ဩဂုတ် ၁၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
'' SCEF နဲ့ အတူ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်နေတယ်'' - KIO ဥက္ကဋ္ဌ
SCEF နဲ့ အတူ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်နေတယ်လို့ KIO ဥက္ကဋ္ဌပြော၊ မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင် တဲ့ သတင်းအပါအဝင် ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူတစ်ဦး ထိုင်းသနိုင်ငံကို ထွက်ပြေးတိမ်းရှောင်
- ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး၊ မြင်းမူ နဲ့ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ က စိုးရိမ်ရေ အမှတ်အထက်ကို ထပ်တက်မယ်
- ရန်ကုန်မှာ စိန်ဆိုင်ပိုင်လရှင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ ကျပ်သား တောင်းဆိုခဲ့တဲ့ အဖွဲ့ကို ဖမ်းမိ
- စစ်ဘေးသင့် စစ်ကိုင်းမှာ ရေဘေးသင့်သူ ၂ သိန်းကျော် ရှိလာ၊ ဝက်လက်မှာ မြစ်ရေတဖြည်းဖြည်းတက်လာ၊ လမ်း၊ တံတား ပျက်စီးမှုတွေရှိ
- ဩဂုတ် ၁၀ ရက်ကနေ ဩဂုတ် ၁၃ ရက်အထိ နိုင်ငံတဝန်း မိုးကြီးနိုင်၊ ရေကြီးမြေပြို မှု သတိပြုဖို့ မိုးဇလ ထုတ်ပြန်
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်မှာ လွှတ်တော်အမတ်ဟောင်း တစ်ဦးက အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ ယာဉ်မောင်းကို သေနတ်ပစ်ခတ်
- တိုင်းရင်းသားအားလုံး ကိုယ့်ကံကြမ္မာ၊ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ SCEF နဲ့ အတူ စစ်ရေး၊ နိုင်ငံရေးတွေ ကို မနားတမ်းလုပ်ဆောင်နေတယ်လို့ KIO/KIA ဥက္ကဋ္ဌ အင်ဘန်လပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
"ရေကြီးလို့ ကားရော ဆိုင်ကယ်ရောဘာနဲ့မှ သွားမရဘူး၊ စက်လှေမရှိလို့ အမြင့်နေရာတွေမှာ ဖြစ်သလိုနေနေရတဲ့ ရွာတွေရှိနေသေးတယ်။ ရေသာ ဒီထက်တက်လာရင် အသက်ဘေးကြုံရနိုင်တယ်" လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရေးနယ်မြေဖြစ်နေတာကြောင့် ကူညီကယ်ဆယ်ရေးတွေကလည်း ထိထိရောက်ရောက်လုပ်နိုင်တာမရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြို့နယ်တစ်ခုမှာ ရေဘေးသင့်တဲ့သူ ထောင်ချီရှိနေပေမယ့် ဒေသတစ်ခုမှာ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ဝန်းကျင်လောက်ပဲရှိနေတာကြောင့် အင်အားမမျှဘဲ မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေတယ်လို့ တန့်ဆည်က ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။
"ခေတ်ကောင်းတုန်းကဆို ရေဘေးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်က ကူညီမယ့်အဖွဲ့တွေ ဆင်းလာကြတယ်။ အခုက သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်ဖြစ်နေတယ်"လို့ သူက ဆက်ပြောပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။
ဂျာမနီမှာ ရိုင်းမြစ်ကြီး နှစ်ခြမ်းကွဲ၊ သမုဒ္ဒရာရေပြင်တွေလည်း စံချိန်တင်ပူပြင်း
ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် ရိုင်းမြစ်ဟာ စံချိန်တင်အောင် ရေခမ်းခြောက်လာတာကြောင့် မြစ်ကြီး နှစ်ပိုင်းကွဲသွားတဲ့ သဘောမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ကုန်စည်ပို့ဆောင်ရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒီသီတင်းပတ်အတွင်း ရိုင်းမြစ်ရေဟာ ၁၀ စင်တီမီတာအောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ဂျာမနီပြည်တွင်းရေကြောင်းအသင်းရဲ့ အုပ်ချုပ်ရေးဒါရိုက်တာက ဂျာမနီပြည်တွင်း သတင်းစာတစ်စောင်ကို ပြောပါတယ်။
