ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုကြောင့် ဝန်ထမ်းတွေ အလုပ်မဆင်းနိုင်လို့
သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်အိတ်အမြောက်အများ သောင်တင်နေတာကြောင့်
လေကြောင်းလိုင်းဘက်က တောင်းပန်ခဲ့ရပါတယ်။
သုဝဏ္ဏဘူမိလေဆိပ် စီမံခန့်ခွဲရေးတာဝန်ကို
ထိုင်းလေဆိပ်ဆိုင်ရာအများပိုင်ကုမ္ပဏီ (AOT) က ကန်ထရိုက်ယူထားပြီး ခရီးဆောင်အိတ် အတင်အချ၊
လေဆိပ်တွင်းခရီးသည်ဝန်ဆောင်မှုတို့အတွက် Thai Airways ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတာပါ။
စက်တင်ဘာ
၂၅ ရက်၊ သောကြာနေ့ ဂျူတီအပြီး နေအိမ်ပြန်သွားတဲ့ ဝန်ထမ်းတွေဟာ ဘန်ကောက် နေရာအများအပြားမှာ
ရေကြီးခဲ့တာကြောင့် နောက်ရက်တွေမှာ အလုပ်မဆင်းနိုင်ဖြစ်ခဲ့ရပါတယ်။
“အခြေခံအလုပ်သမားတွေနဲ့
ကျွမ်းကျင်အလုပ်သမားဆိုပြီး အုပ်စု ၂ စုခွဲပြောရပါမယ်။ အဲဒီထဲက အများစုက လေဆိပ်နားမှာ နေကြပြီး
ရေကြီးမှုဒဏ်ကို အများဆုံးရင်ဆိုင်ခဲ့ရပါတယ်။ စက်တင်ဘာ ၂၆ ရက်ထဲက ဖြေရှင်းဖို့အစည်းအဝေးလုပ်ခဲ့ပေမဲ့
ထင်ထားတာထက် အခြေအနေပိုဆိုးခဲ့တယ်” လို့ Thai
Airways ရဲ့ အကြီးအကဲ Chai Eiamsiri က ပြောပါတယ်။
မနေ့ စက်တင်ဘာ
၂၉ ရက်မှာ Thai Airways က လေဆိပ်မှာခရီးသည်အိတ်တွေ
သောင်တင်ပြီး အဆင်မပြေဖြစ်ခဲ့ရတာအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ ထည့်ပြောခဲ့တာပါ။
“ဝန်ထမ်းတွေ တာဝန်မထမ်းဆောင်နိုင်တာက
လုပ်ငန်းစဉ်တစ်ခုလုံးအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီဝန်ထမ်းတွေကပဲ ခရီးသည်အိတ်အတင်အချတွေလုပ်ပေးတာဖြစ်သလို
သယ်ပိုးရေး လုပ်ပေးသူတွေရော ကားမောင်းသူတွေပါ အလုပ်မဆင်းနိုင်ခဲ့ကြလို့ပါ” လို့ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT)
တာဝန်ရှိသူ Saran Benjanirat ကလည်း ပြောပါတယ်။
ဘန်ကောက်မှာရေကြီးတဲ့ရက်ပိုင်းအတွင်း
လေယာဉ်ခရီးစဉ်တွေနောက်ကျခဲ့သလို ခရီးသည်အိတ်ထောင်နဲ့ချီကို အချိန်မီ မပို့ဆောင်နိုင်တာကြောင့်
နိုင်ငံတကာခရီးသွားတွေအတွက် အခက်အခဲ ဖြစ်ခဲ့တာပါ။
“ဒီနိုင်ငံကိုချစ်လို့
မကြာခဏအလည်အပတ်လာပေမဲ့ အခုလိုကြုံပြီးတဲ့နောက်တော့ ထိုင်းကို လာဖို့ ပြန်စဉ်းစားတော့မယ်”
လို့ ဟောင်ကောင်ခရီးသည်တစ်ဦးဖြစ်တဲ့ Lu
Wing-fai က ဘီဘီစီ ထိုင်းဘာသာစကားဌာနကို ပြောပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်ကို
စက်တင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့ထဲက ဆိုက်ရောက်ခဲ့ပေမဲ့ သူ့အိတ်တွေကိုတော့ မနေ့နေ့လယ်ကမှ
ထုတ်ယူခွင့်ရခဲ့ပြီး ဒီနေ့တော့ ဟောင်ကောင်ကို ပြန်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ခရီးဆောင်အိတ်တွေ သောင်တင်နေတဲ့ဖြစ်ရပ်နဲ့ ၀န်ထမ်းတွေ အလုပ်မဆင်းနိုင်တဲ့အခြေအနေကို ကူညီပေးဖို့ ထိုင်းစစ်တပ်ကလည်း တပ်ဖွဲ့၀င် အချို့ကို လေဆိပ်မှာ တာ၀န်ပေးခဲ့ပါတယ်။
ဘန်ကောက်ရဲ့
နေရာအများစုမှာ ရေကျပေမဲ့ မြန်မာအလုပ်သမားအများအပြားလည်း နေထိုင်တဲ့ ဘန်ကပီမှာတော့
ရေဆက်ကြီးနေဆဲဖြစ်ပါတယ်။