'တကယ့် ကြောက်စရာကြီး '၊ ထရမ့်ဝယ်ချင်တဲ့ ဂရင်းလန်က ကျွန်းသားတွေအမြင်

Houses in Nuuk, the capital of Greenland
ဓာတ်ပုံ ပုံစာ, ဂရင်းလန်ကျွန်းမှာ အမေရိကန် စစ်ရေး လှုပ်ရှားမှုက ထင်ထင်ရှားရှားရှိပြီးသား
    • ရေးသားသူ, အရှီသာ နာဂက်ရှ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
  • ရေးသားခဲ့သည်။

ဒီတပတ်ထဲမှာ ဒေါ်နယ်ထရမ့်သက်တမ်းတလျှောက် အထူးဆန်းဆုံး သံတမန်ရေး အချေအတင် ပြောပွဲတွေ တွေ့လိုက်ရပါတယ်။

အပြန်အလှန် စော်ကား ပြောဆိုတာတွေ၊ တွစ်တာက သတင်းစကားပို့တာတွေ ဖြစ်ခဲ့ပြီး အလည်အပတ်ခရီးစဉ်ကြီးတွေ ဖျက်သိမ်းခဲ့ပါတယ်။ ဒါတွေအားလုံးက အမေရိကန် သမ္မတက ဂရင်းလန်ကျွန်းကို ဝယ်ချင်တယ်လို့ ပြောလို့ ဖြစ်ပါတယ်။

ရေခဲဖုံးနေတဲ့ ဒိန်းမတ်ပိုင် နယ်မြေကြီးကို ဝယ်ဖို့ အမေရိကန် သမ္မတက ခဏ ခဏ ထုတ်ပြောခဲ့တယ် ဆိုပြီး ရင်းမြစ်တွေကို ကိုးကားထားတဲ့ ဝေါစထရိဂျာနယ်က ဆောင်းပါးတပုဒ်မှာ ပါလာတာကနေ ဒီပြဿနာတွေ စခဲ့တာပါ။

ဒါကို တကယ်မဟုတ်ပါဘူး၊ ကောလာဟလပါလို့ အစက ငြင်းခဲ့ကြပေမယ့် နောက်ဆုံး မစ္စတာ ထရမ့်ကိုယ်တိုင် အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ် မက်ဒါ ဖရစ်ဒရစ်ဆန်ကတော့ ဒီလို ဝယ်ဖို့ စိတ်ကူးတာကို စိတ်ရူးပေါက်တာသာ ဖြစ်တယ်ဆိုပြီး အမြန်ဆုံး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် မကြာခင်ပဲ ထရမ့်က စက်တင်ဘာလ ၂ ရက်နေ့ သွားဖို့ရှိတဲ့ ဒိန်းမတ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒိန်းမတ်ဝန်ကြီးချုပ်ကိုလည်း ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။

ဂရင်းလန်ကျွန်းသားတွေကရော ဒီကိစ္စတွေကို ဘယ်လို မြင်ကြသလဲ။

'ကျွန်တော့အတွက် ကြောက်စရာကြီး'

ဒါ သိပ်ကြောက်စရာကောင်းတဲ့ စိတ်ကူးလို့လည်း ဂရင်းလန် အရှေ့ပိုင်းမှာ မွေးပြီး ခရီးသွား လမ်းညွှန်လုပ်နေသူ Dines Mikaelsen က ဘီဘီစီကို ပြောပါတယ်။

အမေရိကန်က ဒုတိယကမ္ဘာစစ်ကတည်းက ဒီကျွန်းမှာ စစ်စခန်းတွေ အများကြီး ချထားခဲ့ပါတယ်။ ဒီထဲမှာ စစ်အေးခေတ်တုန်းက လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ အဏုမြူ အခြေစိုက်စခန်းတောင် ရှိပါတယ်။

ဒီစခန်းတွေအားလုံးနီးပါးကို အခုဆိုရင် မသုံးသလောက် ပစ်ထားတာပါ။ ကမ့်စန်ကျူရီ ဆိုတဲ့ စခန်းမှာ ဆိုရင် အောက်ခြေက ရေခဲတွေ အမြန်အရည်ပျော်နေတာမို့ အဏုမြူ ဓာတ်ကျန်တွေ ပတ်ဝန်းကျင်ကို ရောက်ကုန်မှာ စိတ်ပူနေကြပါတယ်။

ဒီထဲမှာ တုလီဆိုတဲ့ လေတပ်စခန်း တခုပဲ ကျန်ခဲ့ပြီး ဒီစခန်းက ဗျူဟာအရ အမေရိကန်အတွက် အရေးကြီးပါတယ်။

ဒါပေမဲ့ ဒီစခန်းဆောက်ဖို့ ဂရင်းလန်က ဒေသခံ Inughuit လူမျိုးတွေ ရွှေ့ပြောင်းခံရပါတယ်။ ၁၉၅၃ က ဒီစစ်စခန်းကို ချဲ့ဖို့ သူတို့ကို လေးရက်ပဲ အချိန်ပေးခဲ့တာပါ။