ရိုင်းမြစ်ရေအတိမ်အနက်ကို အဓိကတိုင်းတာတဲ့ စံပြုနေရာတွေထဲက တစ်ခုဖြစ်တဲ့ ကောင့်ဘ် - Kaub မြို့မှာရှိတဲ့ တိုင်းတာရေးစခန်းအရ မြစ်ရေဟာ ၁၀ စင်တီမီတာအောက်အထိ ကျဆင်းနိုင်တာပါ။
ရေဟာ အဲဒီလောက်အထိ တိမ်သွားရင် ကုန်စည်တင်ဆောင်ထားတဲ့ ကုန်တင်ရေယာဉ်တွေနဲ့ ခရီးသည်တင်ရေယာဉ်တွေ ဖြတ်သန်းမောင်းနှင်နိုင်တော့မှာ မဟုတ်တဲ့အတွက် ရိုင်းမြစ်ကြီး “နှစ်ပိုင်းကွဲ” သွားသလို ဖြစ်လာမယ်လို့ ဆိုပါတယ်။
ရိုင်းမြစ်တစ်စင်းတည်းသာ မဟုတ်ဘဲ ဥရောပတစ်လွှားက အဓိကမြစ်ကြီးတွေဟာလည်း အပူလှိုင်းတွေနဲ့ မိုးခေါင်မှုတွေကြောင့် ရေစံချိန်တင် ခမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
တစ်ချိန်တည်းမှာပဲ ဝင်ရိုးစွန်းဒေသတွေကို ချန်လှပ်ပြီး သမုဒ္ဒရာရေမျက်နှာပြင်အပူချိန်ဟာ ဇူလိုင်လအတွင်း စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ Copernicus က ထုတ်ပြန်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ဥရောပတစ်လွှား တွေ့ကြုံနေရတဲ့ အဏ္ဏဝါအပူလှိုင်းတွေဟာ သမုဒ္ဒရာရေပြင် စံချိန်တင်ပူပြင်းလာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့လည်း ကော့ပါးနီးကပ်စ် - Copernicus အဖွဲ့ က ဆိုပါတယ်။
ဇူလိုင်လအတွင်း တိုင်းတာချက်တွေအရ ကမ္ဘာ့သမုဒ္ဒရာရေပြင်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၁ ဒီဂရီဆဲလ်စီးယပ်နီးပါးအထိ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်ထက် ပိုမိုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် ဇူလိုင်လအတွင်း ကမ္ဘာတစ်ဝန်း စံချိန်တင်ပူပြင်းမှုကို လူဦးရေ သန်း ၉၀၀ ခန့် နေထိုင်တဲ့ ဒေသတွေမှာ ကြုံတွေ့ခဲ့ရတယ်လို့ ကော့ပါးနီးကပ်စ် က ဆိုပါတယ်။
အဲဒီဒေသတွေထဲမှာ အာဖရိကတိုက်က ဆာဟာရသဲကန္တာရရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ဆာဟဲ ဒေသကနေ ဆာဗားနားမြက်ခင်းပြင်ဒေသတွေအထိ၊ မြောက်ဘက်မှာရှိတဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံတွေ၊ ဗဟိုအမေရိကဒေသနဲ့ ဥရောပတိုက်က ပြင်သစ်နဲ့ စပိန်နိုင်ငံတွေ ပါဝင်ပါတယ်။
ရှိတ်ဟာစီနာ ပြန်လာနိုင်မလား
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီဇင်ဘာမှာ ပြန်လာဖြစ်အောင် လာမယ်လို့ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ကြွေးကြော်ထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်ပွားချိန်အတွင်း အိန္ဒိယကို တိမ်းရှောင်သွားတဲ့တဲ့ ဟာစီနာဟာ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ သူ့အနေနဲ့တော့ ဘာအပြစ်မှ မကျူးလွန်ထားဘူးလို့ ဟာစီနာက အခိုင်အမာ ပြောထားပါတယ်။ အခုဆိုရင် သူ ရာထူးက ဖယ်ရှားခံရတာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။
နိုင်ငံကို ပြန်လာဖြစ်အောင် ပြန်လာမယ်လို့ ဟာစီနာက ဒေလီက တက်ရောက်သူများပြားတဲ့ သတင်းသမားကလပ်မှာ အသံဖိုင်ထုတ်ပြန်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဟာစီနာပြန်ထွက်လာတဲ့ အကြောင်း ဒီဆောင်းပါးလင့်ခ် မှာ ဖတ်နိုင်ပါပြီ။
ဂျားဗားကျွန်းပေါ် သစ်တောကြိုးဝိုင်းတလျှောက် တောမီးလောင်ကျွမ်း
အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းပေါ်မှာ အမျိုးသားဥယျာဥ် အဖြစ်သတ်မှတ်ထားတဲ့ သစ်တောကြိုးဝိုင်းတလျှောက် တောမီးလောင်ကျွမ်းနေတာသီတင်းတစ်ပတ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဘရိုမို တဲန်ဂါ ဆီမာရူ- Bromo Tengger Semeru လို့ ခေါ်တဲ့ သဘာဝဥယျာဥ်ထဲ ၅ စတုရန်း ကီလိုမီတာ အကျယ်အဝန်းထိအောင်လောင်ကျွမ်းခံခဲ့ရပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောမီးကို ထိန်းချုပ်နိုင်ဖို့ အခုချိန်ထိအောင် ကြိုးစား နေကြရဆဲ ဖြစ်ပြီး၊ မီးသတ်သမားတွေ တင်မက သစ်တောဘက်က သူတွေ၊ စစ်သားတွေကိုပါ နေရာ ချထားပြီး ငြှိမ်းသတ် နေကြရတယ်လို့လည်း ဆိုပါတယ်။
ကောင်းကင်ကနေလည်း ရဟတ်ယာဥ်တွေ၊ ဒရုန်းတွေကို သုံးပြီး မီးညွန့်ကျိုးစေနိုင်တာတွေကို ကြဲချပေးနေပါတယ်။ တောမီးလောင်ကျွမ်းရာနေရာဟာ ခရီးသွားတွေ အလာများတဲ့ နေရာဖြစ်ပြီး၊ အခုဆိုရင် ဝင်ခွင့် မပြုပဲ ပိတ်ထားရပါတယ်။
အခုဆိုရင် တောမီးဟာ လူနေအိမ်ခြေတွေ ရှိတဲ့ ဒင်းကလစ်တောင်ကြားဆီ ဦးတည်နေတဲ့ အတွက် အချိန်မီ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ အပူချိန် လွန်ကဲတဲ့ ကာလ ဆက်လက် တာရှည်နေဦးမှာ ဖြစ်တဲ့ အတွက်၊ မိုးခေါင်ရေရှားတာတွေ၊ တောမီး အန္တရာယ်တွေ ဆက်ပြီး တွေ့ကြုံရနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
SCEF နဲ့ အတူ စစ်ရေး၊ နိုင်ငံရေးတွေကို ပူးပေါင်းလုပ်ဆောင်နေတယ်လို့ KIO ဥက္ကဋ္ဌ ပြော
တိုင်းရင်းသားအားလုံး ကိုယ့်ကံကြမ္မာ၊ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေး တွေကို မရပ်မနား လုပ်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။
နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ NUG ၊ CRPH တို့ နဲ့ လက်တွဲပြီး နိုင်ငံတကာ နိုင်ငံရေးစင်မြင့်ထက်ကို အားကောင်းတဲ့ နိုင်ငံရေးခြေလှမ်းတွေ လျှောက်လှမ်းနိုင်ဖို့ အတွက်လည်း အစီအစဉ်တကျပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသွားပါတယ်။
ဒီနေ့ကျရောက်တဲ့ ၅၁ နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အနားမှာ သူက အခုလို ပြောခဲ့တာပါ။
အဲဒီအခမ်းအနားကို ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကောင်စီဝင်တွေ၊ CRPH တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ SCEF ရဲ့ ညှိနှိုင်းရေးမှူး ဖြစ်သူ ဒေါက်တာဇော်ဝေစိုး နဲ့ NUG တာဝန်ရှိသူတွေလည်း အွန်လိုင်းကနေတက်ရောက်ခဲ့ကြပါတယ်။
နေပြည်တော်ကိုလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ကိုယ်လုပ်နေတဲ့ လုပ်ရပ်ကို ပြည်သူက လက်မခံနိုင်တာကို ပြန်သုံးသပ်ဖို့၊ ပြုပြင်ဖို့ လိုအပ်တဲ့ ကိစ္စတွေကို အချိန်မနှောင်းခင် ပြုပြင်ဖို့၊ ပြည်သူကို ပစ်မှတ်ထားတာ၊ အကာအကွယ်ယူတာတွေကို ရှောင်ရှားဖို့ ၊ လူတစ်ယောက် ရဲ့ အသက်ကို တန်ဖိုးထားဖို့နဲ့ စစ်ကျင့်ဝတ်တွေလိုက်နာဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးထည့်ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့၊ တော်လှန်ရေး အင်အားစုတွေအကြား ပေါင်းကူးတံတားဖြစ်စေဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ဒီနှစ် မတ်လ ၃၀ မှာ ဖွဲ့စည်းခဲ့တာပါ။
SCEF ရဲ့ အဓိကအစုအဖွဲ့တွေကတော့ NUG ၊ CRPH နဲ့ အင်အားတောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒုတိယအကြိမ် သေနတ်ပစ်ခတ်မှုဖြစ်
ပြီးခဲ့တဲ့ သုံးရက်က ကျောင်းတွင်းသေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့ပြင် နွန်ထဘူရီခရိုင် မှာ ဒီကနေ့ နောက်ထပ်သေနတ်ပစ်ခတ်မှုထပ်ဖြစ်ခဲ့ပါတယ်။
