သြဂုတ်လ ၃၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းကို ငွေပြန်လွှဲရေး လုပ်သားပို့တဲ့အေဂျင်စီတွေကို စ သုံးလုံးက နေပြည်တော်မှာ ခေါ်စစ်တဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
သြဂုတ်လ ၃၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက ဟော်မုဇ်ရေလက်ကြားအတွင်းရှိ လာရက်ကျွန်းပေါ်က အီရန်ရဲ့ ဒုံးကျည်ပစ်စင် နှစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားလာပါတယ်။
ဇူလိုင်လ နှောင်းပိုင်းနောက်ပိုင်း အီရန်ကို အမေရိကန်က ပထမဆုံးအကြိမ် တိုက်ခိုက်မှုကြောင့် လူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောပါတယ်။
IRGC ကလည်း "တုံ့ပြန်အရေးယူပြီး အပြစ်ပေးမယ်" လို့ ပြောထားပါတယ်။
အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ပြောရေးဆိုခွင့်ရှိသူကတော့ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားထဲ ဒုံးကျည်တွေပစ်လွှတ်ဖို့နဲ့ ပင်လယ်မြေမြှုပ်မိုင်းတွေ ချထားဖို့ ပြင်ဆင်နေတယ်လို့ တွေ့ရှိခဲ့တာကြောင့် '' စစ်ဆင်ရေးကို အကန့်အသတ်နဲ့ အတိအကျ" လုပ်ခဲ့တာလို့ ပြောပါတယ်။
အပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှာ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ရှစ်ပေကို ရောက်နေလို့ မြို့ပေါ် နဲ့ အနီးအနားကရွာတွေရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့ရဲ့စိုးရိမ်ရေအမှတ်ဟာ ၁၇ ပေဖြစ်ပေမဲ့ အခုလက်ရှိ ရေအမြင့်ဟာ ၂၅ ပေ နဲ့ ၆ လက်မအထိ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု မြို့ပေါ် ပြည်သူ့ဆေးရုံကြီးနားကို ရောက်နေပါပြီ။ အနိမ့်ပိုင်းနေရာတွေ အားလုံးတော့ ရေမြုပ်နေပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မြို့တော်ခန်းမနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး မြို့ခံတွေဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို တိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။
တနင်္သာရီမြို့ပေါ် နဲ့ မြို့အနီးက ကျေးရွာ ၂၀ ကျော်က လူဦးရေထောင်နဲ့ချီဟာ ကုန်းမြင့်ပိုင်းက ရေဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတယ်လို့ ဒေသအခြေစိုက်သတင်းဌာန Dawei Watch က ရေးသားပါတယ်။
တနင်္သာရီမြစ်ရေဟာ ဩဂုတ်လ ၁၈ ရက်ကစလို့ မိုးများပြီး ရေတဖြည်းဖြည်းတက်လာခဲ့ရာကနေ ဒေသခံတွေ ရေဘေးတိမ်းရှောင်ရတဲ့အထိဖြစ်လာနေတာပါ။
မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းပိုင်းမှာလည်း မြစ်ရေတက်လာလို့ မော်တော်ယာဉ်တွေ သွားလာလို့ မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီ - ကော့သောင်းလမ်း၊ လယ်တောင်ယာရွာလမ်းမပေါ် မှာ ရေအမြင့် ၄ ပေခန့်ရောက်နေလို့ ကားလမ်းအသုံးပြုလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာ ရေးသားထားပါတယ်။