Aerial view of Thule Air Base in Greenland
ဓာတ်ပုံ ပုံစာ, ၁၉၅၃ က ချဲ့ထွင်ခဲ့တဲ့ တုလီ လေတပ်စခန်းကြောင့် ဒေသခံတွေ ရွှေ့ပေးရ

မစ္စတာ Mikaelsen အတွက် ထရမ့်စကားတွေက စိတ်ကုန်စေပါတယ်။

" ကျွန်တော်တို့ ကျွန်းပေါ်မှာ အမေရိကန် စခန်းတွေ အများကြီး နှစ်ပေါင်းများစွာ ရှိခဲ့ပြီးသားပါ။ အဲဒီ အပျက်အစီးတွေကို နေရာတကာမှာ တွေ့နိုင်ပါတယ်။ ဒီကျွန်းပေါ်မှာ သူတို့ထားခဲ့တဲ့ အမှိုက်တွေ အများကြီးပဲ" လို့ သူက ဆိုပါတယ်။

သူမွေးတဲ့မြို့နားမှာကိုပဲ ဒုတိယကမ္ဘာစစ်လက်ကျန် စခန်းဟောင်း စခန်းဆွေးတခု ရှိပါတယ်။

လူတွေကို သူတို့ဆန္ဒမပါဘဲ ရွှေ့ခိုင်းသေးတယ်လို့လည်း သူက ဆိုပါတယ်။ "အမေရိကန်တွေ ဒီကျွန်းကြီးကို ဝယ်ရင်တော့ လူတွေ ရွှေ့ပြီး စစ်စခန်းတွေ ဆောက်ဦးမှာပဲ၊ ကျွန်တော်တို့ လူဦးရေက ၅၆ဝဝဝ ပဲ ရှိတာမို့ ကျွန်တော့အတွက်တော့ တုန်လှုပ်စရာပါ "

'ကျွန်မတို့ကို ဝယ်စရာ ရောင်းကုန်တခုလို သဘောထားနေတာ'

ဂရင်းလန်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်နဲ့ ဒိန်းမတ် ပါလီမန်က ဂရင်းလန်ကော်မတီ ဥက္ကဋ္ဌ အလေကာ ဟမ်မွန်ကတော့ ကျွန်းသားတွေ အကြား ခံစားချက်ကို ဘီဘီစီကို ခုလိုပြောပါတယ်။

" ဂရင်းလန်မှာ အမေရိကန်တွေ ရှိနေတာက ကျွန်းသားတွေအတွက် အကျိုးမရှိပါဘူး၊ ၁၉၅၃ တုန်းက လေတပ်စခန်းကို ချဲ့တာဟာ ရုရှား လာတိုက်ရင် ကာကွယ်ဖို့လို့ အမေရိကန်ရော ဒိန်းမတ်ကရောပြောပါလိမ့်မယ်။ ကျွန်မတို့ မြင်တာက တမျိုးပါ၊ အမေရိကန်တွေ လာဖို့လည်း ဘယ်တုန်းကမှ ကျွန်မတို့ မဖိတ်ခဲ့ပါဘူး၊ ဒိန်းမတ်က ခွင့်ပေးလို့ ဒီမှာ လေတပ်စခန်း လာဆောက်တာပါ ။

The construction of Camp Century in Greenland
ဓာတ်ပုံ ပုံစာ, အမေရိကန် ဆောက်ခဲ့တဲ့ ကမ့်စန်ကျူရီ အဏုမြူစခန်း

" အမေရိကန်နဲ့ ဒိန်းမတ်အစိုးရက ဒီမှာ ရှိတဲ့ Inughuit လူမျိုးတွေကို ရွှေ့ဖို့ လေးရက်ပဲ ပေးတယ်၊ ဒီနေရာမှာ အရေးကြီးတဲ့ လေယာဉ်ကွင်း ဆောက်ရမှာမို့လို့ မရွှေ့ရင် အိမ်တွေဖျက်ပစ်မယ်လည်း ပြောခဲ့တယ်။

"ဒီနည်းနဲ့ အမေရိကန်က ဂရင်းလန်သားတွေကို ဆက်ဆံလာခဲ့တာပါ။ ဒါကနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုပေမယ့် ကျွန်မတို့နဲ့ အမေရိကန် ဆက်ဆံရေး သမိုင်းမှာ ရှိနေပါသေးတယ်။"

နောက် သမ္မတ ထရမ့်ကိုယ်တိုင်ကလည်း တကိစ္စ ရှိပါတယ်။

Aleqa Hammond
ဓာတ်ပုံ ပုံစာ, ဂရင်းလန်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အလေကာ ဟမ်မွန်