ထိုင်းလွှတ်တော်အမတ်ဟောင်းတစ်ဦးက ဒေသတွင်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သူဟာ သေနတ်ပစ်ခတ်ပြီးချင်းချင်းမှာပဲ ယူကျုမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းအစီအစဉ်တစ်ခုကို ဖုန်းဆက်ပြီး သူသေနတ်ပစ်ခဲ့တဲ့ အကြောင်း အစီအစဉ်တင်ဆက်သူတွေကို လှမ်းသတင်းပေးခဲ့ပါတယ်။
ချာလောင် ရေးရန်ဆိုတဲ့ အဲဒီ အမတ်ဟောင်း ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလည်းဖြစ်ပါတယ်။
ပစ်ခတ်မှုဟာ နွန်ထဘူရီခရိုင်အုပ်ချုပ်ရေးရုံး အရှေ့မှာဖြစ်ပွားခဲ့တာပါ။
ပစ်ခတ်ခံရသူဟာ နွန်ထဘူရီခရိုင်အုပ်ချုပ်ရေးမှူး ထုန်ချိုင်း ရမ်ပရာဆစ် ဖြစ်ပြီး သူ့ရဲ့ ယာဉ်မောင်းဖြစ်သူလည်း ပစ်ခတ်ခံခဲ့ရပါတယ်။ ထိုင်းသတင်းဌာနတွေမှာတော့ သူတို့နှစ်ဦးဟာ အပြင်းအထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဖော်ပြပါတယ်။
သေနတ်ပစ်ခတ်ခံရတဲ့ နွန်ထဘူရီခရိုင်အုပ်ချုပ်ရေးမှူးဟာ သေနတ်ပစ်ခတ်ခဲ့တဲ့ အမတ်ဟောင်း နဲ့ မိတ်ဆွေသူငယ်ချင်းတွေလို့ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက တရားခံကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခွင့်ပေးခဲ့ပြီး အဲဒီမှာ အမတ်ဟောင်းဟာ သူ့သူငယ်ချင်းကို ဘာ့ကြောင့် အခုလို ပစ်ခတ်ခဲ့ရတယ်ဆိုတဲ့အကြောင်း ကိုပြောပြပါတယ်။
“ကျွန်တော့်မှာ တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး။ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းပါ။ ဒါပေမဲ့ ကျွန်တော့်ကို သူက စကားမပြောချင်ခဲ့ဘူး” လို့ သူကပြောပါတယ်။
ဒီဖြစ်စဉ်ဟာ နွန်ထဘူရီခရိုင်ထဲ မှာ ၃ ရက်အတွင်း ဒုတိယအကြိမ် သေနတ်ပစ်ခတ်မှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်က နွန်ထဘူရီခရိုင်ထဲက စာသင်ကျောင်းတစ်ခုမှာ ဆယ်ကျော်သက်ကလေးငယ်တစ်ဦး က လူ ၇ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။
ဒီဖြစ်စဉ်နှစ်ခုကြားမှာတော့ဘာချိတ်ဆက်မှုမှမရှိပါဘူး။
အင်အားပြင်းမုန်တိုင်းကြောင့် တရုတ်မှာ လူတစ်သန်း ရွှေ့ပြောင်းထားရ
တရုတ်အာဏာပိုင်တွေဟာ တိုင်ဖွန်း Dolphin (လင်းပိုင်) မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတာကြောင့် ရှန်ဟိုင်းမြို့အပါအဝင် တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ လူ တစ်သန်းကျော်ကို နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်ခဲ့ပါတယ်။ ရှန်ဟိုင်းတစ်မြို့တည်းမှာ တနင်္လာနေ့က လေယာဉ်ခရီးစဉ် ၁,၀၀၀ နီးပါး ဖျက်သိမ်းခဲ့ရပါတယ်။
မုန်တိုင်းဟာ မြောက်ဘက်ကို ရွေ့လျားနေတဲ့အတွက် ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု၊ ပြင်းထန်တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ် ဆက်ရှိနေမယ်လို့ သတိပေးထားပါတယ်။
တရုတ်အာဏာပိုင်တွေဟာ Dolphin မုန်တိုင်းအတွက် အစောပိုင်းက အမြင့်ဆုံးအဆင့် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ ဒီနှစ်အတွင်း တရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ကျဲကျန်းပြည်နယ် ယွီဟွမ်မြို့ကို ပထမအကြိမ် ကုန်းတွင်းဝင်ရောက်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၁၅၀ ကီလိုမီတာ (၉၄ မိုင်) အထိ ရှိခဲ့ပါတယ်။
အဲဒီနောက် တစ်နာရီခန့်အကြာမှာ ဝန်ကျိုးမြို့ကို ဒုတိယအကြိမ် ကုန်းတွင်းဝင်ရောက်ခဲ့တယ်လို့ မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။