တနင်္သာရီ - မြိတ်လမ်း၊ အောင်ကြီးရွာလမ်းမနဲ့ ဥယျာဉ်ကွင်းရွာလမ်းမပေါ်တွေမှာလည်း ရေအမြင့် ၂ ပေခန့်အထိ တက်နေလို့ အဲဒီလမ်းပိုင်းကို မော်တော်ယာဉ်တွေ အသုံးပြုလို့မရတော့ဘူးလို့ ပြောပါတယ်။
ကယ်လီဖိုးနီးယားဇာတိ၊ ရှေးရိုးစွဲ ခရစ်ယာန်မိသားစုက မွေးဖွားလာတဲ့ နာတာလီ ဟာ့ပ် ဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းကနေ အိမ်ဖြူတော်ကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒေါ်နယ်လ် ထရမ့်က သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့သူလို့ ကျေးဇူးတင်စကားပြောဆိုခဲ့ရာကနေ လူသိများခဲ့သူပါ။
အဲဒီကနေဘယ်လို ထရမ့်ဘေးနားရောက်ခဲ့ပြီး အယုံကြည်ရဆုံးသူဖြစ်လာခဲ့လဲ ဆိုတာ ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
အာရှ နိုဘယ်ဆုလို့ တင်စားကြတဲ့ ဒီနှစ်အတွက် ရေမွန်မက် ဆေးဆေး ဆုရှင်တွေထဲ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ကို ပူးတွဲတည်ထောင်သူ ကိုဘိုကြည်လည်း ပါ၀င်လာပါတယ်။
ဒီဆုဟာ လူထုအကျိုးပြုလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် အလုပ်လုပ်နေသူတွေကို ၁၉၅၈ ခုနှစ်ကစတင်ပြီး ချီးမြင့်ပေးနေတဲ့ဆုဖြစ်ပါတယ်။
ကိုဘိုကြည်ဟာ ‘၈၈’ ကျောင်းသား မျိုးဆက်ဟောင်းတစ်ယောက်ဖြစ်ပြီး သူပူးတွဲတည်ထောင်တဲ့ AAPP အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို နိုင်ငံတကာက မမေ့လျော့သွားအောင် မှတ်တမ်းတင်တာတွေ၊ အသိပေး လှုံ့ဆော်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ ရေမွန်မက်ဆေးဆေး ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
ကိုဘိုကြည်ရဲ့တသက်တာ လုပ်ဆောင်ချက်တွေဟာ တာဝန်ယူမှုတာဝန်ခံမှု ရှိစေရေး၊ အမှန်တရားနဲ့ တရားမျှတအမှုအတွက် မယိမ်းယိုင်တဲ့ကြိုးစားအားထုတ်မှုကို ထင်ဟပ်တယ်လို့လည်း ရေမွန်မက်ဆေးဆေး ဖောင်ဒေးရှင်းက ကြေညာပါတယ်။
ကိုဘိုကြည်ကတော့ ဒီဆုရရှိခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ အခုလို ရေးသားထားပါတယ်။
“၂၀၂၆ ခုနှစ် ရဲ့ ရေမွန်မက်ဆေးဆေးဆုကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီဆုဟာ သံတိုင်တွေရဲ့ နောက်ကွယ်မှာ မားမားမတ်မတ် ရပ်တည်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းကြောင့်ဆိုတာထက် AAPP ရဲ့ ပူးတွဲတည်ထောင်သူ ကိုတိတ်နိုင်အပါအဝင် အဖွဲ့သားတွေအားလုံးကြောင့် ဒီဆုကိုရခဲ့တာပါ”
၂၀၂၆ ခုနှစ် ရေမွန်မက်ဆေးဆေး ဆုကို ကိုဘိုကြည်နဲ့အတူ ကုလမှာ နိုင်ငံတကာပင်လယ်ပြင်ဥပဒေ ပေါ်ပေါက်ရေးမှာပါဝင်ခဲ့တဲ့ စင်ကာပူ သံတမန်ဟောင်း တွန်မီ ကိုးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ၊ နွမ်းပါးသူတွေကို ကျန်းမာရေး၊ ပညာရေးအစောင့်အရှောက်တွေ ပေးတဲ့ Friendship တည်ထောင်သူ ရူနာခမ်းတို့ ဆွတ်ခူးခဲ့ကြတာပါ။
