို့ မူးမြစ်ကမ်းဘေးက ရွာတွေထဲ ရေအလုံး အရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံတွေအနေနဲ့ စားရေရိက္ခာတွေ ပြင်ဆင်ချိန်မရခဲ့ဘူးလို့ ကန့်ဘလူဒေသခံတစ်ဦးက ရှင်းပြပါတယ်။
"ဘာမှယူချိန်မရဘူး။ လူတောင် အသက်ဘေးလွတ်အောင် မနည်းပြေးခဲ့ရတာ" လို့ ကန့်ဘလူက ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှာ ရောက်နေတဲ့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
သဖန်းဆိပ်ဆည်ထဲ ရေဝင်ရောက်မှုအခြေအနေကိုစောင့်ကြည့်နေတဲ့ ဒေသအခြေစိုက် အရပ်ဘက်ကူညီကယ်ဆယ်ရေး အဖွဲ့ Infinity Group ကတော့ ဆည်ထဲ ရေအဝင်ကြမ်းနေဆဲဖြစ်ပီး ဆည်ရဲ့ ရေပိုလွှဲ ၁၂ ပေါက်ကနေ ရေလွှတ်ထားတုန်းလို့ ဩဂုတ် ၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အလားတူ သဖန်းဆိပ်ဆည်အောက်က ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်ကနေလည်း ဩဂုတ် ၁၀ ရက်အထိ လွှတ်နေတုန်းလို့ ဆိုပါတယ်။
ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်တို့ဟာ ကန့်ဘလူနယ်ထဲမှာရှိတာဖြစ်ပါတယ်။
ကာဘိုးဆည်အောက်က ဝန်ပိုတင်ယာဉ်ကြီးတွေ မောင်းနှင်ထားတဲ့ ကွင်းလမ်းပေါ် မူးမြစ်ဘေးက ရေဘောင်တချို့ ကျိုးကျနိုင်တာကြောင့် သတိထားကြဖို့ Infinity Group က သတိပေးပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ဒီဆည်တွေအောက်ဘက်က မူးမြစ်ရိုးတစ်လျှောက်နဲ့ ဒေသတွင်း ချောင်းနဲ့မြောင်းဘေးက ကျေးရွာတွေ အထူးသတိပြုနေထိုင်ဖို့ကိုလည်း Infinity Group က တိုက်တွန်းပါတယ်။
အာဏာသိမ်းကာလအတွင်း သဖန်းဆိပ်ဆည်ကနေ ရေပမာဏ ဒီလောက်အထိ ဖောက်ချခဲ့တာမျိုး မရှိဘူးလို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
"အရင်က မိုးတွင်းရေများလို့ လယ်တွေကို ရေပေးရင်းနဲ့ ထိန်းလွှတ်တာ၊ အခုလို အများကြီး အလုံးအရင်းနဲ့ မလွှတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။
သဖန်းဆိပ်ဆည်ကို တော်လှန်ရေးတပ်တွေက ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ၄ လအကြာ ၂၀၂၆ ဧပြီမှာတော့ အဲဒီဆည်ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပါတယ်။
ရေဘေးသင့်နေတဲ့ မူးမြစ်တစ်လျှောက်က ကျေးရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေသလို စစ်တပ်ကလည်း အညာဒေသစိုးမိုးနိုင်ရေး လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းလှည့်ထိုးတာတွေလုပ်နေတဲ့ နေရာတွေဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဆည်ရေဖောက်ချတာအပြင် မူးမြစ်တလျှောက်က ရွှေမျောလုပ်ငန်းတွေ အများအပြားရှိနေတာကလည်း ရေကြီးမှုကို ဒီလောက်အထိ ဆိုးစေခဲ့တာဆိုပြီး ဒေသခံတွေရဲ့ ဝေဖန်ပြစ်တင်သံတွေလည်း ကျယ်လောင်လာပါတယ်။
စည်းကမ်းမဲ့ သယံဇာတ တူးဖော်မှုတွေ
သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် အပြင် ဆည်အထက်က ဒေသတွေမှာ ရွှေမျောလုပ်ငန်းတွေကြောင့် မြစ်နဲ့ချောင်းတွေ ရေစီးလမ်းကြောင်းပြောင်းလဲတာ၊ နုန်းတင်ကျန်တာတွေကရေကြီးမှုကိုဖြစ်စေတဲ့ အဓိကအချက်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ထောက်ပြပါတယ်။