ရှန်တုံး၊ ဟနန်၊ ဟူပေ၊ အန်ဟွေး၊ ကျန်းစုနဲ့ ကျဲကျန်းပြည်နယ်တွေမှာနဲ့ ရှန်ဟိုင်းမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
ဩဂုတ် ၁၃ ရက်အထိ နိုင်ငံတဝန်း မိုးကြီးနိုင်၊ ရေကြီးမြေပြို သတိပေး
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် ဒီကနေ့ ကနေ သြဂုတ် ၁၃ ရက်အထိ နိုင်ငံတဝန်းမှာ မိုးထစ်ချုန်းရွာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းကနေ ၁၃ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးများနိုင်ပြီး အချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေနဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားဖို့ မိုးဇလက အကြံပြုထားပါတယ်။
ပင်လယ်ပြင်မှာတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေခန့် ရှိနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်ကနေ မိုင် ၃၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေခန့် ရှိနိုင်ပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို ကြိုတင်သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။
လက်နက်တွေကုန်သွားလို့ ထရမ့်က အီရန်နဲ့အပစ်ရပ်လိုက်တာလား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ဇူလိုင်လအစောပိုင်းတုန်းက ပန်ဆေဗေးနီးယား ကာကွယ်ရေးနဲ့ နည်းပညာဆန်းသစ်ရေးညီလာခံမှာ အမေရိကန်ရဲ့ကာကွယ်ရေးကုမ္ပဏီကြီးတချို့ရဲ့အမှုဆောင်ချုပ်တွေနဲ့အတူ စင်ပေါ် တက်တော့ သူ့ခေါင်းထဲ ပေးချင်တဲ့သတင်းစကားက တစ်ခုပဲရှိပါတယ်။
အဲဒါကတော့ "လက်နက်တွေ ပိုထုတ်ပါ၊ မြန်မြန်လည်း ထုတ်ပါ" ဆိုတာပါ။
"ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအရည်အသွေးရှိတယ်။ ဒါပေမဲ့ မြန်နှုန်းကို နည်းနည်းပိုမြှင့်ဖို့တော့ လိုတယ်" လို့ ထရမ့်က အမေရိကန်စစ်ကောလိပ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ လက်နက်ထုတ်သူတွေကို ပြောပါတယ်။
ဒါပေမဲ့ အများပြည်သူရှေ့မှာ မပြောသလောက် ဖြစ်နေတဲ့အချက်တစ်ခုကတော့ ဒီနှစ်အစောပိုင်း Operation Epic Fury ဆိုပြီး အီရန်နဲ့ ရက်ပေါင်း ၄၀ နီးပါးတိုက်ခိုက်မှုတွေအပြင် အဲဒီနောက်ပိုင်း သူတပြန် ကိုယ်တပြန် ပစ်ခတ်မှုတွေမှာ အမေရိကန်ဘက်က အဆင့်မြင့်လက်နက်တွေနဲ့ ထုတ်လုပ်ရခက်တဲ့စစ်လက်နက်ပစ္စည်း အမြောက်အများ အသုံးပြုခဲ့ရတဲ့အချက်ဖြစ်ပါတယ်။
အဲဒီစစ်ပွဲကြောင့် အမေရိကန်အစိုးရ ဘယ်လောက် သုံးထားရလဲ။ ဒီဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။
စစ်ဘေးသင့် စစ်ကိုင်းမှာ ရေဘေးသင့်သူ ၂ သိန်း ကျော် ရှိလာ၊ ဝက်လက်မှာ မြစ်ရေတဖြည်းဖြည်းတက်လာ
စစ်ကိုင်းတိုင်း၊ ရွှေဘို နဲ့ ခင်ဦးမြို့နယ်တွေ မှာ မူးမြစ်ရေဟာ တဖြည်းဖြည်းပြန်ကျလာပေမဲ့ တောင်ဘက်က ဝက်လက်မြို့နယ်မှာတော့ မြစ်ရေတဖြည်းဖြည်းတက်နေပြီး လမ်း၊ တံတားတွေ ကျိုးကျပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
မူးမြစ်ရေဟာ ဝက်လက်မြို့နယ်ထဲကို တဖြည်းဖြည်းတိုးဝင်လာတာကြောင့် ကျေးရွာ ၁၇ ရွာ ရေဘေးသင့်နေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် လူအင်အား၊ ဆေးဝါး၊စားနပ်ရိက္ခာ နဲ့ အမိုးအကားတွေ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