ကိုဘိုကြည်ဟာ အကျိုးပြုလုပ်ငန်းတွေအတွက် အသိအမှတ်ပြုခံရတဲ့ မြန်မာနွယ်ဖွား ရေမွန်မက်ဆေးဆေးဆုရှင် နောက်ထပ် တစ်ဦး ဖြစ်လာပါတယ်။
သူ့မတိုင်ခင်တုန်းကတော့ ဒီဆုကို နာရေးကူညီမှုအသင်းတည်ထောင်တဲ့ ဦးကျော်သူ၊ မြန်မာနောင်းသတင်းဌာန အယ်ဒီတာ ဦးဆွေ၀င်းနဲ့ ထိုင်း- မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းနဲ့ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာ စင်သီယာမောင်တို့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရရှိထားပါတယ်။
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ အမျိုးသားကို သေဒဏ် စီရင်လိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က သတင်းထုတ်ပါတယ်။
SSPP/SSA ဗဟိုဌာနချုပ် ဗဟိုဌာနချုပ် အထက်တရားရုံးကနေ အဲဒီအမျိုးသားကို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဩဂုတ် ၃၀ ရက်၊ နေ့လည် ၂ နာရီမှာ သေဒဏ်စီရင်ခဲ့တာလို့လည်း ဆိုပါတယ်။
SSPP ကတော့ တရားခံဟာ အသက် ၂၄ နှစ်ရှိသူ အမျိုးသားဖြစ်ပြီး သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာမှာ နေထိုင်သူလို့ ဆိုပါတယ်။
ကျူးလွန်ခံရသူဟာ အသက် ၁၄ နှစ်သာရှိသေးတဲ့ သူ့ရဲ့ညီမဝမ်းကွဲတော်စပ်သူဖြစ်တယ်လို့ SSPP ကပြောပါတယ်။
ပြစ်ဒဏ်စီရင်ခံရတဲ့အမျိုးသားဟာ ဇွန်လ ၁၄ ရက်က သူ့ရဲ့ညီမဝမ်းကွဲတော်စပ်သူကို အလုပ်ရှာပေးမယ်ဆိုပြီး သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးက ဌက်ပျောစိုက်ခင်းထဲ ခေါ်သွားပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာလို့ SSPP က ပြောပါတယ်။
SSPP ဟာ သူ့ထိန်းချုပ်နယ်မြေထဲမှာဖြစ်တဲ့ မုဒိမ်းမှုတွေအတွက် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်တာတွေ အရင်ကလည်း ရှိခဲ့ဖူးပေမယ့် သေဒဏ်စီရင်တဲ့အထိ ချမှတ်တာဟာ အခုနှစ်ပိုင်းတွေအတွင်း ပထမဆုံးအကြိမ်လို့ နားလည်ရပါတယ်။
၂၀၂၀ ခုနှစ်ကတော့ သီပေါမြို့နယ်မှာ အသက် ၆ နှစ်အရွယ်အမျိုးသမီးကို မုဒိမ်းပြုကျင့်ခဲ့သူလို့ဆိုသူ အမျိုးသားတစ်ဦးကို SSPP က သေနတ်နဲ့ပစ်ခတ်ပြီး သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။
နီပေါနဲ့ တိဗက်နယ်စပ်မှာ သြဂုတ်လ ၂၆ ရက်တုန်းက ဖြစ်ခဲ့တဲ့ ရုတ်တရက်ရေကြီးမှုမှာ ပျောက်ဆုံးသူ ၄,၂၄၇ ဦးအထိ မြင့်တက်လာပြီး သေဆုံးသူ အယောက် ၉၀၀ ကျော်အထိရှိလာပါတယ်။
ဒါဟာ တနင်္ဂနွေနေ့တုန်းက ပြောထားတဲ့ ပျောက်ဆုံးသူ ၂,၅၀၂ ဦးကနေ ပျောက်ဆုံးသူ နောက်ထပ်အယောက် ထောင်ချီ မြင့်တက်သွားတာဖြစ်ပါတယ်။
အဲဒီပျောက်ဆုံးသူတွေထဲက ၃,၆၅၅ ဦးဟာ နီပေါနိုင်ငံသားတွေဖြစ်ပြီး နောက်ထပ် ၅၉၂ ဦးကတော့ ဘယ်သူဘယ်၀ါတွေဖြစ်တယ်ဆိုတာ အမည်မဖော်နိုင်သေးပါဘူး။