ကျွန်းလှ၊ ကောလင်း၊ ဖောင်းပြင်နဲ့ ပင်လည်ဘူးတောက်လျှောက်မှာ ရွှေမျောလုပ်ငန်းတွေရှိနေပြီး သဖန်းဆိပ်ဆည်ထဲမှာလည်း ရွှေဖောင်အလုံး ၂ ထောင်လောက်ရှိတယ်လို့ သူက သိထားရတဲ့အခြေအနေကို ပြောပါတယ်။
ရွှေကျင်လို့ သောင်ထွန်းပြီး မြစ်ကကောလာတာကြောင့် မူးမြစ်ထဲ ရေက ကောင်းကောင်းမဆင်းနိုင်ရာကနေ ''ဆည်ထဲပဲ ရေတွေက တိုးဝင်တယ်၊ အဲဒီတော့ ဆည်က ရေတွေ ပြန်လွှတ်ချရတယ်။ ထိန်းမလွှတ်တော့ ရေဘေးဖြစ်တယ်"လို့ သူက ထပ်ပြောပါတယ်။
ရွှေမျောလုပ်ငန်းတွေဟာ ဒေသခံတွေပိုင်တဲ့ လုပ်ငန်းတွေရှိသလို စစ်တပ်နဲ့ တော်လှန်ရေးနှစ်ဘက်လုံးကလည်း သူတို့ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းထဲက နယ်မြေတွေမှာ ရွှေကျင်တဲ့လုပ်ငန်းတွေကို အသီးသီးလုပ်ကိုင်နေကြတာလို့ ဒေသခံ ၃ ဦးထက်မနည်းက ဘီဘီစီကို ဖွင့်ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းဟာ စစ်ရေးပြင်းထန်နေတဲ့နယ်မြေဖြစ်ပြီး ရေဘေးပါ ထပ်ကြုံရတာကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် စစ်ရေးဖော်ဆောင်မှုအပိုင်းမှာ ကမောက်ကမတွေဖြစ်သွားနိုင်တယ်လို့ တန့်ဆည်ဘက်မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။
"ရေကတက်လာတော့ အထိုင်ချနေရာတွေရွှေ့ရတယ်၊ ကာကင်းတွေလည်း နောက်ဆုတ်ပေးရတယ်" လို့ သူက ဆိုပါတယ်။
ရေပြန်ကျသွားတဲ့အခါမှာလည်း စစ်ရေးထက် ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးကို ပိုဦးစားပေးရမယ့်အခြေအနေတွေရှိလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အကူအညီလိုအပ်နေတဲ့ အညာ
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ အညာဒေသဖြစ်တာကြောင့် ရေကြီးလာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရေနစ်မြုပ်နေတဲ့ ဒေသတွေမှာ အရေးပေါ်ရွှေ့ပြောင်းရေးနဲ့ အခြေခံ စားရေရိက္ခာနဲ့ ဆေးဝါးတွေ ပို့ဆောင်ဖို့အတွက် စက်လှေအပူတပြင်းလိုအပ်နေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ဘီဘီစီကို ပြောလာပါတယ်။
"ရေကြီးလို့ ကားရော ဆိုင်ကယ်ရောဘာနဲ့မှ သွားမရဘူး၊ စက်လှေမရှိလို့ အမြင့်နေရာတွေမှာ ဖြစ်သလိုနေနေရတဲ့ ရွာတွေရှိနေသေးတယ်။ ရေသာ ဒီထက်တက်လာရင် အသက်ဘေးကြုံရနိုင်တယ်" လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရေးနယ်မြေဖြစ်နေတာကြောင့် ကူညီကယ်ဆယ်ရေးတွေကလည်း ထိထိရောက်ရောက်လုပ်နိုင်တာမရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြို့နယ်တစ်ခုမှာ ရေဘေးသင့်တဲ့သူ ထောင်ချီရှိနေပေမယ့် ဒေသတစ်ခုမှာ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ဝန်းကျင်လောက်ပဲရှိနေတာကြောင့် အင်အားမမျှဘဲ မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေတယ်လို့ တန့်ဆည်က ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။