“ဝက်လက်နယ်ရေဘေးကတော့ ထပ်တိုးနေပါတယ်ဗျ။ အခုချိန်ထိလည်း ပြည်သူတွေကိုစက်လှေတွေ နဲ့ကယ်ထုတ်နေတုန်းပါ။လမ်းတံတားကျိုးပျက်တာတွေလဲများတယ်ဗျ” လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ခင်ဦးမြို့နယ်မှာတော့ မူးမြစ်ရေဟာ တဖြည်းဖြည်းပြန်ကျလာပေမဲ့ တစ်ရွာလုံးရေနစ်မြုပ်နေတဲ့ ရွာတွေ လည်း ဆက်ရှိနေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“နေကနည်းနည်းပြန်ကျလာတယ်။ အခုက နေရပ်ပြန်ဖို့ကို စောင့်ကြည့်နေတဲ့ အခြေအနေပါ” လို့ သူကပြောပါတယ်။
လက်ရှိ ခင်ဦးမြို့နယ်မှာ ကျေးရွာ ၂၀ လောက် ရေဘေးသင့်နေပြီး ကျွန်းတောကြီးကျေးရွာ မှာ ရေဘေးကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွားခံနေရတဲ့ ရွှေဘိုမြို့နယ်မှာဆိုလည်း မူးမြစ်ရေက ပြန်ကျလာပေမဲ့ မိုးရွာသွန်းမှုတွေဆက်ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ဝာာဝန်ရှိသူက ပြောပါတယ်။
“မူးမြစ်ရေကတော့ ပြန်ကျနေပါပြီဗျာ။ လက်ရှိအချိန်ထိ မိုးရွာနေသေးတာမို့ ကူညီကယ်ဆယ်ရေးတော့ ဆက်လုပ်နေရပါသေးတယ်။ သဖန်းဆိပ်ဆည်ရဲ့ ရေအမှတ်ကလည်း တင်းနေတာမို့ အချိန်မရွေး ထပ်ဖွင့်ချနိုင်ပါသေးတယ်” လို့ သူကပြောပါတယ်။
ဩဂုတ်လ ၅ ရက်က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည် ရေပိုလွှဲဖောက်ချရာကနေ ရွှေဘို၊ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၉ မြို့နယ်မှာ ရေဘေးကြုံနေရတာပါ။
သဖန်းဆိပ်ဆည်ကို စစ်တပ်က ဒီနှစ် မတ်လမှာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲကနေ ပြန်လည်ရယူထိန်းချုပ်ထားပြီး မူးမြစ်တလျှောက်က ဒေသတွေမှာတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာပါ။
အခု ရေဘေးကြုံရတဲ့ မူးမြစ်တလျှောက်က ရွာတွေ ဟာ စစ်ဘေးသင့်ဒေသတွေလည်း ဖြစ်တာကြောင့် ရေဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း တခြားဒေသတွေထက် ပိုပြီး စိန်ခေါ်မှုတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
ရေဘေးကြုံနေရတဲ့ ဒေသတွေဖြစ်တဲ့ ခင်ဦး၊ ရွှေဘို နဲ့ ဝက်လက်မှာတော့ စစ်တပ် နဲ့ တော်လှန်ရေးအင်အားစုတွေ အကြား လတ်တလော တိုက်ပွဲဖြစ်ပွားနေတာတော့ မရှိသေးဘူးလို့ အဲဒီ ဒေသတွေအခြေစိုက် ကာကွယ်ရေးတပ်တွေက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩဂုတ် ၉ အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲမှာ ရေဘေးသင့်ပြည်သူ ၂ သိန်း ၂ သောင်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
NUG ရော နေပြည်တော် ရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကရော စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီနေ့ ဩဂုတ် ၁၀ ရက်ကနေ ၁၆ ရက်အထိ မိုးရွာသွန်းမှုဆက်ရှိနေမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
မြန်မာသမိုင်းကို ပုဂံမင်းဆက်ကစပြီး အစဉ်အဆက် ခိုင်ခိုင်မာမာ မှတ်သားခဲ့ကြပေမယ့် လက်ရှိ မြန်မာနိုင်ငံပုံစံကို စတင်ဖန်တီးသူကတော့ တောင်ငူမင်းဆက်က ဘုရင့်နောင်ကျော်ထင်နော်ရထာ ဖြစ်ပါတယ်။
ဘုရင့်နောင်ဟာ ပုဂံအလွန် နှစ် သုံးရာလောက် စစ်ခင်းနေကြတဲ့ မြန်မာနဲ့ မွန်နိုင်ငံတွေကို သိမ်းသွင်းပြီး လက်နက်နိုင်ငံသစ် ထူထောင်ခဲ့ရုံမက မြောက်နဲ့ အရှေ့တလွှားက ရှမ်းပြည်တွေကို စစ်ခင်းပြီး ထိုင်း၊ လာအို၊ မဏိပူရနဲ့ ယူနန်ထိ အာဏာစက်ကို ချဲ့ထွင်ခဲ့ပါတယ်။
ဒါကြောင့် ဘုရင့်နောင်ကို အရှေ့တောင်အာရှမှာ အကျယ်ပြန့်ဆုံး လက်နက်နိုင်ငံ ထူထောင်သူအဖြစ် မစ်ချီဂန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဗစ်တာလစ်ဘာမန်းက မှတ်ချက်ချခဲ့ပါတယ်။