တစ်ဖက်နယ်စပ် တရုတ်ထိန်းချုပ်တဲ့ တိဗက်ဘက်ခြမ်းမှာတော့ ရေဘေးမှာ သေဆုံးသူ ၁၆ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၅၄၆ ဦးရှိတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နီပေါဘက်ခြမ်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက လူရာချီဟာ ရေကြီးချိန် ရွှံ့နွံတွေကြောင့် ပိတ်မိသွားတဲ့ နီပေါ ရေအားလျှပ်စစ်ဆောက်လုပ်ရေးလုပ်ငန်းခွင် ဥမင်လိုဏ်ခေါင်းတွေထဲက လုပ်သားတွေလို့ နားလည်ရပါတယ်။
ပျောက်ဆုံးသူ ၄,၂၀၀ ကျော်ထဲ
- ၃,၆၅၅ ဦး (နီပေါနိုင်ငံသား)
- ၅၉၂ ဦး (နိုင်ငံခြားသား) ဖြစ်ပါတယ်။
အဲဒီပျောက်ဆုံးသူတွေထဲ
- ၉၃၃ ဦးက ရေအားလျှပ်စစ်ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်သားတွေဖြစ်ပြီး
- ၁၀၂ ဦးက နီပေါ စစ်သား၊ ရဲနဲ့ နယ်စပ်အကောက်ခွန်အရာရှိတွေဖြစ်ကြပါတယ်။
ဦးမင်းအောင်လှိုင်အစိုးရရဲ့ပြည်ထဲရေးဝန်ကြီးဌာနအောက်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)ကနေ ပြည်ပလုပ်သားစေလွှတ်တဲ့အေဂျင်စီ ၈ ခုရဲ့ခေါင်းဆောင်ပိုင်းတွေကို နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ လုပ်သားပို့တဲ့အေဂျင်စီ အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ပြန်လွှဲရေးလုပ်ဖို့ နေပြည်တော်အလုပ်သမား၀န်ကြီးဌာနက အေဂျင်စီတွေကို ဖိအားပေးတာတွေ လုပ်နေချိန်လည်းဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)နဲ့ ထိုင်းကော်မတီခေါင်းဆောင်အပြင် အေဂျင်စီ ၈ ခုကိုပါ စသုံးလုံးက သြဂုတ်လတတိယပတ်မှာ ခေါ်ယူစစ်မေးခဲ့တာလို့ အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“တစ်ယောက်တစ်ခန်းစီ ခွဲပြီး စစ်တာ၊ နေပြည်တော်မှာ ၃ ညအိပ် ၄ ရက်လောက် ကြာတယ်” လို့ သူက ဆိုပါတယ်။
အကြောင်းရင်းကတော့ ပြည်ပကိုပို့ထားတဲ့ မြန်မာလုပ်သားအရေအတွက်အလိုက် သူတို့ရဲ့လစာငွေ လွှဲ မလွှဲ၊ လစာငွေ ပမာဏတွေအပြင် အခွန်ဆောင်တဲ့ကိစ္စတွေကို စစ်ဆေးမေးမြန်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။
“အလုပ်သမားတွေကရော လွှဲလား၊ လွှဲရင် အေဂျင်စီက ဘာလို့ မသိရတာလဲ၊ အဓိက ကတော့ လုပ်ခ ၂၅ ရာခိုင်နှုန်းကို အေဂျင်စီဘက်က ဘာလို့တောင်းမရလဲ ... အဲဒါတွေပေါ့” လို့ သူက ရှင်းပြပါတယ်။
စစ်ဆေးခံရတဲ့အေဂျင်စီ ၈ ခုကိုတော့ နေပြည်တော်ရဲ့အလုပ်သမားဝန်ကြီးဌာနကနေ စိစစ် ရွေးချယ်ပြီးမှ စသုံးလုံးဆီ စေလွှတ်ခဲ့တာလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်က ပြည်ပရောက် မြန်မာတွေရဲ့လုပ်ခလွှဲပို့ငွေ အချက်အလက်တွေ တိကျအောင်လုပ်ဖို့ ဗဟိုဘဏ်နဲ့ ပူးပေါင်းပြီး ညှိနှိုင်းအစည်းအဝေးတွေ လုပ်နေတယ်လို့ သတင်းထုတ်ထားပါတယ်။
ရန်ကုန်မြို့မှာ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ကျပ်ငွေ ၁၂၀ ကနေ ၁၇၀ ကြားအထိ စျေးတက်လာတယ်လို့ စက်သုံးဆီ၀ယ်ယူခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ရန်ကုန်မြို့မှာ 92 Ron တစ်လီတာကို ၃,၅၇၅ ကျပ် ပေးဝယ်ခဲ့ရာကနေ အခုဆို 92 Ron တစ်လီတာကို ၃,၇၁၀ ကျပ် ပေးဝယ်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