ထရမ့်က ဒီသမိုင်းအချက်တွေကို မသိဘဲ ကျွန်းကို ဝယ်မယ်လို့ ပြောတာကလည်း အင်မတန် မောက်မာတယ်လို့ မစ္စဟမ်မွန်က ဆိုပါတယ်။

"သူက ကျွန်မတို့ကို ဝယ်စရာ ရောင်းကုန်တခုလို သဘောထားနေတာ၊ သူက ဂရင်းလန် ဝယ်ဖို့ ကိစ္စကို ဂရင်းလန်ကို မပြောဘဲ ဒိန်းမတ်ကို ပြောနေတာ။"

ဂရင်းလန် တက္ကသိုလ်က ယဉ်ကျေးမှုနဲ့ လူမှုသမိုင်း ပါမောက္ခ Ebbe Volquardsen ကလည်း အလားတူမေးခွန်းထုတ်ပါတယ်။

"ထရမ့်က ဝယ်ဖို့ ပြောတာ ဟုတ်ပြီ၊ ပထမဆုံး မေးရမှာက ဘယ်သူ့ဆီက သူ ဝယ်မှာလဲ။"

နောက် ဂရင်းလန်ကို ဒိန်းမတ်ပိုင်လို သဘောထားပြီး ဒိန်းမတ်ဆီက သူ ဝယ်ချင်တယ် ပြောပြန်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

nuuk capital of greenland

'အလွန်အမင်း စော်ကားရာကျတယ်'

ထရမ့်စကားက ရယ်စရာ ပြောနေတာမဟုတ်မှန်း သိတဲ့အခါ ပါမောက္ခ Volquardsen အတွက် ဒီကိစ္စက တရားအရေးကြီးတဲ့ကိစ္စမှန်း သဘောပေါက်လာပါတယ်။

"အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတက လူမျိုးတမျိုးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်မပြုဘူး၊ ဒီမှာ ရယ်စရာ ကောင်းတာက ဒိန်းမတ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပြဋ္ဌာန်းတာ ၁ဝ နှစ်ပြည့်တဲ့အချိန်မှာ ဒီလို အပြောခံလိုက်ရတာပါ၊ ဒီဥပဒေအရ ဂရင်းလန်သားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တရားဝင် အသိအမှတ်ပြုထားတာပါ၊ ဒီမှာရှိတဲ့သူတွေအတွက် ထရမ့်စကားက အလွန်အမင်း စော်ကားရာကျပါတယ်။"

ဒိန်းမတ်ဝန်ကြီးချုပ် က ဒီကိစ္စအတွက် ကိုင်တွယ်ပုံဟာ အင်မတန် ပညာသားပါတယ်လို့လည်း သူက ယူဆပါတယ်။ "အစကတည်းက ဝန်ကြီးချုပ်က ရှင်းအောင် ပြောပြီးသား၊ ဂရင်းလန်က ရောင်းကုန် မဟုတ်ဘူး ဆိုတာကို၊ ဒီကိစ္စ က ဒိန်းမတ် ဆုံးဖြတ်စရာ မဟုတ်ဘူးဆိုတာလည်း သူက ရှင်းရှင်းပြောထားပြီးသားပါ။ "

Map of Greenland

အမေရိကန်က ဂရင်းလန်ကို ထိန်းချုပ်ဖို့ လုပ်လာခဲ့ရင်တော့ ကျွန်းရဲ့ လူမှုဖူလုံရေး စနစ်က ကသောင်းကနင်း ဖြစ်ကုန်တော့မှာလို့ ဂရင်းလန် နိုင်ငံရေးသမား အာဂျာ လားဆန်းက ဘီဘီစီကို ပြောပါတယ်။

ဂရင်းလန်ကျွန်းက မညီမျှမှုတွေကို အမေရိကန်စနစ်နဲ့ အုပ်ချုပ်ရင် ပိုဆိုးကုန်လိမ့်မယ်လို့လည်း ဒိန်းမတ်ပါလီမန်မှာ ဂရင်းလန်ရတဲ့ အမတ်နှစ်နေရာထဲက တခုမှာ တာဝန်ယူနေတဲ့ မစ္စလားဆန်းက ပြောပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကနေ အခွင့်ကောင်းတခု ပေါ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဂရင်းလန်ကို အမေရိကန်ထားတဲ့ စိတ်ဝင်စားမှုကိုအသုံးချပြီး စီးပွားရေး တိုးတက်အောင်၊ စက်မှုလုပ်ငန်းတွေ ပေါ်လာအောင် ဒါမှမဟုတ် နှစ်နိုင်ငံ ကျောင်းသား ဖလှယ်ရေးအစီအစဉ် စတာတွေ လုပ်နိုင်တယ်လို့ သူက ယူဆပါတယ်။

အမေရိကန်မှာ ထရမ့် သမ္မတဖြစ်နေတာကို ကျော်ပြီး ကြည့်ဖို့လိုသလို အခြေအနေကို အပြုသဘောနဲ့ ကြည့်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

Denmark