အရပ်ဆယ်မျက်နှာကို အောင်နိုင်သူအဖြစ်လည်း ထိုင်းနိုင်ငံမှာ လူသိများတဲ့ ဘုရင့်နောင်ရဲ့ လက်နက်နိုင်ငံဟာ သူ့သားတော်ကြီး နန္ဒဘုရင်လက်ထက်မှာ ပြိုကွဲခဲ့လို့ သားတော်ငယ် ညောင်ရမ်းမင်းတရားခေတ်ကျမှ ပြန်စုစည်းနိုင်ခဲ့ပြီး ညောင်ရမ်းမင်းဆက်အဖြစ် အင်းဝအခြေပြု စိုးစံခဲ့ကြပါတယ်။
မွန်နဲ့ ကွေ့ပုန်ကန်မှုကြောင့် ပြိုလဲခဲ့တဲ့ ညောင်ရမ်းခေတ်အပြီး ဦးအောင်ဇေယျ ထူထောင်တဲ့ ကုန်းဘောင်မင်းဆက်ဟာ နောက်ဆုံးမြန်မာမင်းဆက်အဖြစ် ဗြိတိသျှလက်အောက် ကျတဲ့အထိ ဘုရင့်နောင်အလွန် နှစ်သုံးရာကျော်အောင် ဧရာဝတီမြစ်ဝှမ်း အခြေပြု မြန်မာပဒေသရာဇ်စနစ် တည်မြဲခဲ့ပါတယ်။
အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်အကြောင်း ဒီဆောင်းပါး မှာဖတ်နိုင်ပါပြီ။
ရန်ကုန်က စိန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲ၊ ကျပ်သိန်း ၄,၅၀၀ တောင်းတဲ့ အဖွဲ့ကို ဖမ်းမိ
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း က Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်ကို ပြန်ပေးဆွဲခဲ့တဲ့ တရားခံ ၉ ဦးကို ဩဂုတ် ၇ ရက်မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာ ကနေထုတ်ပြန်ပါတယ်။
ဩဂုတ် ၇ ရက် မနက် ၄ နာရီခွဲအချိန်မှာ တရားခံ ၉ ဦးထဲက နှစ်ဦးကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးမှာ ဖမ်းဆီးရမိပြီး နောက်ထပ် ဆက်စပ် တရားခံ နှစ်ဦးကိုတော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးမှာ အသွား ၆ လက်မရှိတဲ့ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခု နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲမှုမှာ ပါဝင် ခဲ့တဲ့ အငှားယာဉ်မောင်း အပါအဝင် ကျန်တဲ့ ဆက်စပ်တရားခံတွေကိုလည်း ဒေါပုံမြို့နယ် ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၆ ရက်၊ ညနေ ၅ နာရီခွဲလောက်က Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ဟာ သူ့ရဲ့ စိန်ဆိုင်ကနေ ရွှေ့ဘုံသာလမ်းမှာရှိတဲ့ နေအိမ်ကို ပြန်တဲ့အချိန် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာပါ။
အဲဒီနောက်မှာ ဖမ်းဆီးသွားတဲ့ အဖွဲ့က စိန်ဆိုင်ပိုင်ရှင် ရဲ့ ဖုန်းနဲ့ မိသားစုကို ဆက်သွယ်ပြီး စိန်ဆိုင်ပိုင်ရှင်ကို အသက်ရှင်လျက် ပြန်လိုချင်ရင် မြန်မာကျပ်ငွေ သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ ကျပ်သား ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လုံခြုံရေးအဖွဲ့တွေကို တိုင်ကြားရင်လည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Diamond Shine စိန်ဆိုင်ပိုင်ရှင် ကို တော့ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးက အိမ်ပျက်တစ်လုံးအတွင်းမှာ အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ တရားခံ ၉ ဦးကိုလည်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပခုက္ကူမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နိုင်လို့ အချိန်မီပြင်ဆင်ထားဖို့ မိုးဇလသတိပေး, မြစ် ၅ စင်းမှာ စိုးရိမ်ရေမှတ်မြင့်တက်၊ မြို့ ၅ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေ
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ ဩဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလို ရောက်နေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါကြောင့် ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ မြစ်ရေမြင့်တက်လာရင် အချိန်မီရှောင်ရှားနိုင်ဖို့နဲ့ ရေကြီးရေလျှံမှုအခြေအနေကို ကြိုတင်သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။
