GTA 6 ဂိမ်းထဲက ရာဇဝတ်မှုတွေ လက်တွေ့ဘဝမှာ မလုပ်ကြဖို့ အမေရိကန်ရဲတပ်ဖွဲ့တွေ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတစ်ဝန်း ဂိမ်းကစားသူတွေ စောင့်မျှော်နေတဲ့ မြန်မာမှာ ကားသူခိုးဂိမ်းလို့ လူသိများတဲ့ Grand Theft Auto 6 (GTA 6) ဂိမ်း ထွက်ရှိလာပြီးနောက် အမေရိကန်နိုင်ငံက မြို့အသီးသီးရှိ ရဲတပ်ဖွဲ့တွေက ဂိမ်းထဲက ရာဇဝတ်မှုတွေကို လက်တွေ့ဘဝမှာ အတုမယူကြဖို့ လူမှုကွန်ရက်တွေကတစ်ဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
ကားခိုးတာ၊ အရှိန်ပြင်းမောင်းနှင်တာ၊ ရဲတပ်ဖွဲ့ကို ထွက်ပြေးရှောင်တိမ်းတာနဲ့ လူတွေကို တိုက်ခိုက်တာတွေဟာ ဂိမ်းထဲမှာ လုပ်ဆောင်နိုင်ပေမဲ့ လက်တွေ့ဘဝမှာတော့ ဥပဒေချိုးဖောက်မှုတွေဖြစ်ပြီး အကျိုးဆက်တွေ ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့တွေက သတိပေးခဲ့ကြတာပါ။
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ ရဲတပ်ဖွဲ့က GTA ဟာ တကယ့်နေရာမဟုတ်ပေမဲ့ အတ္တလန်တာကတော့ တကယ့်မြို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အရက်မူးပြီး ကားမောင်းတာ၊ အန္တရာယ်ရှိအောင် မောင်းနှင်တာ၊ ကားခိုးတာနဲ့ အကြမ်းဖက်တာတွေဟာ လက်တွေ့ဘဝမှာ ကြီးလေးတဲ့ အကျိုးဆက်တွေ ရှိနိုင်တာကြောင့် ဂိမ်းထဲမှာပဲ ထားကြဖို့လည်း သတိပေးခဲ့ပါတယ်။
ကိုလိုရာဒိုပြည်နယ် ဒန်ဗာမြို့ ရဲတပ်ဖွဲ့ကလည်း GTA ဂိမ်းထဲက လုပ်ရပ်တွေကို ဂိမ်းထဲမှာပဲ ထားကြဖို့နဲ့ ရဲတပ်ဖွဲ့ကို ထွက်ပြေးတာဟာ လက်တွေ့ဘဝမှာလည်း ဥပဒေနဲ့ ငြိစွန်းတယ်လို့ သတိပေးခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ ရဲတပ်ဖွဲ့ကတော့ ဗီဒီယိုတစ်ခုတင်ပြီး ဂိမ်းထဲမှာ အမှတ်ပိုရဖို့ လူတစ်ယောက်ကို တိုက်ခိုက်တာမျိုး လက်တွေ့ဘဝမှာ မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ရဲအရာရှိတစ်ဦးက “အမှတ်ပိုရဖို့ တစ်ယောက်ယောက်ကို တိုက်ခိုက်တာဟာ မတန်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်ကပဲ ဆန်ဟွမ်မြို့ ရဲတပ်ဖွဲ့က GTA 6 စတင်ထွက်ရှိတဲ့နေ့မှာ Instagram မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ “မင်းတို့ စိတ်လှုပ်ရှားနေကြတယ်ဆိုတာ သိပါတယ်။ ဒီဂိမ်းထွက်လာဖို့ အကြာကြီးစောင့်ခဲ့ကြရတာလည်း သိပါတယ်။ ဒါပေမဲ့ GTA 6 ထဲမှာ ဖြစ်တာတွေကို GTA 6 ထဲမှာပဲ ထားခဲ့ကြပါ” လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အရီဇိုးနားပြည်နယ် ပီမာကောင်တီ ရဲအရာရှိရုံးကလည်း ဂိမ်းကစားသူတွေကို လက်တွေ့ဘဝမှာ ဥပဒေချိုးဖောက်မှုတွေအတွက် Cheat Code သုံးလို့မရသလို သေဆုံးပြီး ပြန်လည်အသက်ရှင်လာနိုင်တဲ့ Respawn နဲ့ မစ်ရှင်ကို အစကနေ ပြန်စနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း မရှိကြောင်း လူမှုကွန်ရက်မှာ သတိပေးခဲ့ပါတယ်။
အလားတူ တက္ကဆက်ပြည်နယ် ဖလိုရက်စ်ဗီးလ်မြို့ ရဲတပ်ဖွဲ့ကလည်း သူတို့မြို့ဟာ GTA ဂိမ်းထဲက Los Santos ဒါမှမဟုတ် Vice City မဟုတ်ကြောင်းနဲ့ ရဲအရာရှိတွေဟာ ဂိမ်းထဲက ထိန်းချုပ်ကစားလို့ရတဲ့ ဇာတ်ကောင်တွေ (NPC) မဟုတ်ကြောင်း နောက်ပြောင်ရေးသားခဲ့ပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဂရင်းစ်ဘိုရိုမြို့ ရဲတပ်ဖွဲ့ကတော့ GTA 6 မြန်မြန်ထွက်လာဖို့ မျှော်လင့်နေကြောင်း၊ လူတွေ အိမ်မှာပဲ ဂိမ်းကစားနေကြရင် ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်နည်းနည်း သက်သာနိုင်ကြောင်း ဟာသနှောရေးသားခဲ့ပါတယ်။
GTA 6 ဟာ Rockstar Games က ထုတ်လုပ်တဲ့ Grand Theft Auto ဂိမ်းစီးရီးရဲ့ နောက်ဆုံးထွက်ဂိမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ GTA 5 နောက်ပိုင်း ၁၃ နှစ်အကြာမှာ ထွက်ရှိလာတာဖြစ်ပါတယ်။ ဂိမ်းထဲမှာ ရာဇဝတ်မှုတွေကို လုပ်ဆောင်နိုင်တဲ့ ပုံစံနဲ့ ဖန်တီးထားပေမဲ့ အဲဒီလုပ်ရပ်တွေကို လက်တွေ့ဘဝမှာ အတုယူတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေက သတိပေးခဲ့ကြတာဖြစ်ပါတယ်။


