သတင်းထောက်တွေ လွှတ်ဖို့ သြစတြေးလျ တိုက်တွန်း

သတင်းထောက်တွေ လွတ်မြောက်ဖို့ ဘီဘီစီက တောင်းဆိုစဉ်
ဓာတ်ပုံ ပုံစာ, သတင်းထောက်တွေ လွတ်မြောက်ဖို့ ဘီဘီစီက တောင်းဆိုစဉ်
ရေးသားခဲ့သည်။

အီဂျစ်နိုင်ငံမှာ ထောင် ၇ နှစ် ချမှတ်ခံရတဲ့ အယ်လ်ဂျာဇီးယား သတင်းထောက် ၃ ဦး လွတ်မြောက်ရေးအတွက် အီဂျစ် သမ္မတ အဗ္ဗဒူ ဖက်တာ အယ်လ်စီစီ အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးဖို့ သြစတေးလျ အစိုးရက တိုက်တွန်းလိုက်ပါတယ်။

သတင်းထောက်တွေကို တနင်္လာနေ့က ထောင်ဒဏ် ချမှတ်ခဲ့မှုအပေါ် တုန်လှုပ် ချောက်ချားခဲ့ရတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့က ပြောပါတယ်။

ထောင်ချခံခဲ့ရတဲ့ Peter Greste, Mohammed Fahmy နဲ့ Baher Mohammed တို့ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ဘီဘီစီနဲ့ အယ်လ်ဂျာဇီးယား သတင်းထောက်တွေကလည်း တောင်းဆို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူတို့ဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ကို ကူညီပြီး သတင်းမှားတွေ ဖြန့်ဝေတယ် ဆိုတဲ့ စွဲချက်တွေနဲ့ ထောင်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။