တချိန်တည်းမှာပဲ ဩဂုတ် ၁၀ ရက် မနက်ပိုင်း ထုတ်ပြန်တဲ့ ရေကြီးမှုအခြေအနေမှာ မြစ် ၅ စင်းရဲ့ ရေမှတ်တွေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသလို ကျော်လွန်နေတဲ့နေရာတွေလည်း ရှိပါတယ်။ဧရာဝတီမြစ်ရေဟာ မြင်းမူမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်ပါတယ်။
ညောင်ဦးမှာတော့ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် ထပ်မြင့်နိုင်ပါတယ်။ချင်းတွင်းမြစ်ရေက မုံရွာမှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေက ဘားအံမှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်ပါတယ်။ စစ်တောင်းမြစ်ရေက မဒေါက်မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ထပ်မြင့်နိုင်ပါတယ်။
ဒုဋ္ဌဝတီမြစ်ရေကတော့ မြစ်ငယ်မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မြင့်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နဲ့ မြစ်ငယ် မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို အချိန်မီ ရှောင်ရှားနိုင်ဖို့ သတိပေးထားပါတယ်။
မြန်မာကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံရတဲ့ ရုရှားနိုင်ငံသူ ထိုင်းနိုင်ငံကို ထွက်ပြေး
အသက် ၁၉ နှစ်အရွယ်ရှိ ရုရှားနိုင်ငံသူတစ်ဦးဟာ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ညှင်းပန်းနှိပ်စက်ခိုင်းစေခံရပြီးနောက် တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဩဂုတ် ၉ ရက်က ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
သူဟာ တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲရောက်တဲ့အချိန် ရန်ကုန်၊ မန္တလေး၊ တာချီလိတ်မြို့တွေကို လိမ်လည်ခေါ်ယူခံခဲ့ရတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာရှိနေချိန် နှိပ်စက်မှုတွေခံခဲ့ရလို့ မယ်ဆိုင်မြစ်ကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလို့ အဲဒီရုရှားနိုင်ငံသူက ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက အဲဒီရုရှားနိုင်ငံသူကို ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် က ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။
ဆေးရုံရောက်တဲ့အချိန် သူမဟာ တုန်လှုပ်ခြောက်ခြားနေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သူ့ကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ညှင်းပန်းနှိပ်စက်ခဲ့လဲဆိုတာကိုတော့ ထုတ်မပြောပဲ မိခင်နိုင်ငံ ရုရှားကိုသာ ပြန်ချင်တယ်လို့ အာဏာပိုင်တွေကို သူက ပြောဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ သူ့ကို ရုရှားနိုင်ငံပြန်လည် ပို့ဆောင်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံး နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
နောက်ပြီး ဒီရုရှားနိုင်ငံသူရဲ့ ခရီးစဉ်အသေးစိတ် နဲ့ ဆက်စပ်ဖြစ်စဉ်တွေကိုလည်း ဆက်လက်စုံစမ်းသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
စစ်တပ်က တော့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းနေတယ်လို့ မကြာခဏထုတ်ပြန်လေ့ရှိပါတယ်။
ဧပြီလ ၈ ရက်ကဆိုလည်း တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်သူ ၅၇ ဦး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။