"ခေတ်ကောင်းတုန်းကဆို ရေဘေးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်က ကူညီမယ့်အဖွဲ့တွေ ဆင်းလာကြတယ်။ အခုက သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်ဖြစ်နေတယ်"လို့ သူက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ဩဂုတ် ၉ ရက်ညပိုင်းအထိစာရင်းတွေအရ စစ်ကိုင်းရေဘေးအတွင်း သေဆုံးသူ ၁၅ ဦးအထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တန့်ဆည်နဲ့ ဒီပဲယင်းက ကယ်ဆယ်ရေးအဖွဲ့တချို့ရဲ့ အပြောအရ အဲဒီဒေသတွေမှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသူ ၄ ဦးထက်မနည်းရှိပြီး ဩဂုတ် ၁၀ ရက်အထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် မူးမြစ်ရိုးတလျှောက်ဟာ အဆိပ်ပြင်းမြွေပေါတဲ့ ဒေသဖြစ်တာကြောင့် ရေတက်လာချိန် မြွေအန္တရာယ်နဲ့ပါ ကြုံတွေ့နေရတယ်လို့ ဒီပဲယင်းက ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
"မြွေပွေးပေါက်ခံရတဲ့ ဒေသခံတချို့အတွက် မြေဆိပ်ဖြေဆေးတွေ အရေးတကြီးလိုအပ်နေတယ်"လို့ သူက ဆက်ပြောပါတယ်။
NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ကတော့ စစ်ကိုင်းရေဘေးအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ဩဂုတ် ၁၀ ရက်မှာ ပူးတွဲသတင်းထုတ်ပါတယ်။
နေပြည်တော်ကလည်း ရေဦးနဲ့ မင်းကင်းဒေသတွေက ရေဘေးသင့်တဲ့သူတွေကို ပြောင်းရွှေ့ရေးတွေလုပ်ပေးနေတယ်လို့ ဩဂုတ် ၁၀ ရက်မှာပဲ ကြေညာပါတယ်။
ဒါပေမဲ့ ရေဦး၊ ခင်ဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းဒေသတွေက တချို့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးတွေ ရေကြီးတာ ၅ ရက်ကြာတဲ့အထိ အကူအညီတွေ မဝင်ရောက်နိုင်သေးဘူးလို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းထဲက မြို့အများအပြားမှာ လယ်ဧက သောင်းချီ ရေနစ်မြုပ်ကုန်ပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ ဒေသခံတချို့က ပြောပါတယ်။
ဒီပဲယင်းနဲ့ တန့်ဆည် ဒေသ ၂ ခုမှာတင် ရေမြုပ်သွားတဲ့ လယ်ဧက တစ်သောင်းခွဲထက်မနည်းရှိတယ်လို့ ဒေသခံ ၂ ဦးထက်မနည်းက ဘီဘီစီကိုပြောပါတယ်။
အညာက ရွှေဘိုပေါ်ဆန်း စပါးကိုအဓိက စိုက်ပျိုးတဲ့ဒေသဖြစ်ပေမယ့် "အခုတော့ စပါးခင်းတွေအကုန် ရေမြုပ်ကုန်ပြီ၊ နောက်နှစ်ဆန်ဈေးတွေ တက်လာမယ်"လို့ ဒီပဲယင်းဒေသခံတစ်ဦးက ဆိုပါတယ်။
"ပျိုးခင်းတွေက ပုတ်တော့မှာ၊ ပေါ်ဆန်းမွှေးစပါးဆိုတော့ ပြန်စိုက်ဖို့လည်း အချိန်မမီတော့ဘူး"လို့ သူကဆိုပါတယ်။
ဒီပဲယင်း၊ ကန့်ဘလူနဲ့ တန့်ဆည်က စစ်ရှောင်စခန်းတွေမှာလည်း ရေတွေဝင်ရောက်လာတာကြောင့် စစ်ရှောင်တွေဟာ တခြားနေရာတစ်ခုကို ထပ်မံပြောင်းရွှေ့နေရတယ်လို့ ဒီပဲယင်းက စစ်ရှောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ဘေးကနေ ထွက်ပြေးလာပြီးမှ ရေဘေးနဲ့ ထပ်မံရင်ဆိုင်နေရတာကြောင့် စစ်ကိုင်းအညာဒေသမှာ စားနပ်ရိက္ခာအခက်အခဲ ပိုဆိုးရွားလာနိုင်တာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
မိုးလယ်ကာလမှာ အခုလို အဆိုးရွားဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရတာကြောင့် မကြာခင်ရောက်လာမယ့် မိုးနှောင်းကာလအတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
"မြေပဲစိုက်ထားတာတွေ စပါးခင်းတွေ ဧကသောင်းကျော် အကုန်ပါသွားပြီ။ စစ်ကိုင်းက စစ်ဘေးတင်မက အငတ်ဘေးပါစိုက်တော့မယ်" လို့ ဒီပဲယင်းဒေသခံက ပြောပါတယ်။