တိုက်ရိုက်ထုတ်လွှင့်မှု , ICJ စီရင်ချက်နောက်ပိုင်း ရိုဟင်ဂျာအရေး ကုလ၊ OIC၊ အာဆီယံတို့နဲ့ မလေးရှား ဆွေးနွေးမယ်

ICJ စီရင်ချက်နောက်ပိုင်း ရိုဟင်ဂျာအရေး ကုလ၊ OIC၊ အာဆီယံတို့နဲ့ မလေးရှား ဆွေးနွေးမယ်ဆိုတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စစ်မှုထမ်းအလှည့်ကျရွေးချယ်ခံရသူတချို့ တခြားရပ်ရွာတွေကို ပြောင်းရွှေ့နေထိုင်တာ၊ ပြည်ပထွက်ခွာတာနဲ့ ငွေပေးပြီးအစားထိုးတာတွေ လုပ်နေလို့စောင့်ကြည့်ဆင့်ခေါ် နေတယ်လို့ဆို။
  • စစ်မှုထမ်းအတွက် အာဏာပိုင်တွေအဖြစ် ဟန်ဆောင် ငွေကြေးကောက်ခံပြီး အဓမ္မဖမ်းဆီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး ၇၁ မှုအရေးထားတယ်လို့ပြော။
  • မြန်မာအပေါ် ICJ စီရင်ချက်ကို ကုလသမဂ္ဂ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အာဆီယံတို့နဲ့ ဆွေးနွေးသွားမယ်လို့ မလေးရှားပြော။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်မှုထမ်းဖို့ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေ, အာဏာပိုင်ဟန်ဆောင် အဓမ္မဖမ်းဆီးမှုနဲ့ ငွေကြေးကောက်ခံမှုတွေကြောင့် လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ဆို

    ပြည်သူ့စစ်မှုထမ်းသင်တန်းသားသစ်တွေ
    ဓာတ်ပုံ ပုံစာ, ပြည်သူ့စစ်မှုထမ်းသင်တန်းသားသစ်တွေ

    စစ်မှုထမ်းဖို့ အလှည့်ကျရွေးချယ်ခံရသူတချို့ဟာ တခြားရပ်ရွာတွေကို ပြောင်းရွှေ့နေထိုင်တာ၊ ပြည်ပကို ထွက်ခွာတာနဲ့ လူစားထိုးတာတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောပါတယ်။

    အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေချိန်မှာ တချို့မြို့ရွာတွေမှာ အဖြစ် အာဏာပိုင်‌တွေ အဖြစ်အယောင်ဆောင်သူတွေက လူတွေကို အဓမ္မဖမ်းဆီးပြီး ငွေကြေးရယူကာ စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒါ့အပြင် တချို့ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းသွားမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး လစဉ်ငွေကောက်ခံတာနဲ့ စစ်မှုထမ်းဖို့ ရှောင်တိမ်းသူတွေအစား လူစားထိုးထမ်းဆောင်စေဖို့ ငွေကြေးကောက်ခံတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    အဲဒီလို အဓမ္မဖမ်းဆီးဆင့်ခေါ်တာနဲ့ တရားမဝင်ငွေကြေးကောက်ခံတာတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြောပါတယ်။

    အဲဒီလို အာဏာပိုင်ဟန်ဆောင်ငွေကြေးကောက်ခံမှုနဲ့ အဓမ္မဖမ်းဆီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးတောင်းခံမှုနဲ့ ပတ်သက်တဲ့ အမှု ၄၉ မှုမှာ လူ ၁၀၂ ဦးနဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းမှုနဲ့ပတ်သက်တဲ့ အမှု ၂၂ မှုမှာ လူ ၉၇ ဦး၊ စုစုပေါင်း အမှု ၇၁ မှုနဲ့ လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တစ်ဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ ငွေကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၁၈၂ ခု ရရှိခဲ့ရာမှာ ၉၁ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၅၆ ခုကို စိစစ်နေဆဲဖြစ်ကာ ၃၅ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

    အဓမ္မစစ်မှုထမ်းဆင့်ခေါ်မှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၄၃ ခု ရရှိခဲ့ရာမှာ ၁၇ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၄ ခုကို စိစစ်နေဆဲဖြစ်ကာ ၁၂ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီလုပ်ရပ်တွေကို စိစစ်ဖော်ထုတ်အရေးယူနေပြီး အဓမ္မခြိမ်းခြောက်ဆင့်ခေါ်တာ၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်တာ၊ ငွေကြေးနဲ့ လူစားထိုးဆင့်ခေါ်တာနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ တရားမဝင်ငွေကောက်ခံတာတွေ လျော့နည်းပပျောက်စေဖို့ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားလိုသူတွေအနေနဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

  2. မြန်မာအပေါ် ICJ စီရင်ချက်အပြီး မလေးရှားက ကုလ၊ OIC နဲ့ အာဆီယံတို့နဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟန်ဆန်
    ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟန်ဆန်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ပြီးနောက် အဲဒီစီရင်ချက်နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အာဆီယံတို့နဲ့ ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။

    ရိုဟင်ဂျာအရေးကို ရေရှည်ဖြေရှင်းနိုင်ဖို့နဲ့ မလေးရှားနိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေ လျော့ပါးစေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

    နိုဝင်ဘာ ၁၉ ရက်က ICJ ရဲ့ စီရင်ချက်ဟာ ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာရေးဆိုင်ရာ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၃၃,၄၀၀ ခန့် ရှိတယ်လို့ စက်တင်ဘာ ၃၀ ရက်အထိ စာရင်းကို ကိုးကားပြီး မလေးရှားသတင်းဌာန Free Malaysia Today က ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာအရေး ရေရှည်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး ပူးပေါင်းပြီး လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လကတော့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင် ၂၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမဲ့ စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ရာမှာ ရိုဟင်ဂျာတွေ မပါဝင်ခဲ့ဘူးလို့ အန်ဝါက အောက်တိုဘာ ၆ ရက် လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သူက ပြောခဲ့ပါတယ်။

    မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲကလည်း သဘောတူထားတဲ့ ၅,၀၀၀ ပြန်ပို့ပြီးနောက်မှာပါ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်၊ သတ်မှတ်ခွဲတမ်းမရှိဘူးလို့ အောက်တိုဘာ ၆ ရက်မှာ ပြောထားပါတယ်။

  3. မင်္ဂလာပါ။ ၂၀၂၆ နိုဝင်ဘာ ၂၃ ရက် ဘီဘီစီရဲ့ ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။