95 Ron အမျိုးအစားကလည်း ပြီးခဲ့တဲ့ အပတ်က ၃,၆၉၀ ကျပ်ရှိခဲ့ပြီး အခုတော့ တစ်လီတာကို ၃,၈၁၅ ကျပ် ပေးဝယ်နေရပါတယ်။ မြန်မာကျပ်ငွေ ၁၂၅ ကျပ်လောက် တက်လာတာပါ။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ပြီးခဲ့တဲ့ သောကြာနေ့ စျေးနှုန်းသတ်မှတ်ချက်အရဆိုရင်လည်း စက်သုံးဆီစျေးတွေ တက်လာတာပါ။
ဒီကော်မတီဟာ အရှေ့တောင်အာရှက တခြားနိုင်ငံတွေလိုပဲ စင်ကာပူအခြေစိုက် ရေနံကုန်ချောထုတ်ကုန်တွေရဲ့ ပျမ်းမျှအညွှန်းကိန်းစျေး Mean of Platts Singapore (MOPS) ကို အဓိက အခြေတည်ပြီး စျေးအပြောင်းအလဲ သတ်မှတ်တာဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ ဒီဇယ်ဈေးကလည်း ပြီးခဲ့တဲ့ အပတ်က ၄,၀၇၀ ကျပ် ရှိရာကနေ ၄,၂၄၀ ကျပ်ကို တက်လာပါတယ်။ ဒါဟာ အရင်အပတ်ကထက် ၁၇၀ ကျပ်တက်လာတာ ဖြစ်ပါတယ်။
နေပြည်တော် ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စက်တင်ဘာလကစပြီး ပြည်ပကနေမှာယူတဲ့စက်သုံးဆီနေရာမှာ သန်လျင်ရေနံချက်စက်ရုံက ထွက်တဲ့စက်သုံးဆီတွေ အသုံးပြုသွားဖို့ ညွှန်ကြားထားပါတယ်။
ဒီလိုပြောဆိုမှုအပြီးမှာ ပြည်ပတင်သွင်းနေတဲ့ စက်သုံးဆီဈေးတွေ တဖြည်းဖြည်းတက်လာခဲ့တာဖြစ်ပါတယ်။
နေပြည်တော်ကတော့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီစျေးနဲ့အတူ မြန်မာ့လောင်စာဆီအခြေအနေလည်း ဆိုးရွားလာတာကို ဖြေရှင်းဖို့ ယာဉ်နံပါတ်တွေကို ခွဲခြားပြီး နေ့ အလိုက် မောင်းနှင်စေတာ၊ ယာဉ်တွေကို ကျူအာကုတ်ထုတ်ပြီး စက်သုံးဆီရောင်းချတာတွေ လုပ်နေပါတယ်။
အခုနောက်ဆုံး စက်သုံးဆီ အလေအလွင့်မရှိအောင်လို့ဆိုပြီး ဆီတင်ကားတွေကို စောင့်ကြည့်တဲ့စနစ်ကိုလည်း သုံးနေပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်(PDF)တွေကို လစဉ်ထောက်ပံ့ကြေးထည့်၀င်နေရာကနေ နားသွားသူ ၅ သောင်းကျော်အထိရှိတယ်လို့ People Revolution Support Family (PRF) က သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း PRF ထောက်ပို့တပ်သား လို့ခေါ်တဲ့ လစဉ်ထောက်ပံ့ကြေး ထည့်၀င်သူ ၅ သောင်းခွဲနီးပါးလောက် တာဝန်ကနေ အနားယူခဲ့တယ်လို့ PRF ဘက်က ဩဂုတ်လ ၂၉ ရက်က ကြေညာတာဖြစ်ပါတယ်။
PRF ကတော့ ထောက်ပို့တပ်သားတွေဟာ ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အများစုဖြစ်ပြီး အခုလို ၂ လအတွင်းမှာ ရဲဘော် ငါးသောင်းကျော် အနားယူခဲ့တာ ဘာ့ကြောင့်လဲဆိုတာတော့ ထုတ်မပြောထားပါဘူး။
