ပြည်ထဲရေးဝန်ကြီးနေရာကို ဦးမင်းအောင်လှိုင်အမိန့်နဲ့လဲခဲ့လို့ ဝေဖန်ခံရပြီးနောက် လွှတ်တော် တင်

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် သမ္မတ ဦးမင်းအောင်လှိုင်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုပြီးထုတ်ပြန်ခန့်အပ်ခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်ပြီးနောက် ပြည်ထောင်စုလွှတ်တော်ပြန်စချိန်မှာပဲ အတည်ပြုခန့်အပ်ရေးအတွက် နေပြည်တော်အစိုးရဘက်က တင်သွင်းလာပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အဓိက တာဝန်ယူဆောင်ရွက်ရတာဖြစ်လို့ ပိုပြီးထိရောက်အောင်လုပ်နိုင်ဖို့အတွက် လွှတ်တော်ရပ်နားချိန်မှာ အဲဒီလိုအမိန့်ထုတ်ခဲ့တာလို့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက မနေ့ကလွှတ်တော်မှာ လာတင်ပြခဲ့ပါတယ်။
မနေ့ စက်တင်ဘာ ၃၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ဝန်ကြီးအဖြစ်ခန့်အပ်တာကို ကန့်ကွက်လိုရင် လွှတ်တော် ကိုယ်စားလှယ်တွေက လာမယ့် အောက်တိုဘာ ၁ ရက်နောက်ဆုံးထား တင်ပြရမှာပါ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၁၂ က အရ လွှတ်တော်အစည်းအဝေးမရှိချိန် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေအတွက် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကိုထုတ်ခွင့်ရှိ တယ်လို့ဖော်ပြထားပေမဲ့ လွှတ်တော်မစခင် ရက်ပိုင်းအလိုမှထုတ်ပြန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက် မူလတာဝန်တွေကိုပြန်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအသစ် အဖြစ် စက်တင်ဘာ ၁၇ ရက်နေ့မှာ သမ္မတအမိန့်နဲ့ ခန့်အပ်ခဲ့ပါတယ်။
ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ နေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီက နာမည်စာရင်းရယူပြီးခန့်အပ်ရတာဖြစ်ပါတယ်။
လက်ရှိတပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီက နာမည်စာရင်းရယူထားတာလားဆိုတာကိုတော့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီရဲ့ လွှတ်တော်ကိုလာတင်ပြချက်မှာ ထည့်သွင်းပြောသွားတာ မတွေ့ရပါဘူး။
