ဘော့စဝါနာက ဗုဒ္ဓဆင်းတုတော် ခိုးယူခံရ

The Buddha statue stolen from a temple in Botswana's capital Gaborone last month
ဓာတ်ပုံ ပုံစာ, ဉာဏ်တော် ငါးပေ မြင့်ပြီး အလေးချိန် တန် တစ်ဝက်နီးပါးရှိ

ဘော့စဝါနာ နိုင်ငံ မြို့တော် ဂါဘိုရုန်း မှာ ရှိတဲ့ အကြီးဆုံး ဗုဒ္ဓ ဆင်းတု တော်ကြီး ခိုးယူ ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဆင်းတုတော်ကြီး ပျောက်ဆုံး သွားတဲ့ အတွက် ဂါဘိုရုန်း မြို့က ဗုဒ္ဓဘာသာ ဝင်တွေက စိတ်ဆင်းရဲနေကြပါတယ်။ အဲဒီ ဆင်းတုတော်ကြီး ပြန်လည် ရှာတွေ့ နိုင်ဖို့ သူတို့က ရဲကို အကူအညီ တောင်း ထားပါတယ်။

ကြေးဆင်းတုတော်ကြီး ကို ၁၉၉၆ ခုနှစ်မှာတုန်း က ထိုင်းနိုင်ငံ က လှူဒါန်း ထားတာ ဖြစ်ပါတယ်။ ဉာဏ်တော် ၅ပေ ရှိတဲ့ ဆင်းတု တော်ကြီး ဟာ တန်ချိန် တစ်ဝက် နီးပါးလေးပြီး အနည်းဆုံး လူ ၈ ယောက် လောက် သယ်ယူမှ ရနိုင်တာပါ။

ခိုးယူ သွားခဲ့သူတွေက အဲဒီ ဆင်းတုတော် ကြီး ကို ရွှေနဲ့ လုပ်ထား တာလို့ ထင်ပြီး ခိုးသွားတာ ဖြစ်နိုင်ကြောင်း ဒေသခံ တွေက ပြောပါတယ်။

Buddhists in front of the stolen statue in Botswana's capital, Gaborone
ဓာတ်ပုံ ပုံစာ, ဂါဘိုရုန်း က ဗုဒ္ဓဘာသာဝင်တွေက ဆင်းတုတော် ပြန်မရကို စိုးရိမ်နေ

ဆင်းတုတော်ကြီး ရဲ့ တန်ကြေး က ဒေါ်လာ နှစ်သောင်း လေးထောင် ကျော် ရှိကြောင်း ဘော့စဝါနာ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဒါရှ်စီနီ ဒီ ဆေးလ်ဗား က ဘီဘီစီ ကို ပြောကြား ပါတယ်။

ဇူလိုင် လ ၃ ရက်နေ့မှာ တုန်း က ဘုရားကျောင်း ဖောက်ထွင်း ခံခဲ့ရအပြီးမှာ ဗုဒ္ဓ ဆင်းတုတော်ကြီး ပေျာက်ဆုံးသွားတာလို့ ဒုတိယ ရဲမင်းကြီး ဘိုစီနာ က ဆိုပါတယ်။

The Buddhist temple in Botswana's capital Gaborone
ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ က လှူဒါန်း ထားတဲ့ စေတီတော်

ဘောစဝါနာ က ဘုရားကျောင်း တွေမှာ အထွဋ်အမြတ် ထားတဲ့ ဆင်းတု တော်များ ပျောက်ဆုံးလျှက် ရှိနေပြီး သီရိလင်္ကာ၊ ဟိန္ဒူ၊ တိဗက် ကျောင်း တွေက ဆင်းတုတော်တွေလည်း ပြီးခဲ့တဲ့ နှစ်မှာတုန်း က ခိုးယူ ခံခဲ့ရ ပါတယ်။

ထိုင်းက လှူဒါန်း ထားတဲ့ ဆင်းတုတော်ကြီး အမြန် ပြန်လည် ရရှိဖို့ ရဲ က ကြိုးပမ်း နေပါတယ်။ ခိုးယူသွားတဲ့ သူတွေက ဆင်းတုတော်ကြီး ကို အရည်ကြိုပစ်လိုက်ကြမှာကိုလည်း ဗုဒ္ဓဘာသာဝင်တွေက စိုးရိမ် နေကြပါတယ်။

ဘော့စဝါနာ နိုင်ငံ ဟာ အာဖရိက တိုက် တောင်ပိုင်းက ကုန်းတွင်းပိတ် နိုင်ငံ ဖြစ်ပါတယ်။ နမ်မီးဘီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေတို့ နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံပါ။ ၁၉၆၆ ခုနှစ်မှာ အင်္ဂလိပ် လက်အောက် ကနေ လွတ်မြောက်ပါတယ်။ ၂၀၁၄ ခုနှစ် မှာ ကောက်ယူတဲ့ စာရင်း အရ လူဉီးရေ ၂.၅ သန်း ရှိပါတယ်။