“PRF က NUG ကာကွယ်ရေး(MOD)ကို တိုက်ရိုက်ရောက်တာဆိုတော့ ဒါက သက်ရောက်မှု ရှိတယ်။ ၂ လ အတွင်း မှာ ငါးသောင်းကျော်ဆိုတဲ့ ပမာဏက တော်တော်ကို များလွန်းပါတယ်။ ဘာကြောင့် ဒီလောက်များတဲ့ပမာဏ ဖြစ်ခဲ့လဲဆိုတာတော့ မပြောတတ်ဘူး။ တော်လှန်ရေးအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုကျသွားလားဆိုတာတော့ မေးစရာရှိတယ်” လို့ ထိုင်း-မြန်မာနယ်စပ်က သတင်းစာဆရာတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ဟာ မဟာဗျူဟာထိုးစစ်ကို တက်လှမ်းဖို့ ကြိုးစားနေတာကြောင့် အနားယူထားတဲ့ ထောက်ပို့ရဲဘော်တွေ ပြန်လာကြဖို့ PRF က ဖိတ်ခေါ်ပါတယ်။
PRF ကတော့ လစဉ် ပျမ်းမျှတပ်သားဦးရေ ၁၈,၀၀၀ ကျော်ရှိပြီး လစဉ်ထောက်ပံ့ကြေးက အမေရိကန်ဒေါ်လာ ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း PRF ရဲ့ လစဉ်ပျမ်းမျှတပ်သားဦးရေ ၃ သောင်းကျော် ရှိရာကနေ အခုဆို ၁၈,၀၀၀ ကျော်အထိ လျော့ကျသွားခဲ့တယ်လို့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေသူတွေဆီကနေ သိရပါတယ်။
PRF ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စတင်ဖွဲ့စည်းချိန်ကစလို့ အခုအချိန်အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် ၃၈ ကြိမ် အထိ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
နီပေါနိုင်ငံမှာ ရေကြီးမှုကြောင့် ရွှံ့နွံတွေနဲ့ပိတ်မိနေတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းခွင် ဥမင်လိုဏ်ခေါင်းတွေထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားရာချီကို ကယ်ထုတ်နိုင်ဖို့ လုပ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပိတ်မိနေသူတွေကို ကယ်ထုတ်တဲ့လုပ်ငန်းတွေထဲမှာ တရုတ်နဲ့ အိန္ဒိယက ကျွမ်းကျင်သူတွေလည်း ပါ၀င်ပါတယ်။
ကယ်ဆယ်ရေးမှာပါ၀င်သူတွေဟာ လိုဏ်ထဲမှာ ပိတ်မိနေသူတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းနေပေမဲ့ အထဲက တုံ့ပြန်မှုတစုံတရာ မရခဲ့သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
နီပေါမှာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့တုန်းက ရုတ်တရက်ရေကြီးမှုမှာ ပျောက်ဆုံးနေတယ်လို့ စာရင်းပေးထားသူ ၂၅၀၀ ထဲက ရာနဲ့ချီတဲ့လူတွေဟာ နီပေါရဲ့ရေအားလျှပ်စစ်လုပ်ငန်းခွင်က လုပ်သားတွေလို့ နားလည်ရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၆ ရက်)တုန်းက ဖြစ်ခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ လူပေါင်း ၇၉၄ ဦး ထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၂၅၀၀ ကျော်ရှိတယ်လို့ နီပေါ အာဏာပိုင်တွေက ပြောပါတယ်။
ရုတ်တရက် ရေကြီးမှုဟာ နီပေါနဲ့ တိဗက်နယ်စပ်မှာဖြစ်ခဲ့တာကြောင့် တရုတ် ထိန်းချုပ် တိဗက်မှာတော့ သေဆုံးသူ ၁၆ ဦးရှိပြီး ပျောက်ဆုံးနေတယ်လို့ စာရင်းထွက်သူ ၅၄၆ ဦးရှိတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဘီဘီစီရဲ့တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်ကတော့ တရုတ်ဘက်က ကယ်ဆယ်ရေးသမားတွေဟာ ရေဘေးမှာ အသက်ရှင်ကျန်ရစ်သူကို မနေ့က အထိ ရှာမတွေ့သေးဘူးလို့ ပြောပါတယ်။
ကချင်ပြည်နယ်ထဲ ရွှေကူကနေ ဗန်းမော်ကို တက်ဖို့ကြိုးပမ်းတဲ့စစ်တပ်ရေယာဉ်တွေကို တိုက်ခိုက်တာနဲ့ ကုန်းလမ်းမှာ စစ်တပ်စခန်း တိုက်ခိုက်ခံရတာတွေကြောင့် စစ်တပ်ဟာ ရွှေကူမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း ဗုံးကြဲခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။
ရွှေကူမြို့နယ်၊ ဇင်းဘုံရွာက စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာ ဒီကနေ့ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
မနေ့က ရွှေကူမြို့ နဲ့ မိုင် ၂၀ ဝန်းကျင်အကွာမှာ ရှိတဲ့ ဇင်းဘုံရွာက စစ်တပ်ရဲ့ ဗျူဟာကုန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းခဲ့တာပါ။
“ဒီကနေ့မနက်ပိုင်းက ရွှေကူမြို့နယ်မှာ စစ်တပ်က ဗုံးလာကြဲသွားတယ်။ အဓိကကတော့ ဗန်းမော်ဘက်ကို တက်ချင်တဲ့ပုံစံနဲ့ ဗုံးလာကြဲသွားတာပါ။ ဒီနေ့လည်း တိုက်ပွဲတော့ ဆက်ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရွှေကူမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲက နေရာတချို့မှာတော့ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားပါတယ်။
စစ်တပ်ဟာ လက်ရှိ ရွှေကူကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်ဖို့ ကြိုးစားနေတာပါ။
ဇင်းဘုံရွာဟာ ရွှေကူနဲ့ ဗန်းမော်မြို့ ကြားမှာရှိနေလို့ စစ်ရေးအရအရေးပါတဲ့နေရာပါ။
ဒီရွာမှာရှိတဲ့ ဗျူဟာကုန်းစခန်းဟာ ဧရာဝတီမြစ်ကြောင်းက တက်လာတဲ့ စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးယူပေးတဲ့နေရာလည်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီရွာက ဗျူဟာကုန်းကို KIA က သိမ်းပိုက်ပြီးတဲ့နောက် ရွှေကူဘက်က တက်လာတဲ့ စစ်တပ် ရေယာဉ် နှစ်စင်းဟာ ဇင်းဘုံရွာကို မရောက်ခင်မှာ ပြန်ဆုတ်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ကို ဦးတည်ပြီး ဧရာဝတီမြစ်ကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်တွေကို တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်အချို့က အစောပိုင်းကတည်းက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်ကဆိုလည်း ရွှေကူဘက်ကနေ တက်လာတဲ့ သင်္ဘောနှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး တစ်စင်းက ပျက်စီးခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီမတိုင်ခင်ကလည်း ကသာဘက်ကနေ ရွှေကူကို တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်တစ်စင်းကို လည်း KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်တပ်ဘက်ကတော့ ဒီသင်္ဘောနှစ်စင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မင်္ဂလာပါ။ ဩဂုတ် ၃၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။